သရုပ်ဆောင်မိုးအောင်ရင် နှင့် သူငယ်ချင်းနှစ်ဦး မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းခံရ


သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသည်မှာ ဟုတ်မှန်ကြောင်း ပုဇွန်တောင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက က သြဂုတ် ၂၉ ရက်တွင်  အတည်ပြုပြောသည်။


“ရုပ်ရှင်မင်းသား သရုပ်ဆောင်ကို မူးယစ်မှုနဲ့တော့ ဖမ်းထားတယ်။ သေသေချာချာ ဂဃနဏ သိချင်ရင်တော့ အမှုစစ်နဲ့တွေ့ပြီး မေးတာပိုကောင်းမယ်။ အမှုဖွင့်ထားတဲ့ပုဒ်မက ၆/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၆ (ဂ) နဲ့ အမှုဖွင့်ထားတာပါ” ဟု တာဝန်ကျရဲအရာရှိက ပြောသည်။

မိုးအောင်ရင် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဖခင်ဖြစ်သူ အဆိုတော် အောင်ရင်က ၎င်း၏ လူမှုကွန်ရက် ကိုယ်ပိုင်စာမျက်နှာတွင် ၎င်း၏ သားဖြစ်သူ မိုးအောင်ရင်သည် မူးယစ်ဆေးသုံးစွဲမှုဖြင့် အဖမ်းခံရကြောင်း ရေးသားထားသည်။

“အားလုံးကို ဝမ်းနည်းစွာနဲ့ အသိပေးချင်ပါတယ်။ ကျွန်တော် မကြုံချင်တဲ့ နေ့ကို မနေ့ညက စိတ်မကောင်းကြီးစွာနဲ့ ဖြတ်ကျော်ခဲ့ရပါတယ်။ ကျွန်တော့်သားနဲ့ သူ့သူငယ်ချင်းကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ မနေ့ညက အဖမ်းခံရကြောင်း သိရပါတယ်။ ကျွန်တော်ရဲ့ ဆုံးမသွန်သင်မှု အင်မတန် ညံ့ဖျင်းခဲ့လို့ ထင်ပါတယ်။ မိဘတိုင်း ဒီလို သောကမျိုးတွေ ကင်းဝေကြပါစေ” ဟု အဆိုတော်အောင်ရင်က ၎င်း၏ လူမှုကွန်ရက် ကိုယ်ပိုင်စာမျက်နှာတွင် သြဂုတ် ၂၉ ရက် နေ့လယ်ပိုင်းက ရေးသားခဲ့ပြီး ခဏအကြာအတွင် ပြန်ဖျက်သွားခဲ့သည်။

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ် (၂) ရပ်ကွက် နေကြာ/သာယာကုန်းလမ်းရှိ ခြောက်လွှာတိုက်ခန်း တစ်ခုတွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး တာမွေရှိမိုးအောင်ရင်၏ နေအိမ်တွင်လည်း မူးယစ်ဆေးဝါးနှင့်အတူ ၎င်း၏ သူငယ်ချင်း နှစ်ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မိုးအောင်ရင်ကို လိုက်လံ ရှာဖွေပြီး စစ်ဆေးခဲ့ရာတွင် ၎င်းလွယ်ထားသည့် လယ်သာအိတ်အတွင်းမှ ICE ဟုယူဆရသည့် မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဇော်မင်းထွန်း

Photo – အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့

မြတ်ဘုရားကို ဘယ်သူလိမ်


ဘုရားကို ဘယ်သူလိမ်ခဲ့သနည်း။ 

လိမ်တာတော့ မဟုတ်ဘူးပေါ့လေ။ 

ဘုရားထဲကို ကော်ပိုက်လေး ထည့်ခဲ့ရုံလေးပါ။ 

အဲ့လို ဘုရားမှာ ကောက်ပိုက်ထည့်တဲ့ အထဲမှာ စိုပြေလည်း ပါသပေါ့။ ဒါကလည်း အကြောင်းရှိပါတယ်။ 
တကယ်ပါ။ စိုပြေလည်း ပုဂံက ဘုရားတွေထဲ ကော်ပိုက်ထည့်ခဲ့တာပေါ့။ 

ဟိုးရှေးရှေး ပေါက္ကံပြည်ကြီး စည်ကားခဲ့တုန်းကတော့မဟုတ်ပါဘူး။ 

အဲ့တုန်းက ကော်ပိုက်ပေါ် နေပြီလား။ မပေါ်သေးဘူးလား။ ပေါ်ရင်လည်း ဘယ်စက်ရုံက ထုတ်တာလဲ။ 

ဒါမှမဟုတ်….။ အဲ့တုန်းက တရုတ်ပြည်နဲ့ ကူးလူးဆက်ဆံနေပြီဆိုတော့ တရုတ်ကများ တင်သွင်းသလား။ 
ကုလားပြည်နဲ့လည်း အသွားအလာရှိလေတော့ အိန္ဒိယပိုက်များလား။ 

တကယ်တော့ ပိုက်တွေဟာ တကယ့် တန်ဖိုးပဲ။ သေချာ သုတေသနလုပ်ရမှာ။ 

ပုဂံပြည်မှာသာ ထုတ်ခဲ့ရင်တော့ ရှယ်ပဲ။ 

မဟုတ်ဘူးလို့လည်း မပြောနိုင်ဘူး။ ထုတ်ချင်ထုတ်ခဲ့မှာ။ 
အဲ့ခေတ်က မုဆိုးမတောင် ဘုရားတည်နိုင်တဲ့ခေတ်။ ပုဂံပြည်ကြီး စည်ကားပြီး စီးပွားရေးတွေ ကောင်း။ 

ရှင်အဇ္ဇဂေါန ဆိုလား။ အဂ္ဂိရတ်ထိုးတာ အောင်မြင်တော့ ရွှေတွေ တော်တော်ရတယ်ဆိုပဲ။ 

အဲ့ရွှေတွေနဲ့ ပုဂံပြည်သူပြည်သားတွေ ကြီးပွားတိုးတတ်ခဲ့တာတဲ့။ 

ဒါပေမဲ့ အဲ့ရွှေတွေကို ဘယ်သူက ၀ယ်မှာလဲ။ 

နိုင်ငံခြားကိုများကို အိတ်စပို့လုပ်သလား။ ဒါကလည်း မဖြစ်နိုင်လောက်ပါဘူး။ 
လူတိုင်း ရွှေလုပ်တတ်နေရင် ကမ္ဘာပေါ်မှာ ရွှေတွေနဲ့ပြည့်မယ်။ 

ရွှေတွေ ဈေးကျ။ ဈေးကွက်ပျက်။ အခုခေတ်ရွှေသမားတွေလို ဘောင်ချာနဲ့လုပ်စားလို့လည်း မဖြစ်။ 

လူတိုင်း ရွှေလုပ်နေတော့ ဘယ်သူမှ စပါးမစိုက်။ ငါးမရှာ။ ဖားမရိုက်။ သားတွေလည်း သတ်တော့မှာမဟုတ်။ အဲ့တော့ ငတ်ပြတ်သေကုန်မှာပေါ့။ 

ဒီကိစ္စဟာ မဖြစ်နိုင်လောက်ဘူး။ 
ဖြစ်ခြင်းဖြစ် ကော်ပိုက်တွေ ထုတ်ရောင်းနေတာပဲဖြစ်ရမယ်။ ရေနံတွင်းတွေနဲ့ နီးတော့ ကုန်ကြမ်းလည်း ရမယ်။ 

ရွှေက အသုံးမ၀င်ဘူး။ ကော်ပိုက်ဆိုတာ အသုံးဝင်တယ်လေ။ လူတိုင်း အိမ်တိုင်း မရှိမဖြစ်။ အခုပဲကြည့် ကော်ပိုက်မရှိတဲ့ အိမ်ဘယ်အိမ်ရှိသလဲလို့။ 

တောက အိမ်တွေတောင် ကော်ပိုက်တွေရှိတယ်။ 

ဒီလိုနဲ့ ကော်ပိုက်တွေ ထုတ်။ ကမ္ဘာ့အနှံ့ကို တင်ပို့။ ပုဂံပြည်ကြီး စီးပွားဖြစ်။ 

ဒါပေမဲ့ အဲ့ခေတ်က ငွေကြေးစနစ် မရှိသေးတော့ ကော်ပိုက်ကို ဘာနဲ့ ၀ယ်မလဲ။ 

ဟုတ်ပြီး။ အုတ်ခဲ။ အုတ်ခဲတွေနဲ့ ကော်ပိုက်ကို လဲလှယ်တာပဲဖြစ်မယ်။ 

ဒါမှမဟုတ် အုတ်တွေက ပိုက်ဆံများလား။ အဲ့အုတ်တွေများလာတော့ အုတ်တွေကို ဘုရားတည်။ 

ဘုရားတည်နိုင်အောင် အကျိုးပြုတဲ့ ကော်ပိုက်ကို အမှတ်တရအနေနဲ့ ဘုရားအလည်တည့်တည့်မှာ ထည့်ပြီး ပူဇော်။ 
ဘယ်လောက်ကောင်းသလဲ။ ရှယ်ပဲ။ 

ဒါပေမဲ့ မဟုတ်ပါဘူး။ 

တကယ်တော့ ကော်ပိုက်မပြောနဲ့ 

ကော်ပိုက်လုပ်တဲ့ ပလတ်စတစ်ပိုနာလီမာ ဆိုတဲ့ ပစ္စည်းကိုတောင် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်ကမှ တီထွင်နိုင်တာဆိုလား။ 

အဲ့တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာကျော်ကတည်တဲ့ ပုဂံက ဘုရားတွေမှာ ကော်ပိုက်ထည့်တာဟာ အင်ထုတာပဲ။ 

ဒီလို အင်ထုတာကလည်း အခု သြဂုတ် ၂၄ ရက်က လှုပ်တဲ့ ငလျင်ကျမှ ပေါ်မှာ။ 

အရင်ကတည်းကသာ ထည့်ခဲ့မယ်ဆိုရင် ၁၉၇၅ မှာလှုပ်တဲ့ ငလျင် ထဲက ပေါ်လာရမှာမဟုတ်လား။ 
ထားပါတော့လေ။ 

အဲ့ဒီ ဘုရားတွေထဲကို ကော်ပိုက်ထည့်တဲ့ အထဲ စိုပြေလည်း ပါသပေါ့။ 

စိုပြေတင်မဟုတ်။ စိုပြေ့ သူငယ်ချင်းတွေလည်း ပါသဗျ။ 

အခုသူငယ်ချင်းတွေတော့မဟုတ်ပါဘူး။ 

ငယ်ငယ်တုန်းက ကျောင်းအတူတူတတ်ခဲ့တဲ့ သူငယ်ချင်းတွေ။ 
အဓိက တရားခံကတော့ ကျောင်းအုပ်ဆရာမကြီးပေါ့။ 

သူက စိုပြေတို့ကိုပြောတယ်လေ။ ကမ္ဘာမကြေဆိုပြီးအချိန်မှာပြောတာပေါ့။ 

ဆရာမကြီးကပြောတယ်။ “ပုဂံမှာ ဘုရားတွေအပျက်တွေများကြီး” တဲ့။ 

“အဲ့ဘုရားတွေကို ပြင်တာဟာ တကယ့် ကုသိုလ်ကောင်းမှု” ဆိုပဲ။ 

“မင်းတို့ရော ကုသိုလ်မယူချင်ဘူးလား” တဲ့။ 
စိုပြေတို့ကလည်း “ယူချင်တာပေါ့” လို့ ဖြေရတာပေါ့။ 

စိုပြေလည်း ရင်ကို ခုန်သွားတာပဲ။ ပုဂံကို ရောက်ဖူးတော့မယ်။ 

ဘုရားတွေကို ဖူးရတော့မယ်။ ပြင်ရတော့မယ်ဆိုပြီးတော့ပေါ့။ 

ဆရာမကြီးက ဆက်ပြောတယ်။ 
အဲ့လို “ကုသိုလ်ယူရင်လည်း တရက်ကို နှစ်ရာထည့်” တဲ့။ 

ပုဂံက ဘုရားအမှတ် ၃၆၂ ဆိုလား…..။ ၃၀၀ ကျော်တော့ ၃၀၀ ကျော်ပဲ။ အဲ့ဒါကို စိုပြေတို့ကျောင်းက ပြုပြင်ခွင့်ရသတဲ့လေ။ 
အဲ့လိုနဲ့ စိုပြေတို့လည်း ပိုက်ဆံတွေထည့်ပြီး ပုဂံက ဘုရားကို ပြင်ခဲ့တာပေါ့။ 

မြင်လည်း မမြင်ရပါဘူး။ ဒါပေမဲ့ နောက်နှစ်ကျတော့ ပြင်လို့ ပြီးသွားပြီလို့ ဆရာမကြီးက ပြောလေရဲ့။ 

ရေစက်သွားချမလို့ စရိတ်တတ်နိုင်ရင် လိုက်ခဲ့တဲ့။ စိုပြေလည်း စရိတ်မတတ်နိုင်တာနဲ့ လိုက်မသွားရပါဘူး။ 

ဘုရားပြင်တဲ့ အထဲမှာ စိုပြေ့ ပိုက်ဆံလေးတွေလည်း ပါတော့ ကုသိုလ်ရမှာပေါ့။ 
အခုမှ စဉ်းစားမိတာက စိုပြေတို့ ခွဲတမ်းရတဲ့ ဘုရားကို ပြင်တာ ကြီးကြပ်သူလည်း မရှိ။ ဆရာမကြီးကလည်း လိုက်သွားနိုင်တာမဟုတ်။ အဲ့တော့ ပန်းရံသမားကိုပဲ ပိုက်ဆံပုံပေးလိုက်တယ်ထင်ရဲ့။ 

ဒီတော့ ပန်းရံကလည်းအဆင်ပြေလွယ်ကူ ပေါ့ပါးတာရှည်ခံတဲ့ ကော်ပိုက်လေး သုံးရင်သုံးခဲ့မှာပေါ့။ တရုတ်ပိုက်တောင်ဖြစ်ချင်ဖြစ်မှာ။ 
အခုငလျင်ကလည်း တမျိုး။ ဘုရားတွေ ပြိုတာတောင် နောက်မှ ပြင်တဲ့နေရာတွေပဲ ပြိုသတဲ့လေ။ 

စိုပြေတို့ရဲ့ ကုသိုလ်လေးတွေတော့ ကုန်ပါပြီ။ 

အခွင့်ရှိသေးရင်တော့ စိုပြေလည်း ဘုရားထဲကို ကော်ပိုက်စိုက်ချင်ပါရဲ့……..။ ကုသိုလ်ရမှာကိုးးးးး။ 
စိုပြေ 

“နွားစာမြက်ရိတ်စဉ် မိုးကြိုးပစ်၍ အမျိုးသမီးတစ်ဦး သေဆုံး” 


မန်စီမြို့နယ် စီခန်းကြီးရွာ လယ်ကွင်းပြင်အတွင်း နွားစာမြက်ရိတ်နေသည့် အမျိုးသမီးတစ်ဦး ယနေ့ (သြဂုတ်လ ၂၇ ရက်) နံနက်က မိုးကြိုးပစ်ခံရကာ

သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့နံနက် ၉ နာရီခန့်က မိုးကြိုးပစ်ခံရခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ယခုရက်ပိုင်း ရာသီဥတုအခြေအနေအရ

လေထုမတည်မငြိမ်ဖြစ်နေကာ မြန်မာနိုင်ငံဒေသအများစု၌ လေပြင်းကျခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ ဖြစ်စေတတ်သော မိုးတိမ်တောင်အန္တရာယ် သတိပြုရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။ 

ဓာတ်ပုံ ရွှေဝင့်ဝါ(KMK)

အသက်(၂၀)လူငယ်တစ်ဦး ရထားပေါ်က ပြုတ်ကျ သေဆုံး 

သြဂုတ်လ(၂၇)ရက်နေ့ နံနက်(၈)နာရီခန့်က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှာ မီးရထားတစ်စင်းပေါ်က လူတစ်ဦးပြုတ်ကျ သေဆုံးခဲ့ပါတယ် ။ ဈေးဟောင်းရပ်အနီးမှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီအမှုမှာ သေဆုံးခဲ့သူက မောင်နိုင်လင်းအောင် ဆိုသူဖြစ်ပြီး ၊ အသက်(၂၀) ဖြစ်တယ်လို့ သိရပါတယ် ။ မော်လမြိုင် အမြန်ရထားအားစီးနင်းလာသူဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိချက်တွေ အရ သိရပါတယ် ။ ဖြစ်ရိုးဖြစ်စဉ် နဲ့ သေဆုံးတာ ဟုတ်မဟုတ်ကို တော့ အသေးစိပ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ် ။ 
သတင်းထောက် …….ဖြိုးကိုလင်း (ညောင်ဝိုင်း)

ဒိထက် နှမြောစရာ မရှိတော့ပါ

ဇူလိုင် ၈ ရက်ကလှုပ်တဲ့ ငလျင်ကြောင့် ပုဂံကစေတီပုထိုးတွေ အများကြီး ပျက်စီးကုန်တယ်လို့ အဲဒီနေ့ကပဲ သတင်းစာတိုက်ကတဆင့် သတင်းကြားရတော့ ‘ဘုရား ဘုရား ဘယ်လောက်များ ပျက်စီးကုန်ပါလိမ့်မတုံး’လို့ မမှန်းဆတတ်ဘဲနဲ့ ထိတ်လန့်တကြား နှမြောနေမိတယ်။ 

နောက်ရက်တွေမှာ သတင်းတွေဓာတ်ပုံတွေပါလာပြန်တော့ မကြည့်ဝံ့ဝံ့ ကြည့်ဝံ့ဝံ့နဲ့ကြည့်ရင်း ဖတ်ရင်း ယူကျုံးမရ နှမြောတသရပြန်တယ်။ 

ပုဂံဟာ ကျွန်မတို့ တမျိုးသားလုံးဂုဏ်ယူရတဲ့ အမျိုးသားအမွေအနှစ် ဘုရားပုထိုး၊ ဂူ၊ ကျောင်းဇရပ်တွေ မဟုတ်လား။ မင်းတို့ဗမာဆိုတာ ဘယ်လိုလူစားတွေလဲကွလို့ မေးလာရင် လွန်ခဲ့တဲ့ အနှစ် ၈၀၀၊ ၉၀၀ က ဒီလက်ရာတွေ၊ ဒီပစ္စည်းတွေကိုပြပြီး ဒို့ဟာ ဒီလို ယဉ်ကျေးမှုတွေရှိခဲ့တဲ့ လူမျိုးကွလို့ ဖြေစရာမလို၊ လက်ညှိုးညွှန်ရုံနဲ့ လူမျိုးဂုဏ်ကို ဖော်နေတဲ့ ပုဂံမဟုတ်လား၊ ပုဂံဟာ ဗမာ့တံခွန်၊ ပုဂံဟာ ဗမာ့ဥသျှောင်ပါပဲ။ 

ခုတော့ ဒီပုဂံမှာ ငလျင်လှုပ်လို့တဲ့။ စေတီပုထိုး ရာခိုင်နှုန်း ၈၀၊ ၉၀ ပျက်ကုန်ပါသတဲ့။ အပျက်အစီး စာရင်း ထဲမှာလဲ ကျွန်မတို့ ဘုရားဖူးတတွေ ဥဒဟို သွားကြဖူးကြတဲ့ ကန်တော့ပလ္လင်၊ မနူဟာ၊ ထီးလိုမင်းလို၊ လောကနန္ဒာ၊ အာနန္ဒာ၊ သဗ္ဗညု၊ မြစေတီ၊ မြင်းကပါ၊ ဂူပြောက်ကြီး၊ အပယ်ရတနာ၊ နဂါးရုံ၊ စူဠာမုနိ၊ မဟာဗောဓိ၊ ဗူးဘုရား၊ ရွှေစည်းခုံဆိုတဲ့ အထိကရ ဘုရားကြီးတွေ အားလုံးပါနေတာပဲကိုး။ ဒီလိုဆိုရင်ဖြင့် ကုန်ပါရော့လား။ အကောင်းကျန်တာ မရှိသလောက်ဘဲပေါ့။

ဒီစေတီပုထိုးတွေဟာ အမျိုးသားယဉ်ကျေးမှုရဲ့ မှတ်တိုင်ကြီးတွေ၊ တကယ့်အမျိုးသားအမွေအနှစ်တွေပါ။အရှေ့တောင်အာရှမှာ ကမ္ဘောဒီးယားက အန်ကောဝတ်၊ အင်ဒိုနီးရှားက ဘောရိုးဘူးဒူးနဲ့ ဗမာနိုင်ငံက ပုဂံဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုရဲ့ အကြီးမားဆုံး မှတ်တိုင်ကြီးတွေ၊ လကမ္ဘာသွားတဲ့ လူသားက ရင်သပ်ရှုမော အံ့သြ ရတဲ့ အဆောက်အအုံကြီးတွေပါ။ 

ကျွန်မတို့ ဗမာပြည်မှာ မြေငလျင်ကြီးတွေ လှုပ်ဖူးပါတယ်။ မလှုပ်တာ မဟုတ်ပါဘူး။ နို့ပေမယ့် ကြီးလှပါ တယ်ဆိုတဲ့ ‘စကြာရေချငလျင်’ ၁၂၀၀ ပြည့်နှစ်က လှုပ်ခဲ့တုန်းကတောင် ပုဂံဘုရားတွေဟာ ဒီလောက် မပျက်စီး ခဲ့ရဘူး။ အင်းဝနဲ့ အမရပူရက ဘုရားတွေသာ မကျန်သလောက် ပြိုကွဲအက်ကုန်လေလို့ ကောင်းမှုတော်စေတီ တော်ကြီးက ‘ဒီတခါ ငလျင်ကတော့ဟေ့ ဟိုဘက်ကမ်းက ရှင်ပွတ်စူးတို့တတွေ အားလုံးပြိုတာပဲ။ ငါတောင် အတော်ရင်အောင့်သွားတယ်’လို့ မိန့်ဆိုတော် မူလေဟန် လူပြက်တွေက ပြက်လုံးထုတ်ခဲ့ရဖူးသတဲ့။ 


အဲဒီနောက် ကျွန်မတို့ သိမှီတဲ့ ပဲခူးငလျင် (၁၉၃၀)၊ စစ်ကိုင်းငလျင် (၁၉၅၆)တို့လည်း သူ့အတိုင်းအတာနဲ့သူ ကြီးခဲ့ကြတာပဲ။ နို့ပေမယ့် ငလျင်ရဲ့ ဗဟိုချက်မက ပုဂံနဲ့ဝေးလေတော့ ပုဂံကဘုရားတွေ ဒီတခါလောက် ကြီးကြီးကျယ်ကျယ် ပျက်စီးခဲ့မှုမရှိခဲ့ဘူး။ ဒီတခါ ငလျင်ကဖြင့် ပုဂံအဘို့ မရှုမလှပါဘဲ။ 

ပုဂံမှာ လုပ်ဆောင်စရာ အဆင့် ၂ ဆင့် ရှိပါလိမ့်မယ်။ ပထမအဆင့်က အပျက်အစီးများ မပျောက်ပျက် မလေလွင့်အောင် ထိန်းသိမ်းရေး၊ ဒုတိယအဆင့်က မူလနဲ့အနီးကပ်ဆုံးဖြစ်လာအောင် ပြန်လည်ပြုပြင် ဆောက် လုပ်ရေးပါ။ ဒီလုပ်ဆောင်ရမယ့် တာဝန်နှစ်ရပ်စလုံးဟာ အင်မတန့် တာဝန်ကြီးတွေ ဖြစ်ပါလိမ့်မယ်။ 

ဘာပြုလို့လဲဆိုတော့ ပုဂံဟာ ကမ္ဘာလှည့်ခရီးသည်တွေ နေ့ညမပျက် လာရောက်ကြည့်ရှုနေတဲ့ နေရာပါ။ ပုဂံက ပစ္စည်းဆိုရင် ဘာမဆို ရှေးဟောင်းပစ္စည်း၊ တန်ဖိုးဖြတ်လို့မရတဲ့ပစ္စည်းချည်း ဖြစ်ပါတယ်။ ခုခေတ်မှာ အရပ် ထဲက ဇရပ်ပေါ်က ဘုရားကိုတောင် ခိုးတဲ့လူကခိုး၊ ရောင်းတဲ့လူကရောင်း ဈေးကောင်းပေးပြီး ၀ယ်တဲ့လူက ၀ယ်နေကြပါတယ်။ အဲဒီလို အနုပညာလက်ရာနဲ့ ရှေးဟောင်းပစ္စည်း စုဆောင်းရေး ရောဂါထနေချိန်ကြီးမှာ ပုဂံကပစ္စည်းဆိုတာ ဈေးအရဆုံး ရှေးဟောင်းပစ္စည်းဖြစ်ရမှာ မုချပါ။ ပုဂံပစ္စည်းကလည်း တခြားအရာကို မပြောထားပါနဲ့။ ပုဂံက အုတ်ခဲတချပ်ကို ဒိပြင် အုတ်ခဲနဲ့မတူအောင် ဖုတ်ထားတာ။ ဒိပြင် အင်္ဂတေနဲ့မတူအောင် ကပ်ထားတာမို့ အဖိုးတန်တဲ့ ရှေးဟောင်းအုတ်ခဲဖြစ်နေပါတယ်။ အဲဒီလို ပစ္စည်းတွေကို ခိုးရောင်းခိုးဝယ် သမားတွေ မှိုပေါက်နေတဲ့ကြားကလွတ်အောင် ထိန်းသိမ်းဖို့၊ ကာကွယ်စောင့်ရှောက်ဖို့ အလွန်ခဲယဉ်းပါလိမ့်မယ်။ 

ဒီပစ္စည်းတွေဟာ တမျိုးသားလုံးနဲ့ဆိုင်တဲ့ ဂုဏ်ယူစရာပစ္စည်းတွေ သားစဉ်မြေးဆက်အထိ ဆက်ခံသွားရမယ့် အမျိုးသား အမွေအနှစ်၊ ဘာနဲ့မှ တန်ဖိုးချင်း လဲမယူထိုက်တဲ့ပစ္စည်း။ ဒါတွေကို ဘယ်နိုင်ငံခြားသားလက်မှ ပါမသွားစေထိုက်ဘူး။ ကိုယ့်တကိုယ်ကောင်းအတွက် ရောင်းလည်းမစားထိုက်ဘူး၊ လဲလို့လည်း မစားထိုက် ဘူးဆိုတာကို တမျိုးသားလုံးရဲ့စိတ်ထဲစွဲနေမှ လုံခြုံအောင် ထိန်းသိမ်းကာကွယ်လို့ ရပါလိမ့်မယ်။ ပြီးတော့ ကာကွယ်စောင့်ရှောက်ရမယ့် နေရာဒေသကြီးကလည်း အကျယ်ကြီးပါ။ 

ဒုတိယတာဝန်ဖြစ်တဲ့ ပြန်လည်ပြုပြင်မွမ်းမံဖို့ဆိုရာမှာလည်း ပုဂံခေတ်က အုတ်၊ အင်္ဂတေပညာက ကြီးလွန်း ကောင်းလွန်းလှပါတယ်။ အင်္ဂတေ သရွတ်ဖုံးမထားတဲ့ ဓမ္မရံကြီးဘုရားကို သေသေချာချာကြည့်ရင် ပုဂံအုတ်ဟာ ဘယ်အဆင့်အထိ ဖုတ်ထားလို့ ဒါလောက် မာကျောခိုင်မာနေရတယ် မပြောနိုင်ပါဘူး။ 

နှစ်ပေါင်း ၈၀၀-၉၀၀ ကြာတဲ့အထိ နေဒဏ်၊ လေဒဏ်၊ ရေဒဏ် ခံနေရပေမယ့် အုတ်မှုန့်ကြွေလာခြင်း၊ အုတ်ပဲ့ပွလာခြင်းမရှိသေးဘဲ မူလအတိုင်းရှိနေသေးပါတယ်။ အုတ်နှစ်ချပ်ကို ထိစပ်တွယ်ကပ်ပေးထားတဲ့ အင်္ဂတေကလည်း ပလတ်စတစ်ကော်လား အောက်မေ့ရလောက်အောင် အပ်ထိုးလို့မှ မ၀င်တဲ့ အင်္ဂတေတွေပါ။ ဒီလက်ရာမျိုးတွေပေါ်မှာ ခုခေတ်အနေနဲ့ ပြင်ဆင်ဖာထေးဖို့ဆိုတာ အလွန်ကြီးတဲ့ မနိုင်ဝန်ကို ထမ်းရမှာနဲ့ တူမှာ စိုးရပါတယ်။ 
ရှေ့ခေတ်က လက်ရာကို မမှီနိုင်တော့တာ မှန်ပေမယ့် အနီးကပ်ဆုံး တူညီအောင်၊ အတတ်နိုင်ဆုံး ကောင်းမွန် အောင် ပြုပြင်ကြရပါလိမ့်မယ်။ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ကြီး ငလျင်ဒဏ်ကြောင့် ပြုပြင်ဖို့ လိုစဉ်က ‘အမျိုးသားယဉ်ကျေးမှုအမွေ’ အဖြစ်နဲ့ အားစိုက်ခွန်စိုက် ခေတ်မီတဲ့နည်းတွေနဲ့ ပြုပြင်မွမ်းမံခဲ့သလို ပုဂံမှာလည်း အဲဒီမျှမက အားခွန်သုံးပြီး ပြုပြင်ဖို့ လိုပါလိမ့်မယ်။ 

ဒါကြောင့် အမျိုးသားယဉ်ကျေးမှု ဘဏ္ဍာတိုက်ကြီးဖြစ်တဲ့ ပုဂံပြန်လည်ပြုပြင်မွမ်းမံရေးကို အစိုးရကလည်း အစိုးရအတိုင်းအတာနဲ့အစွမ်းကုန်လုပ်ဆောင်သလို ပြည်သူတွေကလည်း ပြည်သူ့အတိုင်းအတာနဲ့ အဘက် ဘက်က ကာကွယ်ထိန်းသိမ်းပြုပြင်မွမ်းမံကြဖို့ လိုပါလိမ့်မယ်။ 

ပုဂံမပျက်သမျှ ဗမာမပျက်နိုင်။

ပုဂံတည်တံ့သမျှ ဗမာတည်တံ့ပါတယ်။

ပုဂံတင့်တယ်သမျှ ဗမာလည်း တင့်တယ်ပါတယ်။ 

လူထုဒေါ်အမာ

ဟံသာဝတီသတင်းစာ(၁၃-၇-၁၉၇၅)

မြန်မာနိုင်ငံတွင် ပြင်းအား ၇ အဆင့်ရှိငလျင်တစ်ခုထပ်မံလှုပ်ခတ်နိုင်ချေရှိဟု ထိုင်းဘူမိဗေဒပညာရှင် သတိပေး

ဘန်ကောက်
သြဂုတ်၊ ၂၆

မြန်မာနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့သော ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိငလျင်ပြီးနောက်တွင် ပြင်းအား ၇ အဆင့်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်နိုင်ချေရှိကြောင်း ထိုင်းဝါရင့်ဘူမိဗေဒပညာရှင်တစ်ဦးက သတိပေးလိုက်သည်ဟု Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။


လက်ရှိအချိန်တွင် ဗုဒ္ဓဟူးနေ့ကလှုပ်ခတ်ခဲ့သော ငလျင်၏နောက်ဆက်တွဲငလျင်တစ်ခုလှုပ်ခတ်နိုင်ကြောင်း သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များကသတိပေးနေပြီး အကယ်၍ နောက်ဆက်တွဲငလျင်သာမလှုပ်ခတ်ခဲ့ပါက ပြင်းအား အနည်းဆုံး ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခုထပ်မံလှုပ်ခတ်နိုင်ဖွယ်ရှိသည်ဟု ထိုင်းသတ္ထုတွင်းဌာနမှ အကြီးတန်းအရာရှိ တစ်ဦးဖြစ်သူ ဆူဝပ်ခိုဆူဝမ် က သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။

အကယ်၍ထိုကဲ့သို့ ထပ်မံလှုပ်ခတ်ခဲ့ပါက ယင်းငလျင်သည် ထိုင်းနိုင်ငံအပါအ၀င် အခြားအိမ်နီးချင်းနိုင်ငံများထိပါ ရိုက်ခတ်ဖွယ်ရှိကြောင်းလည်း ဆူဝပ်ခိုဆူဝမ် ကပြောကြားသည်။

လက်ရှိအချိန်တွင် ထိုင်းဘူမိဗေဒပညာရှင်များသည် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ငလျင်လှုပ်ခတ် စေခဲ့သည့် အာရခန်ပြတ်ရွေ့ကြောင်းကို သတိထားစောင့်ကြည့်လျှက်ရှိပြီး ပြင်းအား ၅ ဒသမ ၁ မှ ၆ အတွင်းရှိ နောက်ဆက်တွဲငလျင်တစ်ခုလှုပ်ခတ်နိုင်ချေရှိ၊မရှိဆိုသည်ကို သိရှိရသည်အထိစောင့်ကြည့်သွားမည် ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီ ၃၄ မိနစ်ကလှုပ်ခတ်ခဲ့သော ငလျင်မတိုင်မီတွင် အကြိုငလျင်ငယ် ၃ ကြိမ်လှုပ်ခတ်ခဲ့ပြီး လက်ရှိအချိန်ထိ နောက်ဆက်တွဲ ငလျင်တစ်ခု မလှုပ်ခတ်သေးခြင်းမှာ ထူးဆန်းနေသည်ဟု မစ္စတာဆူဝပ် ကပြောကြားသည်။

လူပျိုရည်ပျက်ချင်တဲ့ ကောင်လေးတစ်ယောက်ရှာတွေ့ခဲ့သော မင်္ဂလာဈေးနားက ညမွှေးပန်းလေးတစ်ပွင့်ရဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်


ကျွန်တော့်နာမည် အောင်သော် ပါ။

 အသက်က ၁၇နှစ် သူငယ်ချင်းတွေက လူပျိုရည်မပျက်သေးတဲ့ ကျွန်တော့်ကို ဂိုဏ်းဝင်သွားအောင် မင်္ဂလာဈေး JJ အောက်မှာ … ညမွှေးပန်းသွားရှာမယ် လိုက်ခဲ့ ..ဆိုတာနဲ့ လူငယ်ဆိုတော့ စူးစမ်းချင်တဲ့ စိတ်နဲ့ လိုက်သွားခဲ့တယ်.. ဟိုရောက်တော့ .. သားကြီး မင်းက ဒီည အထူးဆိုတော့ ..မင်းတစ်ယောက်ရွေးကွာတဲ့ သူတို့က သူတို့ စိတ်ကြိုက်တစ်ယောက်ရွေးတယ်.. အဲဒီမှာ ၀ိုင်းဆိုတဲ့ ကောင်မလေးကို ကျွန်တော်စတွေ့ခဲ့တယ်… ရှေ့မှာလာရပ်ပြနေတဲ့ ကောင်မလေးတွေထက် .. ဟိုးးး သစ်ပင်အောက်မှာတစ်ယောက်တည်း ငူငူငေါင်ငေါင် ထိုင်နေတဲ့ သူမဆီ ..ကျွန်တော် အသာလျှောက်သွားတယ်.. မီးမလင်းတလင်းမှာ ..မပီဝိုးတ၀ါး ဆယ်ကျော်သက်အရွယ် မိန်းမပျိုလေးတစ်ယောက် ကျွန်တော့်အထင် မျက်ရည်တွေများ ၀ိုင်းနေသလား မသိပါဘူး.. မင်းနာမည် ဘယ်လိုခေါ်လဲဆိုတော့ ..၀ိုင်းတဲ့ .. နာမည်မေးတုန်းရှိသေးတယ်….ခေါင်းဆိုတဲ့ လူ ရောက်လာပြီး ညီက ဒီကလေးမလေးကြိုက်လို့လားတဲ့ … ကျွန်တော့်ခေါင်းကို အသာညိတ်မိလိုက်တယ် ထင်ပါတယ်.. ကဲ ..မိဝိုင်း ထတော့ … အလုပ်ပေါ်ပြီ …နင်စိတ်ညစ်တာနောက်မှညစ်.. လိုက်သွား .. ခေါင်းရဲ့ စကားအဆုံးမှာ .. ညမိမယ် နတ်သမီးလေးတစ်ပါး ဘာဆိုဘာမှ ပြန်မပြောပဲ အရုပ်တစ်ရုပ်လို ထလိုက်လာပါတယ်.. ဒီလိုနဲ့ …၀ိုင်းရယ် ..နောက်ကောင်မလေးတစ်ယောက်ရယ် .. ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်ရယ် ..ကားတစ်စီးနဲ့ သူတို့ ညွှန်ပြတဲ့ သူတို့ကျက်စားရာ .. တည်းခိုခန်းတစ်ခုဆီ ထွက်လာခဲ့ကြတယ်.. ကားပေါ်မှာ ..ရှေ့ခန်းမှာ ထိုင်နေတဲ့ ကျွန်တော့်ကို လက်ညိုးထိုးပြီး ..သူငယ်ချင်းကပြောတယ် ၀ိုင်း… နင့်ကို ဒီကောင်က ဘိုင်နိမ်းနဲ့ ခေါ်လာတာလေ….အဲလို ပြောတော့.. နတ်သမီးလေး ဆီက အသံထွက်လာတယ်.. အကိုက ၀ိုင်းကို သိလို့လားတဲ့ …. ကျွန်တော် အသာအယာပဲ ခေါင်းခါပြလိုက်ပါတယ် ကျွန်တော်မှ မသိတာ … သူ့ကိုဘာကြောင့် ရွေးခဲ့မိတယ်ဆိုတာလဲ မသိဘူး.. ကျွန်တော့်စိတ်က ခံစားချက်ရှိတဲ့ သူတွေကို စိတ်ဝင်စားတယ် ထင်ပါရဲ့ .. ဟိုတယ်ရောက်တော့ … ကျွန်တော့်ကို သူငယ်ချင်းတွေက ၀ိုင်းနဲ့ အတူနေဖို့ အခန်းတစ်ခန်းပေးတယ်….. တစ်နာရီပဲ ရမယ်နော်သားကြီး .. ငါတို့ အားလုံး အလှည့်ကျပဲ …. လုပ်စရာရှိတာလုပ်…ရှက်ကြောက်မနေနဲ့တဲ့ အေးပါကွာ ..ဆိုပြီး ကျွန်တော် အခန်းထဲဝင်လိုက်တော့ ၀ိုင်းက ကုတင်ပေါ်မှာ ထိုင်နေလေရဲ့.. အကို .. ညီမ ရေချိုးလိုက်အုန်းမယ် ရလားဟင် ..တစ်ညနေလုံး ရေမချိုးရသေးလို့ နံစော်နေပြီ ….ခွင့်ပြုပါနော်တဲ့ … ရပါတယ် ……. ကျွန်တော်လဲ လူပျိုညအတွက် ရင်ခုန်လှိုက်မောနေတာနဲ့ အချိန်လေးတစ်ခုလိုအပ်နေသေးတယ် မဟုတ်လား.. ကျွန်တော် အမှန်အတိုင်း ၀န်ခံပါရစေ … မကောင်းဘူးဆိုတာ သိပေမယ့် .. အရာရာကို စမ်းသပ်ချင်နေတဲ့ ..အရွယ်ဆိုတော့ ကိုယ် ဘာလုပ်ရမယ်..ဘာကြောင့် ဒီနေရာရောက်နေတယ်ဆိုတဲ့ စိတ်နဲ့ စိတ်တွေလှုပ်ရှားနေပါတယ်… နားနဲ့မနာ ဖ၀ါ်းနဲ့ နာကြပါဗျာ.. ကျွန်တော့် သွေးသားတွေကလဲ တစ်ခုခုကို တောင်းဆိုနေကြတာ ..တရုန်းရုန်းနဲ့ပေါ့ ကောင်မလေး ရေချိုးသံနဲ့ အတူ … တ၀ုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ရင်ခုန်သံစည်းချက်တွေက ၀ရုန်းသုန်းကား ..ကျွန်တော် ထိုင်မရ ထမရနဲ့ .. ကျွန်တော့်စိတ်တွေကလဲ ဟိုးးးး အဝေးကြီးကနေ နီးလာသလို …နီးရာကနေ ဝေးသွားသလို.. တစ်ခုခုကို တောင့်တစိတ်တွေက ထိန်းမရ သိမ်းမရ ဖြစ်နေတယ် ကောင်မလေးထွက်လာပါပြီ … ဗြုန်းဆို …ကောင်မလေး သဘတ်ကိုချွတ် ကောက်ဝတ်လိုက်တဲ့ … ရင်စည်းက … ကျွန်တော် မြင်နေကျ ..နိုင်ငံခြားကားတွေထဲကလို တောက်တောက်ပြောင်ပြောင် လှလှပပ အရာလေးမဟုတ်ပါဘူး …. အရွယ်မရောက်သေးတဲ့ မိန်းခလေးတွေ ၀တ်တဲ့ ရင်ခံအကျီလို ဟာလေးပါ ဟောင်းနွမ်းစုတ်ပြတ်ပြီး အရောင်အဆင်းကင်းမဲ့နေတဲ့ ရင်ခံအကျီလေးကို ငေးကြည့်ရင်း ကောင်မလေး လက်တစ်စုံက .. အဲဒီအကျီလေးရဲ့ လက်မောင်းသားပေါ်က ကြိုးကလေးကို ကိုင်ပြီး တစ်စုံတစ်ခုကိုလုပ်လိုက်ပါတယ် ကျွန်တော့် စိတ်တွေ .. အဲဒီ တခဏမှာ ..ချောက်ကမ်းပါးတစ်ခုက ပြိုကျသွားသလို ဟာခနဲ ဖြစ်သွားတယ်ဗျာ ..သူလုပ်လိုက်တဲ့အရာက …ပြတ်နေတဲ့ ကြိုးနှစ်ကို တွယ်ထားတဲ့ တွယ်ချိတ်လေးကို ဖြုတ်လိုက်တာ…. တစ်ကယ်ကို ချိတ်လေးတစ်ခုပါ… စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ ရင်စည်းအကျီမှာ ..ကြိုးပြတ်နေလို့ …တွယ်ချိတ်နဲ့ တွယ်ထားရတဲ့ အဲဒီ အကျီလေးက လူပျိုတစ်ယောက်ရဲ့ … တ၀ုန်းဝုန်းကြဲနေတဲ့ မုန်တိုင်း ရမက်တွေကို ဖြုတ်ဆို ပျောက်ဆုံးသွားစေခဲ့တယ်.. ကျွန်တော် လှမ်းပြောလိုက်တယ်…၀ိုင်း … မချွတ်နဲ့တော့လို့ .. အကျီလေးထပ်ဝတ်ထားပါ ချမ်းနေပါမယ် ဆိုတော့ … အံသြတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို လှမ်းကြည့်တယ်.. ဘာဖြစ်လို့လဲ အကိုတဲ့ .. ဘာမှ မဖြစ်ပါဘူးကွယ်…. အကိုစကားပြောချင်လို့ပါဆိုတော့ . အံသြနေတဲ့ မျက်ဝန်းတွေနဲ့ ကျွန်တော့်အနား ဖြည်းညှင်းစွာကပ်လာတယ်.. အကို ညီမကို မကြည်ဖြူလို့လားဟင်…ညီမက တော်တော် စိတ်ညစ်စရာကောင်းနေလို့လားတဲ့ ကျွန်တော်ခေါင်းပဲခါပြလိုက်တယ်… သူမရဲ့ အထာကျနေတဲ့ မျက်လုံးတွေက ဘယ်ညာ ရမ်းပြီး အကြည့်ဝေ့တစ်ချက်မှာ အရာအားလုံးကို သဘောပေါက်သွားတယ်ထင်ပါရဲ့ .. ဒီလိုလုပ်လေ ညီမကို ဖက်ထားလိုက်တဲ့ … အကို အဆင်ပြေအောင်ပါ တဲ့ သူမပြောတဲ့အတိုင်း ကျွန်တော် ဖက်လိုက်ပါတယ် ဟင် … ဘာကြီးလဲ … ကျွန်တော် အလန့်တကြားလက်ကို ပြန်ဆွဲရုတ်မိတယ်.. အား ..တောင်းပန်ပါတယ်..အကို …တစ်ကယ်ပါ … ညီမလေ ..ညနေက ရပ်ကွက်ထဲမှာ ရန်ဖြစ်လာလို့ …. ကျွန်တော် ပြန်စမ်းကြည့်တယ်… ပြင်းထန်တဲ့ ဒဏ်ရာတစ်ခုပဲ ..ဟိုဘက်လှည့်လိုက်ဆိုတော့ သူမ လှည့်ပြတယ်…. ဓါးဒဏ်ရာကြီးပါလား … ရှပ်ထိတာ ဆိုပေမယ့် ..တော်တော်လေး ပြင်းထန်တဲ့ ဒဏ်ရာပါ ဘယ်လိုဖြစ်တာလဲ ညီမရယ် ဆိုပြီး … ဘယ်လိုမှ ရည်ရွယ်မထားပေမယ့် ကျွန်တော် နှုတ်က ထွက်သွားခဲ့တယ်.. ၀ိုင်း … မျက်ဝန်းတွေမှာ ..အရည်တွေ လဲ့လာပါတယ်…နောက် သူမ သက်ပြင်းတစ်ခုချတယ် ကျွန်တော့်ကို ကြည့်တယ်…… သူ့ကြည့်တဲ့ ပုံစံက အကိုတစ်ယောက်ကို ညီမတစ်ယောက်က ရင်ဖွင့်ချင်တဲ့ ခံစားချက်မျိုး … ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်.. ကျွန်တော် နားထောင်ပေးဖို့ အသင့်ဖြစ်နေပါပြီ.. ဘာတွေ ဖြစ်ခဲ့တာလဲ မိန်းမပျိုလေးရဲ့ ကျောကုန်းက ဓါ်းဒဏ်ရာဆိုတာက တော်တော်လေးကို ဒွိဟဖြစ်စရာပဲမဟုတ်လား တိတ်ဆိတ်နေတဲ့ ညမှာ ကြေကွဲနေတဲ့ ညငှက်လေးတစ်ကောင်ရဲ့ စကားသံတိုးတိုးလေး ထွက်လာတယ် ”ညီမ ညနေက ရပ်ကွက်ထဲမှာ ရန်ဖြစ်လာတာတဲ့ … ညီမ ယောကျာ်းရဲ့ မိန်းမကြီးက ညီမကို ဓါးနဲ့ လိုက်ခုတ်လို့ ထွက်ပြေးခဲ့ရတယ်…ဒီ ဒဏ်ရာက ရှပ်ထိသွားတာပါ” တဲ့ ဒီလိုနဲ့ပဲ သူမ စကားတွေ ဆက်ပြောခဲ့တယ်… သူမက အခုမှ ၁၆ နှစ်တောင် မပြည့်သေးပါဘူး … ၁၄ နှစ်သမီးမှာ ယောကျာ်းရတယ် ရတဲ့ ယောကျာ်းက ခေါင်းပါ ..ဒီလိုနဲ့ ဒီလောကထဲေ၇ာက်လာခဲ့တယ်.. သူမရဲ့ ဘ၀အစမှာတုန်းကတော့ … ကောင်းရောင်းကောင်းဝယ် အကြော်သည်လင်မယားနှစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးလေးပါတဲ့ .. ပြောရင်းနဲ့ … သူမ လက်ဆွဲအိတ်လေးကို လှမ်းယူလိုက်ပါတယ်.. နောက် ကြေမွနေတဲ့ အကျီအစုတ်တွေကြားထဲကနေ … တစ်ခုခုကို ထုတ်ယူလိုက်တယ်.. မပီပြင်ဝိုးတ၀ါးအလင်းရောင်မှာ သူပြချင်တဲ့ အရာအတွက် အလင်းရောင်တစ်ခုလိုအပ်တယ် ထင်ပါရဲ့ …. အခန်းမီးကို ဖွင့်လိုက်တယ်.. အဲဒီကျမှ ..သူမလက်ထဲမှာ ကိုင်ထားတာ .. ပလက်စတစ်လောင်းထားတဲ့ ဓါတ်ပုံအဟောင်းလေး တစ်ပုံ .. အဲဒီမှာ ကလေးလေးတစ်ယောက် ဆုတံဆပ်လေးကိုင်လို့ …..ဘေးနားမှာက လောကဓံကြောင့် ပိန်လှီနေပေမယ့် မိန်းမချောတို့ ရုပ်ရည်ရှိတဲ့ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ယောက် … သေချာပါတယ်… အဲဒါ သားအမိနှစ်ယောက်ပုံပါ ..သမီးလေးက ကျောင်းမှာ ဆုရ သမီးလေးနဲ့ အမေ ဆုလေးနဲ့ ဓါတ်ပုံတွဲရိုက် …. နှစ်ယောက်လုံးရဲ့ မျက်နှာမှာ အပြုံးတွေနဲ့ … ဒီကလေးမလေးက ၀ိုင်းမှ ဟုတ်ပါလေစ ..ဘေးက သူ့အမေပေါ့ .. ၀ိုင်းက ငယ်ငယ်တုန်းက စာတော်တဲ့ ကလေးမလေးပဲ … ရင်ထဲမှာ ဆို့နင့်သွားတယ် ဓါတ်ပုံလေးကြည့်ပြီး ငိုင်သွားတဲ့ ကျွန်တော်.. ”အဲဒါ ၀ိုင်းမေမေလေ…၀ိုင်း နှစ်တန်းတုန်းက ဆုရတုန်းက အမှတ်တရပုံလေးပါ.. ၀ိုင်းရဲ့ ပညာအရည်အချင်းကလဲ အဲဒီနှစ်က နောက်ဆုံးပါပဲ …. အဲဒီနောက်ပိုင်းကတော့ …ရုပ်ရှင်တွေထဲကလိုပေါ့ အကိုရယ်… အဖေကဆုံး ..အမေက နောက်ယောကျာ်းယူ …ပထွေးက နှိပ်စက် … သမီးပါကျောင်းထွက် ဈေးရောင်း ..နောက် စိတ်ဖိစီးမှုဒဏ်တွေကြောင့် အမေကဆုံး .. ပထွေးက ခြေတော်တင်….နောက်ဆုံးမှာ ဖာခေါင်းနဲ့ ရပြီး ဖာသည်မလေးဖြစ်သွားတယ်ပေါ့” ပြီးတော့ ဟက်ဟက်ဟက်ဟက်နဲ့ ခြောက်ကပ်စွာ သူမ ရယ်မောနေခဲ့တယ် ဒါ မြင်ဖူးနေကျ ရုပ်ရှင်တွေ ..ဖတ်ဖူးနေကျ ၀ထုတွေ .. ကြားဖူးနေကျ .. ညဉ့်နက်မလေးတွေရဲ့ ပါးစပ်ဖျားက ပုံပြင်တွေ ဆိုပြီး … ကျွန်တော် တွေးထင်ပလိုက်ချင်တယ်.. ဒါပေမယ့် ..မျက်စိရှေ့မှာ မြင်နေရတဲ့ ..ကောင်မလေးရဲ့ မျက်ရည်မကျတဲ့ မျက်ဝန်းနဲ့ လောကကြီးကိုလှောင်ပြုံးတွေနဲ့ ခနဲ့တဲ့တဲ့ … မျက်နှာထားအောက်မှာ ကျွန်တော် ဘယ်လိုလုပ်ပြီး ..ဒါတွေက ပုံပြင်ပါလို့ ..တွေးထင်လို့ ရမှာတဲ့လဲ.. ကျွန်တော် ယုံတယ်လဲ မပြောပါဘူး …မယုံဘူးလဲ မပြောပါဘူး.. ဘာမှလဲ ပြောစရာမရှိပါဘူး … သူမကလဲ ဘာမှ ဆက်မပြောပါဘူး …ပုံမှန်အားဖြင့် ..ဒီအချိန်မှာ မျက်နှာကိုလွှဲ သက်ပြင်းကိုချ ..တစ်ရှိုက်ရှိုက်နဲ့ ငိုကြွေးနေရမယ့် မိန်းခလေးတစ်ယောက်က ဘာလို့များ…. ကျွန်တော့်မျက်ဝန်းတွေကို စိုက်စိုက်ကြည့်ပြီး တည်ငြိမ်နေရတာလဲ …. ကျွန်တော်ကရော … ဘာလို့ အဓိပါယ်ဖတ်မရတဲ့ သူမမျက်ဝန်းတွေကို ငေးကြည့်ပြီး ရင်ထဲမှာ စို့နင့်နင့်ကြီး ဖြစ်နေရတာတုန်း.. အော် ညီမရယ် ..ဆိုပြီး ဖတ်လိုက်ရမှာလား ..သူမကလဲ ဟင့်ဟင့်ဆိုပြီး ငိုကြွေးပြီး ကျွန်တော့်ရင်ခွင်ထဲဝင်လာမှာလား … ဟားဟား ဒါရုပ်ရှင်ရိုက်နေတာဆိုရင်တော့ …ဒီဇတ်ဝင်ခန်းက ဒီလိုရိုက်ဖြစ်သွားမှာပါ ဒါပေမယ့် ဒါရုပ်ရှင်ရိုက်နေတာ မဟုတ်…တစ်ကယ့် ဘ၀ဆိုးကြီးကို ဘာမှမဆိုင်တဲ့ ကောင်လေးတစ်ယောက်ရှေ့မှာ ကောင်မလေးတစ်ယောက်ကရင်ဖွင့်မိသွားတာ ဘာမှ မလုပ်ပေးနိုင်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ခံစားချက်ကရော တစ်ကယ်တော့ အဲဒီအချိန်မှာ တိတ်ဆိတ်နေတဲ့အခန်းကျဉ်းလေးထဲမှာ လူသားနှစ်ယောက်ကြား တစ်စုံတစ်ခုက ကျကွဲသွားတယ် အဲဒီ ကျကွဲသွားတဲ့ အရာက … ဘာသံမှ မထွက်ပဲ ကွဲကြေသွားတဲ့ အသဲနှလုံး နှစ်ခုပါ.. ဒေါက် ဒေါက် ဒေါက် ”ဟေ့ရောင် အောင်သော် … မပြီးသေးဘူးလား …မြန်မြန်ထွက်တော့ နောက်လူတွေစောင့်နေတယ်.” ကျွန်တော် … သူမကို ပြုံးပြလိုက်တယ်…. သူမကလဲ ပြန်ပြုံးပြတယ် ကျွန်တော် ဘာနှုတ်ဆက်စကားမှ မဆိုပဲ ..သူမအနားက ထလာခဲ့တယ်.. နောက်မှ လက်ထဲပါလာတဲ့ ..သူမရဲ့ တန်ဖိုးအကြီးဆုံး အမှတ်တရဓါတ်ပုံလေးကို ပြန်လှည့်ပေးရင် ..ကျွန်တော် သူမကို ကျောခိုင်းထွက်လာတယ် တံခါးဝနားရောက်မှ ..ကျွန်တော် လှည့်ပြောမိတယ် ”အကို ညီမလို ကျောင်းမှာ ဆုမရဖူးဘူး ..သိလား .. ညီမ အရမ်းတော်တယ် ” သူမ ပြုံးသွားတယ် …ကျေးဇူးတင်ပါတယ် အကို တဲ့ .. ………. ပြီးတော့ ကျွန်တော် သူမရှိနေတဲ့ အခန်းထဲကနေ ထွက်လာခဲ့တယ်.. အပြင်မှာ စောင့်နေတဲ့ သူငယ်ချင်းက ဘယ်လိုလဲ ဆိုတဲ့ အထာနဲ့ မေးငေါ့ပြတယ် ”ငါ ခံစားချက်အကြီးကြီးရခဲ့ပါတယ်” လို့ ပြန်ဖြေလိုက်တယ် ဟဟဟဟဟ …သူငယ်ချင်းက ရယ်ပါတယ်. မင်းအဆင်ပြေရင်ပြီးတာပဲ..ဟိုဘက် မှာ အခန်းတစ်ခုရှိတယ် မင်း သွားနားနေလိုက်..ငါ ၀င်လိုက်အုန်းမယ် ..တဲ့ ပြောပြီး ..သူမရှိရာ အခန်းလေးထဲကို ၀င်သွားပါတယ် ငါရခဲ့တဲ့ ခံစားချက်က မင်းထင်သလို မဟုတ်ဘူးဆိုတာ မရှင်းပြတော့ပါဘူး ရှင်းပြစရာလဲ လိုမှ မလိုတာ … ဘာမှန်းမသိတဲ့ ခံစားချက် အကြီးကြီးတစ်ခုကို ထမ်းပိုး…. သူမနဲ့အတူ ပျော်ပါးဖို့ ၀င်သွားတဲ့ သူငယ်ချင်းကျောကုန်းကို ငေးကြည့်နေရင်းနဲ့ ကျွန်တော် မွန်းကျပ်လာတယ် တစ်ဖက်အခန်းက … မပီဝိုးတ၀ါး ကြားနေရတဲ့ အသံတစ်ချို့မှာ … ကျွန်တော်စိတ်တွေ တိမ်ထဲမှာ လွင့်မျောနေရသလိုပဲ .. ကျွန်တော် ………..၂တန်းကျောင်းသူအရွယ် ကောင်မလေးတစ်ယောက်ကို မြင်နေရတယ်… ကောင်မလေးက လက်ထဲမှာ ပညာရည်ချွန်ဆုလေး ကိုင်ပြီး… သူ့မေမေနဲ့ ဓါတ်ပုံရိုက်နေတယ်….. နောက် ..ကောင်မလေးနားမှာ သူ့မေမေ မရှိတော့ဘူး .. ရမက်ပြင်းတဲ့ အကြည့်တွေနဲ့ ဘီလူးသဘက်လို မိန်းမပျိုလေးရဲ့ သွေးသားကို ၀ါးမြိုချင်တဲ့ လူတစ်ချို့ …. ကလေးမလေး နားကို တဖြည်းဖြည်း ၀ိုင်းအုံလာကြတယ် ကောင်မလေး ကြောက်ရွံ့စွာ အော်ဟစ်နေတယ်.. သူမ ဘ၀လေး နှင်းဆီပန်းကလေးလို တစ်ရစ်ပြီး တစ်ရစ် …တစ်လွှာပြီး တစ်လွှာအခြွေခံနေရတယ်… ဘယ်သူမှ ကယ်မယ့်သူ မရှိဘူး အားကိုးရာလဲ မရှိဘူး .. နာကျင်မှုတွေ အပြည့်နဲ့ ..အရှက်တွေကို နင်းခြေခံလိုက်ရတဲ့ … ကလေးမလေးရဲ့နှုတ်ခမ်းတစ်စုံက ..ကြာတော့ လောကကြီးကို လှောင်ပြုံးလေးနဲ့ ပြန်ပြုံးပြတတ်ပြီ သူမ မျက်နှာပေါ် တပေါက်ပေါက် ကျနေတဲ့ တဏှာရမက်ချွေးစက်တွေနဲ့ မျက်နှာသစ်တတ်သွားပြီ … ညည်းညူလှိုက်မော ပင့်သက်ရှိုက်သံတွေနဲ့အတူ.. သက်တံရောင် တိမ်တွေကြား …. ကလေးမလေးတစ်ယောက် မျက်ရည်တွေနဲ့ သူ့မေမေလဲ မျက်ရည်တွေနဲ့ …ဆုတံဆိပ်လေးကလဲ ကြေမွလို့ …. နောက် ကလေးမလေး မျက်လုံးကိုမှိတ် အံကိုကြိတ် ..အသူရာချောက်ထဲ … ပစ်ဆင်းသွားတယ် … ကျွန်တော် လှမ်းပြီး ဖမ်းဆုပ်ချိန်မရလိုက်ဘူး ……. အလန့်တကြားနဲ့ ကျွန်တော် သူမ ခုန်ဆင်းသွားရာ ပြေးလိုက်ရင်း သူမ နာမည်ကို အော်ဟစ်နေမိတယ် ”၀ိုင်းးးးးးးးး ” .. …………. ”ဟေ့ရောင် …၀ိုင်းမနေနဲ့ ထတော့ မိုးလင်းနေပြီကွ .. ဟိုကောင်မလေးတွေလဲ ပြန်သွားကြပြီ” ကျွန်တော် လန့်နိုးလာတယ်….အော် မိုးတောင်လင်းသွားပြီ အော် ဒါနဲ့ …၀ိုင်းက မင်းကို ဒါလေး ပေးပေးပါတဲ့ …ရော့ ………… ဘာလေးလဲ … သူငယ်ချင်းလှမ်းပေးတဲ့ အရာလေးကို ကြည့်လိုက်တော့ တွယ်ချိတ်လေးတစ်ခု .. သူမ ရင်စည်းအကျီက တွယ်ချိတ်လေး ဘာအတွက်နဲ့ကျွန်တော့်ကို ပေးခဲ့တာလဲ သူမအတွက် မလိုအပ်တော့ဘူးလား ….. ဒီတွယ်ချိတ်လေးမရှိပဲ ..သူမရဲ့ အရှက်ကို ဘယ်လိုဖုံးမလဲ.. ဘာကြောင့်လဲ … ”အရှက်တွေကို ဖုံးဖို့ မလိုအပ်တော့တာလား …ကောင်မလေးရေ” ဒါမှမဟုတ် ”တွယ်ချိတ်လေးကို ချွတ်ပြီး … အရှက်တရားကို ရောင်းစားရတဲ့ ဘ၀ကို ကျောခိုင်းတော့မှာမို့လို့ ဒီ တွယ်ချိတ်လေး မလိုအပ်တော့တာလား ” ဒုတိယ အဓိပါယ်နဲ့အတူ အကို့ကို ဒီတွယ်ချိတ်လေး ပေးခဲ့တာ ဖြစ်ပါစေလို့ အကို ဆုတောင်းပါတယ်…. ……………………………………………. ” ဟေ့ရောင် … ငါတို့ ရပ်ကွက်ထဲကို ၀ိုင်းရောက်နေတယ်ကွ” ဟုတ်ပါတယ်…ရပ်ကွက်ထဲဆိုတာထက် …ကျွန်တော်တို့ လမ်းရဲ့ အနောက်ထိပ်ဆုံးကိုဝိုင်းရောက်လာခဲ့တာပါ.. ၀ိုင်းက ၀ိုင်းမဟုတ်တော့သလို … ညဉ့်ငှက်မလေးလဲ မဟုတ်တော့ဘူး ၀ိုင်းမှာ ကာမပိုင် လင်ယောကျာ်း ရှိနေပြီ သူမရဲ့ အမျိုးးသားက အညာက လက်သမားဆရာလေးတစ်ယောက်ပါ လမ်းအနောက်မှာရှိတဲ့ လက်သမားရုံတွေမှာ အလုပ်လုပ်ဖို့ ရောက်လာတဲ့ လက်သမား ဆရာလေးနဲ့အတူ … ယောင်နောက် ဆံထုံးပါ သူမရောက်လာခဲ့တာ ဖြစ်ပါတယ်.. တစ်နှစ်ကျော်နှစ်နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုမှာ .. ၀ိုင်းဆိုတဲ့ ကောင်မလေး တော်တော်ပြောင်းလဲသွားတယ်.. လောကဓံကြောင့် ဆိုရမလား ..ကျွန်တော့်ထက် ငယ်ပေမယ့် .. ရုပ်ကလေးက အရင်လို မနုပျိုတော့ဘူး .. အရင်လို လှတပတလေး မပြင်ဆင်နိုင်တော့ဘူး .. ဒါပေမယ့် … သူမဘ၀လေး ဖြူစင်သွားပြီ .. သန့်ရှင်းသွားပြီ သူမ အကြော်ဆိုင်လေး ဖွင့်တယ် … အကြော်ဆိုင်လေး နာမည်က ၀ိုင်း တဲ့ .. ကျွန်တော်တို့ သွားစားဖြစ်ပေမယ့် … စကားတွေအများကြီးတော့ မပြောဖြစ်ပါဘူး ပြောဖို့လဲ မလိုအပ်ဘူးလေ .. ဒါပေမယ့် သူမဆီက ခင်ခင်မင်မင်နဲ့ ဆက်ဆံမှုတော့ ရပါတယ် ကျွန်တော် ကျေနပ်တယ် .. ၀ိုင်းကို ဒီလို ဘ၀နဲ့ မြင်ရတာ .. တွယ်ချိတ်လေးပေးခဲ့တုန်းက ကျွန်တော် ဆုတောင်းခဲ့တာ ပြည့်သွားခဲ့လို့ ၀မ်းသာ မဆုံးပါဘူး .. ဒါပေမယ့် ကံကြမာက … အငြိုးကြီးတယ်.. သိပ်ပြီး ဇတ်လမ်းဆန်နေမလား …. တစ်ကယ့် အဖြစ်အပျက်တွေက စိတ်ကူးယဉ်ထက် အများကြီး ပိုဆန်းပြားတယ် မယုံကြည်နိုင်လောက်အောင် လှည့်စားတတ်လွန်းတယ်ဗျာ တစ်နေ့ .. ၀ိုင်း ဆိုတဲ့ အကြော်ဆိုင်လေးမှာ အကြော်တွေ မရှိဘူး ကြော်မယ့်သူလဲ မရှိဘူး ..အားပေးမယ့် စားသုံးသူတွေလဲ မ၇ှိဘူး ၀ိုင်း နေမကောင်းလို့ ဆေးရုံတင်လိုက်ရတယ်.. သိပ်မကြာပါဘူး …. ၀ိုင်းတစ်ယောက် ဆုံးပြီတဲ့ .. ………… ”အောင်သော် … ၀ိုင်းဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးကွ ..A လားမသိဘူး.. ငါတို့တော့ ဒုတ်ခပါပဲကွာ ” ကျွန်တော် သူငယ်ချင်းတွေကို မဲ့ပြုံးလေးပဲ ပြုံးပြလိုက်တယ်.. ၀ိုင်းဆုံးတာ HIV ကြောင့်ပါဆိုတာ ကျွန်တော် ပြောမပြတော့ပါဘူး သူတို့တွေ စိတ်တဇ ဖြစ်သွားမှာ စိုးလို့ပါ ဟုတ်ပါတယ်… လွန်ခဲ့တဲ့ နှစ်ပတ်ကျော်တုန်းက .. လမ်းနောက်က စတိုးဆိုင်လေးတစ်ခုမှာ ကျွန်တော် ကွမ်းယာဝယ်ပြီး စောင့်နေတုန်း.. နောက်ကနေ …ကြားဖူးနေကျ အသံလေးတစ်ခုက တိုးတိုးလေး လာကပ်ပြောတယ် ”အကို … ညီမ သွားရတော့မယ် .. ညီမ ဆေးစစ်တာ positive လို့ အဖြေထွက်တယ် အကို ညီမ ဒီလောကကြီးက ထွက်မသွားခင်.. အကို့ကို ကျေးဇူးတင်စကားပြောချင်လို့ပါ ညီမကို အရမ်းတော်တယ်လို့ ပြောပေးခဲ့တဲ့ ကျေးဇူးပါ… ဒီလောကကြီးမှာ ညီမကို တော်တယ်လို့ပြောတာ အကိုနဲ့ ညီမမေမေပဲ ရှိခဲ့တာပါ အဲဒီစကားတစ်ခွန်းနဲ့ ညီမ ဘ၀ကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ် ပြောင်းလဲနိုင်ခဲ့တယ်…. ဘာပဲပြောပြော ..လောကကြီးကနေ ဒီရောဂါဆိုးနဲ့ ထွက်သွားရပေမယ့် လောကဓံကို ညီမအနိုင်ယူခဲ့တယ်..ညီမ ရိုးရိုးသားသားနဲ့ ဘ၀ကို ရင်ဆိုင်သွားပါတယ် အကို” ထုံးစံအတိုင်း ..ဆွံ့အစွာနဲ့ ကျွန်တော် ငြိမ်သက်နေမိတယ် ဘာမှ ပြန်မပြောဖြစ်ဘူး..ကျွန်တော် လှည့်ကြည့်လိုက်တော့ …ကျောခိုင်း ထွက်သွားတဲ့ သူမကိုပဲ မြင်ရတော့တယ် …….. ကျွန်တော် လမ်းဘေးအုတ်ခုံလေးမှာ ထိုင်နေတယ် ဒီနေ့ နေ့လည်က ၀ိုင်း အသုဘကို သွားပို့ဖြစ်တယ်…. ဘာရယ် မဟုတ်ဘူး ..တွယ်ချိတ်လေးတွေ သူမအသက်နဲ့ တွက်ပြီး ၀ယ်.. ပြီးတော့ ချိတ်လေးတွေကို ဖြူတ်ပေး …မြေမှာ မြုပ်ပေးခဲ့တယ် သူမ လွတ်လပ်ပါစေ…ဖြစ်လေရာ ဘ၀တိုင်း တွယ်ချိတ်လေးကို ချွတ်ပေးရတဲ့ ဘ၀မျိုးနဲ့ဝေးကွာပါစေ … … အုတ်ခုံလေးမှာ ထိုင်ပြီး ကျွန်တော် ကောင်းကင်ကို မော့ကြည့်လိုက်တယ်.. ကြယ်ကလေးတွေနဲ့ လမင်းကြီး ကြားထဲမှာ .. ၀ိုင်းဆိုတဲ့ ၂တန်းအရွယ် ကလေးမလေး ပေါ်လာတယ်…ဆုလေးကိုင်လို့ သူ့မေမေကလဲ ပြုံးလို့ … ပြီးတော့ ကျွန်တော့်ကို ရီပြပြီး ….. သားအမိနှစ်ယောက် ပျော်ရွှင်စွာ လှည့်ထွက်သွားတယ် သွားတော့ ၀ိုင်းရေ နောက်ထပ် ဘ၀တွေ ဘ၀တွေ ..သံသရာမပြီးသရွေ့ ဆက်သွားနှင့်ပါနောင် ဘ၀ဆက်တိုင်း ဖြစ်လေရာမှာ ဒီဘ၀လို အဖြစ်ဆိုးမျိုးတွေ မတွေ့ပါစေနဲ့ဖြစ်လာတော့မှာ မဟုတ်ဘူးလို့လဲ အကို ယုံပါတယ် ညီမလေးက ဘ၀ပေးအခြေအနေ ကံကြမာဆိုးကြောင့်ဘ၀ပျက်ခဲ့ပေမယ့် … စိတ်ဓါတ်တွေမှ မပျက်စီးခဲ့တာ ခိုင်မာတည်ကြည်တဲ့ စိတ်ဓါတ်နဲ့ လောကဓံကို အရှုံးမပေးကျော်လွှားပြခဲ့တဲ့ညီမလေး တစ်ကယ်တော်ပါတယ်ငါ့ညီမ တစ်ကယ်တော်ပါတယ်ကွာ …. ”၀ိုင်း ကောင်းရာမွန်ရာ ရောက်ပါစေ”

အီတလီနိုင်ငံ ရောမမြို့တော်ငလျင်ဒဏ်ကြောင့် သေဆုံးသူ၂၅၀ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း အီတလီအာဏာပိုင်များက ထုတ်ပြန်ကြေညာ

အီတလီနိုင်ငံ ရောမမြို့တော်အနီးတွင် သြဂုတ် ၂၄ ရက်က လှုပ်ခတ်သွားခဲ့သော ငလျင်ဒဏ်ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူလူဦးရေမှာ ၂၅၀ အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း အီတလီ အာဏာပိုင်များက သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေငြာသွားခဲ့ကြောင်း Reuter သတင်းဌာနက ရေးသားဖော်ပြသွားခဲ့သည်။ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့သော အဆောက်အဦးအရေအတွက်ကိုမူ ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်နိုင်သေးခြင်းမရှိဘူး၊ လတ်တလော လူကယ်ဆယ်ရေး လုပ်ငန်းများကိုသာ နေ့ညမပြတ် ဆောင်ရွက်နေကြကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့် အိမ်ပြိုကျသွားခဲ့ရာမှ ပိတ်မိနေခဲ့သော အသက် ၄၅ နှစ်အရွယ် အလက်ဇန္ဒာအမည်ရှိ အမျိုးသမီးသည် ပိတ်မိနေသော အိမ်အောက်မှ ကိုယ်တိုင် တွားသွားကာ တူးတက်လာနိုင်ခဲ့ပြီးနောက် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည်။ အလက်ဇန္ဒာက “ငလျင်ဒဏ်သင့်ခဲ့တဲ့ ပြည်သူတွေဟာ ကျွန်မလိုပဲ သူတို့ပိုင်ဆိုင်တဲ့ အရာအားလုံးကို ဆုံးရှုံးခဲ့ကြရတယ်၊ အသက်ဘေးမှ လွတ်မြောက်ခဲ့တဲ့ သူတွေအနေနဲ့လည်း အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အချိန်တိုင်းမိနစ်တိုင်း ကြိုးစားကြရတော့မယ်၊ ကျွန်မတို့လို လွတ်မြောက်ခဲ့တဲ့သူတွေဟာ အရမ်းကို ကံကောင်းခဲ့တယ်လို့ ဆိုရမယ်၊ ငလျင်ဒဏ်သင့်တဲ့ ဒေသက ဒေသခံ တစ်ဝက်ကျော်လောက်နီးပါးအထိ သေဆုံးသွားခဲ့ကြတယ်၊ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောကြားသွားခဲ့သည်။ငလျင်ဒဏ်သင့်ဒေသသို့ အီတလီဝန်ကြီးချုပ် ရန်ဇီကိုယ်တိုင်သွားရောက်ကြည့်ရှုစစ်ဆေးနေပြီး၊ ကယ်ဆယ်ရေး ၀န်ထမ်းများကလည်း နေ့ညမပြတ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ပျောက်ဆုံးနေဆဲ လူဦးရေ စာရင်းကို အတိအကျမသိရသေးသော်လည်း ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် ကရိန်းများဖြင့် ပြိုကျခဲ့သော အိမ်များကို ဖယ်ရှားကာ အောက်တွင် ပိတ်မိနေတဲ့ ဒေသခံများကို ကယ်တင်နိုင်ရန် ကြိုးစားနေကြကြောင်း သိရသည်။

တရုတ် သစ်မှောင်ခိုအဖွဲ့များအား ပြည်သူ့စစ်အဖွဲ့ဝင်များက ကူညီနေ


ကချင်ပြည်နယ်အတွင်း ကမ္ဘာ့ အရှားပါးဆုံး တန်ဖိုးကြီး သစ်အမျိုးအစား အချို့အား ခေါင်လံဖူး ပြည်သူ့စစ် အဖွဲ့ဝင်များ၏ အကူအညီဖြင့် တရုတ်သစ် မှောင်ခိုများက ခိုးယူလျက်ရှိသည်ဟု ကချင်ပြည်နယ် အမှတ် ၁ မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးဂျေယောဝူက ပြောကြားခဲ့သည်။ ထိုသစ်မှောင်ခိုထုတ်မှုအား ကန့်ကွက်သူ ဒေသခံများမှာ ခြိမ်းခြောက်ခြင်း၊ နှိပ်စက်ခြင်းများ ခံနေရသည်ဟု ဦးဂျေယောဝူက ဆိုသည်။“သစ်မှောင်ခိုတွေက တိုင်းပြည်ဝင်ငွေကို ထိခိုက်နစ်နာစေပါတယ်။ ဒေသခံတွေက ခြိမ်းခြောက်ခံနေရပါတယ်။ အစိုးရက အရေးယူမှုတွေ လုပ်နိုင်ဖို့ ဒီကိစ္စကို လွှတ်တော်မှာ တင်သွင်းသွားပါမယ်” ဟု ဦးဂျေယောဝူက ပြောကြားခဲ့သည်။

သစ်မောင်ခို ထုတ်ခြင်းကို နယ်ခြားမှတ်တိုင်အမှတ် ၃၀ နှင့် ၄၆ ကြား၊ ခေါင်လံဖူးပြည်သူ့စစ် ထိန်းချုပ်ဧရိယာတွင် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ 

သစ်မှောင်ခိုသမားများက သစ်မင်းဘုရင်နှင့် ကျောက်ထူးရူး အပါအ၀င် ရှားပါးတန်ဖိုးကြီး သစ်များ ခုတ်လှဲထုတ်ယူလျက် ရှိသည်ဟု ဆိုသည်။ ထိုသစ်များမှာ တန်ဖိုးကြီး အခေါင်းများပြုလုပ်ရာတွင် အသုံးပြုလေ့ရှိပြီး အခေါင်းအတွင်း ထည့်သွင်းမြှုပ်နှံထားသည့် အလောင်းအား ပုပ်ပွသွားခြင်း မရှိအောင် ထိန်းသိမ်းထားနိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြသည်။

ဦးဂျေယောဝူက “သူတို့က ဒီသစ်တွေကို အခေါင်းတွေ၊ ဆက်တီတွေ၊ ခုတင်နဲ့ စားပွဲတွေ လုပ်ရာမှာ သုံးပါတယ်။ ဒီသစ်တွေနဲ့ လုပ်တဲ့ ဆက်တီ တစ်စုံကို မြန်မာငွေ သိန်း ၈၀၀ လောက် တန်ပြီး စားပွဲက သိန်း ၄၀၀ လောက် တန်ပါတယ်။ အခေါင်းဆိုရင် သိန်း ၁၀၀၀ တန်လောက်အထိ ရှိပါတယ်။ ပြည်သူ့စစ်တွေက ဒီအဖိုးတန်သစ် ထရပ်ကားတစ်စီးစာ ( တန် ၂၀ မှ ၃၀ ) ကို ယွမ် နှစ်သိန်း (ကျပ်သိန်း ၃၅၀ ခန့်)နဲ့ ရောင်းပါတယ်” ဟု ဆိုသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ဗုဒ္ဓရုပ်ပွားတော်အတွင်းအဝတ်စများထည့်သွင်းထားသည့်အတွက် ကိုးကွယ်သူများစိတ်အနှောက်ယှတ်ဖြစ်နေ


မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် အောင်သာယာ မြို့သစ်အတွင်းအလှူရှင်တစ်ဦးက ထိုင်နိုင်ငံမှ တင်သွင်းလာသည့် ညဏ်တော် ၁၁လက်မရှိ ဗုဒ္ဓရုပ်ပွားတော်အဆူ၃၅၀၀၀ ကို ရပ်ကွက်နေ   ပြည်သူများကိုးကွယ်စေရန်ရည်ရွယ်၍လှူဒါန်းခဲ့သော်လည်း ရုပ်ပွားတော်

များ၏ ဝမ်းဗိုက်များအတွင်း အဝတ်စများတွေ့ရှိရသဖြင့် ဗုဒ္ဓရုပ်ပွားတော် ရရှိထားသူများနှင့် မဘသအဖွဲ့အနေဖြင့် စိတ်အနှောက်ယှတ်ဖြစ်နေရ ကြောင်းသိရသည်။

“ဗုဒ္ဓဆင်းတုတော်တွေက ထိုင်နိုင်ငံက မြဘုရားပုံတူတွေပါ မန္တလေးမြို့ကမြို့မျက်နာဖုံသူဋ္ဌေးကြီးတစ်ယောက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ကတစ်ဆင့်လှူဒါန်းပေးတယ်။

ဘုရားပလ္လင်တော်အောက်ကိုကြည့်ရာ ကွဲကြောင်းအတွင်း အဝတ်စထည့်သွင်းထားတာကိုတွေ့တော့ ခွာကြည့်ရာနေဘာအစတွေလည်းမသိရဘူးတွေ့ရတယ်။

အဲဒါနဲ့မဘသအဖွဲ့ဝင်ဆရာတော်ကြီးတစ်ပါကို အသိပေးပြီး ဘုရားရုပ်ပွားတော်အောက်ပိုင်းကို ဖွင့်ကြည့်တော့ ဗုဒ္ဓရုပ်ပွား ဝမ်းဗိုက်အတွင် အထည်ချုပ်စက်ရုံ များမှစွန့်ပစ်တဲ့အ၀တ်အစများနှင့်ကျောက်ခဲတစ်ချို့တွေ့ရတယ်။ ဘာအတွက်ထည့်ထားတယ်မသိတော့ အိမ်မှာမကိုးကွယ်ရဲကြလို့ စွန်ပစ်သူများပါရှိသလို မဘသအဖွဲ့ကိုကြောင်းကြားသူကကြား၊သက်ဆိုင်ရာတာဝန်ရှိသူများ ထံသတင်းပေးသူကပေးနဲ့ဖြစ်ကုန်ကြတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

ရပ်ကွက်နေပြည်သူများဗုဒ္ဓရုပ်ပွားတော်ကိုးကွယ်နိုင်ရန်လှူဒါန်းသည့်အတွက်ဝင်ရောက်မစွက်ဖက်လိုကြောင်း အုပ်ချုပ်ရေးမှူးဦးမြင့်အောင် ကပြောသဖြင့် မဘသအဖွဲ့ဝင်ဆရာတော်များသည်ဗုဒ္ဓရုပ်ပွားတော်များ ပင့်ဆောင်ကာ ဆရာတော်ဦးဝိရသူထံ တင်ပြကာကန့်ကွက်သွား မည်ဖြစ်ကြောင်းလည်း ဒေသခံများ၏ပြောပြချက်များအရသိရသည်။
စိုင်းထူးခန့် 

Latest News For You

Follow

Get every new post delivered to your Inbox.