Category Archives: ပြည်ပသတင်း

ပါကစ္စတန် အကြမ်းဖက်တိုက်ဖျက်ရေး တာဝန်ခံ တဒါဇင်ကျော် အဖမ်းခံရ

ပါကစ္စတန် နိုင်ငံမှာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး တာဝန်ရှိသူ တဒါဇင်ကျော်ကို တနင်္ဂနွေနေ့က အစိုးရက ဖမ်းဆီးကြောင်း AP သတင်းက ဖော်ပြပါတယ်။ လူလတ်ပိုင်း ဇနီးမောင်နှံ နှစ်ဦး၊ သူတို့ရဲ့ ဆယ်ကျော်သက် အရွယ် သမီးနဲ့ မိသားစု မိတ်ဆွေတို့ကို အရာရှိတွေက သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးနောက် တနေ့မှာဘဲ အခုလို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ အရာရှိတွေကတော့ အစ္စလာမ္မစ် အစွန်းရောက် IS စစ်သွေးကြွတွေနဲ့ ပစ်ခတ်မှုလို့ ပြောဆိုခဲ့ကြတာပါ။

ဒါပေမယ့်လည်း မျက်မြင်တွေ့သူတွေနဲ့ ဆွေမျိုးတွေကတော့ သေနတ်နဲ့ သွေးအေးအေး ပစ်သတ်ခံခဲ့ရတာလို့ ပြောဆိုထားပါတယ်။ Sahiwal မြို့မှာ ဆွေမျိုးတွေက နေရာက ဖယ်မပေးဘဲ ဆန္ဒပြကြပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို အာဏာပိုင်တွေကို ဖယ်ရှားခွင့် မပြုခဲ့ဘူးလို့လည်း ပါကစ္စတန် သတင်းစာ Dawn က ဖော်ပြပါတယ်။ မင်္ဂလာဆောင်ပွဲ တခုကို တက်ဖို့ အသွားမှာ ရဲတွေက ပစ်ခတ်ခဲ့တာလို့ ကျန်ဖြစ်သူ သားဖြစ်သူက ပြောဆိုတာကို Dawn သတင်းစာရဲ့ ဖော်ပြထားပြီး ပါကစ္စတန် ရုပ်သံကလည်း သားဖြစ်သူရဲ့ ဗီဒီယိုကို ထုတ်လွှင့်ခဲ့ပါတယ်။

ကားထဲမှာလည်း ဘာလက်နက်မှ မပါဘူးလို့ သားဖြစ်သူက ပြောပါတယ်။ ကားထဲကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာ မရှိဘူးလို့လည်း မျက်မြင်တွေရဲ့ အတည်ပြု ပြောဆိုချက်ကို Dawn သတင်းမှာ ဖော်ပြပါတယ်။ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး ရဲတပ်ဖွဲ့ အနေနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သလိုဘဲ လူတိုင်းဟာလည်း တရားဥပဒေကို လိုက်နာကြရမှာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် Imran Khan က တွစ်တာမှာ ရေးသားပါတယ်။

မိဘတွေ ပစ်ခတ်သတ်ဖြတ်ခံရတာကို မျက်မြင်တွေ့ခဲ့ရတဲ့ ကလေးတွေကို တွေ့ရတဲ့ အတွက်လည်း တုန်လှုပ်ခြောက်ခြားရကြောင်း၊ ဒီကလေးတွေကို နိုင်ငံက တာဝန်ရှိတဲ့ အတိုင်း အပြည့်အ၀ စောင့်ရှောက်သွားမယ်လို့ ၀န်ကြီးချုပ်က ရေးသားခဲ့ပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့ မိသားစု အတွင်းက သမီးငယ် နှစ်ဦးလည်း အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။

ရုရှားစစ်ထောက်လှမ်းရေး အကြီးအကဲကို EU အရေးယူဒဏ်ခတ်

ရုရှားစစ်ထောက်လှမ်းရေးဌာန GRU အကြီးအကဲအပါအဝင် ရုရှားနဲ့ ဆီးရီးယားတာဝန်ရှိသူ ၉ ယောက်ကို EU ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်ပါတယ်။ ဓါတုလက်နက်ဆိုင်ရာ အရေးယူဒဏ်ခတ်မှုတွေကို EU က အခုပထမဆုံး လုပ်လိုက်တာဖြစ်ပါတယ်။

ရုရှားသူလျှိုဟောင်း Sergei Skripal နဲ့သူ့သမီးတို့ကို ဗြိတိန်နိုင်ငံမှာ ဓါတုအဆိပ်သုံး သတ်ဖို့ကြိုးစားခဲ့မှုမှာ ဓါတုလက်နက်ပိုင်ဆိုင်၊ ပို့ဆောင် အသုံးပြုမှုတို့နဲ့ GRU အကြီးအကဲ၊ ဒုအကြီးအကဲနဲ့ တာဝန်ရှိသူ ၂ ယောက်ကို ခရီးသွားလာ ကန့်သတ်တာ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာ ပါဝင်တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်တယ်လို့ EU နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဓါတုလက်နက်နဲ့ တိုက်ခိုက်မှုကြောင့် ဆီးရီးယားအပေါ် အရေးယူမှုမှာတော့ ဆီးရီးယားမှာ ဓါတုလက်နက်စမ်းသပ် ထုတ်လုပ်မှုနဲ့ပါတ်သက်နေတဲ့ လုပ်ငန်းတွေနဲ့ ဆီးရီးယားတာဝန်ရှိသူ ၅ ယောက်ကို ကန့်သတ်ချက်တွေချလိုက်ပါတယ်။ Sergei Skripal နဲ့သမီးဖြစ်သူတို့ ဓါတုအဆိပ်နဲ့သတ်ဖို့ကြိုးစားမှုဟာ သူ့တို့လက်ချက်မဟုတ်ဘူးလို့ ရုရှားကတော့ ငြင်းဆန်ထားပါတယ်။

မာလီတိုက်ခိုက်မှု ကုလငြိမ်းချမ်းရေးထိန်း တပ်သား ၁၀ ဦး သေဆုံး

မာလီနိုင်ငံ မြောက်ပိုင်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း စခန်းတခုကို ဘယ်သူတွေမှန်း မသိရတဲ့ သေနတ်သမားတွေက တိုက်ခိုက်ခဲ့တာမှာ ချဒ်နိုင်ငံက ကုလ ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုက စစ်ရာဇ၀တ်မှု ဖြစ်နိုင်ခြေ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုပြီး ရှုတ်ချပါတယ်။ ချဒ် အစိုးရနဲ့ သေဆုံးရသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း ကုလအတွင်းရေးမှူးချုပ် Guterres က သတင်းစကား ပြောဆိုတဲ့ အကြောင်း ပြောခွင့်ရက ပြောပါတယ်။

အန္တရာယ်ကြားမှာ ဒုက္ခခံပြီး တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသားတွေ အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိနဲ့ နှစ်မြုပ် ဆောင်ရွက်မှုတွေ အတွက်လည်း ဂုဏ်ပြုတဲ့ အကြောင်း ကုလ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

မာလီနိုင်ငံ Kidal ဒေသက Aguelhok မှာ ရှိတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း စခန်းကို သေနတ်သမားတွေက လက်နက်တပ်ဆင်ထားတဲ့ ကားတွေနဲ့ ရောက်ရှိလာပြီးနောက် အလစ်ဝင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်သူတွေကို ကုလ တပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့ပေမယ့်လည်း ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ရပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှုက ဘယ်သူ့လက်ချက် ဆိုတာ မသိရသလို တိုက်ခိုက်ခဲ့သူတွေဘက်က သေဆုံးသူ အရေအတွက်ကိုလည်း မသိရပါဘူး။

ကမ္ဘာ့ အသက်အကြီးဆုံး ဂျပန်အဖိုးအို ကွယ်လွန်

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းက အာရှို့ရိုး Ashoro မြို့မှာနေထိုင်တဲ့ ဂျပန်အဖိုးအို မာဆဇို့-နိုမက Masazo Nomaka ဟာ အိပ်ပျော်နေစဉ် တနင်္ဂနွေမနက် အစောပိုင်း ၊ အသက် ၁၁၃ နှစ်အရွယ်မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သူဟာ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားတဦး ဖြစ်ပါတယ်။

သူ့မြေးမဖြစ်သူ Yuko က သူ့အဖိုးဟာ မကွယ်လွန်ခင်အထိ ကျန်းကျန်းမာမာနဲ့ ပုံမှန်ရှိနေပြီး မိသားစုအတွက် ဘာဒုက္ခမှ ပေးခဲ့တာမရှိဘူးလို့ ဆိုပါတယ်။ ကမ္ဘာကျော်သိပ္ပံပညာရှင် အိုင်းစတိုင်းရဲ့ Relativity theory ကို မထုတ်ပြန်ခင် လပိုင်းအလို ၁၉၀၅ ခုနှစ်မှာ မစ္စတာ Nomaka ကို မွေးဖွားခဲ့တာပါ။

Nomaka ရဲ့မိသားစုဟာ ရေနွေးစိမ်တဲ့ ဂျပန်ရိုးရာ ရေပူစမ်းလုပ်ငန်းကို မျိုးဆက်ပေါင်း ၄ ခုအထိ လုပ်ကိုင်လာခဲ့ပြီး အခုချိန်ထိလည်း လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ၁၉၀၄ နှစ်မှာမွေးဖွားတဲ့ အသက် ၁၁၄ နှစ်အရွယ် စပိန်နိုင်ငံသား Spaniard Francisco Nunez Olivera မနှစ်က သေဆုံးသွားတဲ့နောက်မှာ Nomaka ကို ကမ္ဘာ့ Guinness စံချိန်ဝင်သူအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ 

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အသက်ရှည်တဲ့ အဖိုးအဖွား အများစုရှိရာ တိုင်းပြည်ဖြစ်ပါတယ်။ Jiroemon Kimura ဂျီရိုး-အဲ့မွန်း-ခိမုရာ ဆိုတဲ့အဖွားအိုဟာ အသက် ၁၁၆ နှစ်အရွယ် ၂၀၁၃ ဂျွန်လက ကွယ်လွန်ခဲ့ပါတယ်။

ပလက်ဝမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

ခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ် တရာအိုင်ရွာရဲ့ အနောက်မြောက်ဘက်မှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ မနေ့က ဇန်နဝါရီလ ၁၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

မနေ့က နေ့လယ်ပိုင်းမှာ ရှင်မလိန်ရွာနဲ့ တရာအိုင်ရွာအကြားမှာ တိုက်ပွဲဖြစ်ကြတာလို့ AA သတင်းပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ဘဲ မနေ့ကမှ ပြန်လည်ဖြစ်ပွားခဲ့ကြတာလို့ ပြောပါတယ်။

နှစ်ဖက်ထိခိုက်ကျဆုံးမှု အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။  မနေ့က တိုက်ပွဲဖြစ်ပွားမှု အခြေအနေနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ၀င်းဇော်ဦးကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းကဖြစ်ပြီး နှစ်လနီးပါးကြာမြင့်နေပြီဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စုစုပေါင်း ၆ ထောင်လောက်ရှိနေပြီး အတော်များများဟာ သူတို့နေရပ်ဆီ မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

ကန်အစိုးရအသုံးစရိတ်နဲ့ နယ်စပ်လုံခြုံရေးရန်ပုံငွေကိစ္စ သမ္မတထရမ့် မိန့်ခွန်းပြောမည်

အမေရိကန်ပြည်ထောင်စုမှာ အစိုးရယန္တရားတစိတ်တပိုင်း ရပ်ထားရတဲ့ကိစ္စနဲ့ နယ်စပ်လုံခြုံရေးကိစ္စတို့နဲ့ ပတ်သက်ပြီး ဒီကနေ့ စနေနေ့မှာ အရေးကြီးတဲ့ကြေညာချက်ထုတ်မယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောပါတယ်။

ဒေသစံတော်ချိန် ညနေ ၃ နာရီမှာ အိမ်ဖြူတော်ကနေ သမ္မတ Trump မိန့်ခွန်းပြောမှာဖြစ်ပြီး သူ့အဆို တောင်ပိုင်းနယ်စပ်က လူသားချင်းစာနာမှုနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပြောကြားမယ်၊ တောင်ပိုင်း နယ်စပ်ကို လုံခြုံအောင်မထားနိုင်ဘူးဆိုရင် တို့တွေဟာ သိပ်ကိုဉာဏ်နည်းတဲ့ သနားစရာသတ္တဝါတွေပဲလို့ သမ္မတက ပြောပါတယ်။

အရီဇိုးနားပြည်နယ် သဲကန္တာရမှာ တဘက်နိုင်ငံက တရားမဝင်လာရောက်သူ ၃၇၆ ဦး အမေရိကန်နယ်စပ် ဂိတ်ကို ခြေလျင်ခရီးနဲ့ရောက်လာပြီး အဲဒီမှာ နယ်စပ်ဝင်ခွင့်ရဖို့ တန်းစီနေကြတဲ့ ဗွီဒီယို ၂ ခုကို Twitter လူမှု ကွန်ယက်စာမျက်နှာမှာ တင်လိုက်ပါတယ်။ သူတို့တွေ အားလုံးနီးပါးက မိသားစုလိုက်လာကြတာတွေ၊ လူကြီး မပါတဲ့ အသက်မပြည့်ကလေးတွေ ဖြစ်တယ်လို့လည်း ရေးထားပါတယ်။

ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန် ပါတီတို့အကြား ဒီနယ်စပ်တံတိုင်းကာရေးကိစ္စ သဘောတူညီချက်မရလို့ အမေရိကန်အစိုးရလုပ်ငန်းတချို့ ရပ်နားထားရတာ စနေနေ့မှာ ၂၉ ရက် ပြည့်သွားပြီ ဖြစ်ပါတယ်။ သမ္မတက တံတိုင်းဆောက်ရေး ဒေါ်လာ သန်းပေါင်း ငါးထောင့်ခုနှစ်ရာ တောင်းထားပြီး ဒီမိုကရက်တို့ကတော့ နယ်စပ်လုံခြုံရေးအတွက် ဒေါ်လာသန်း တထောင်ပေးမယ်လို့ပဲ ပြောထားတာပါ။

အမျိုးသမီးချီတက်ပွဲ ကမ္ဘာတလွှားကျင်းပ

Women’s March လို့ နာမည်ပေးထားတဲ့ ဆန္ဒပြပွဲကို အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာတ၀ှမ်းက မြို့ ကြီးတွေမှာမနေ့စနေနေ့က ၃ နှစ်မြောက် ကျင်းပခဲ့တာမှာ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ဆန္ဒပြသူတွေ တောင်းဆိုကြတဲ့အချက်ထဲမှာ ကျား-မ တန်းတူညီမျှရေး၊ သဘာဝပတ်ဝန်းကျင်အပေါ် အာရုံစိုက်လာစေရေးနဲ့ ရွှေ့ပြောင်းအခြေချလာသူတွေရဲ့ အခွင့်အရေးတွေလည်းပါဝင်ပါတယ်။ အမေရိကန်အိမ်ဖြူတော်နဲ့ မလှမ်းမကမ်းမှာ ကျင်းပတဲ့ စုဝေးပွဲမှာတော့ Women’s March လှုပ်ရှားမှုကို သွေးခွဲပြီး ဟန့်တားလို့မရဘူးလို့ ပွဲဖြစ်မြောက်ရေး စီစဉ်ကျင်းပသူလည်းဖြစ်၊ transgender လို့ခေါ်တဲ့လိင်ပြောင်းထားသူတွေရဲ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ Abby Stein က ဆန္ဒပြသူတွေကို ပြောဆိုခဲ့ပါတယ်။ လူအတော်များများနဲ့ သတင်းဌာနတွေကပါ ဆန္ဒပြသူတွေကို သွေးခွဲနေပေမယ့် ခုလိုလာရောက်စုဝေးတာက ဆန္ဒပြသူတွေကြား မတူခြားနားတဲ့အချက်တွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ Abby ကပြောပါတယ်။

House of the Lord ဘုရားကျောင်းက ဘုန်းတော်ကြီးLeah Daughtry ကလည်း ဝါရှင်တန်က ဆန္ဒပြသူတွေကို လာရောက်မိန့်ခွန်းပြောကြားခဲ့တာပါ။ နယ်စပ်ကနေ အမေရိကန်ထဲဝင်လာအချိန်မှာ မိဘအုပ်ထိန်းသူတွေနဲ့ခွဲခံထားရတဲ့ ကလေးတွေ သူတို့မိဘတွေနဲ့ ပြန်လည်ပေါင်းစည်းနိုင်တဲ့အထိ ဆက်ပြီးတောင်းဆိုသွားမယ့်အပြင် ကလေးအားလုံး ပညာသင်ကြားခွင့်ရပြီး၊ လူတိုင်း အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု အပြည့်အ၀ရသည်အထိ မရပ်မနား တောင်းဆိုသွားမယ်လို့ ဘုန်းတော်ကြီးLeah Daughtry က ပြောပါတယ်။

Women’s March ရဲ့ ပထမဆုံးဆန္ဒပြပွဲကိုတော့ ၂၀၁၇ ခုနှစ်က သမ္မတ Donald Trump ကျမ်းသစ္စာကျိန်ဆိုပြီးနောက်တနေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

National Women March in Washington DC
National Women March in Washington DC

Women’s March အမျိုးသမီးထု ချီတက်ဆန္ဒပြပွဲကို တတိယနှစ်အဖြစ် အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီနဲ့ အခြားမြို့ကြီးတွေမှာ စနေနေ့က ကျင်းပခဲ့ကြပါတယ်။ ကျားမတန်းတူခွင့်ရရေး၊ သန္ဓေသားဖျက်ချမှုဆိုင်ရာ သဘောထား၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ ရွှေ့ပြောင်းအခြေချသူများ အခွင့်အရေး စတဲ့ကိစ္စရပ်တွေအတွက် ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

နိုင်ငံတဝှမ်းက အမျိုးသမီးထု ချီတက်ဆန္ဒပြပွဲကို သမ္မတဒေါ်နယ်ထရမ့် အိမ်ဖြူတော်မှာ ရုံးစထိုင်ခဲ့ချိန် ၂၀၁၇ ခုနှစ် ဇန်နဝါရီလထဲမှာပဲ ပထမဆုံး အကြိမ်အဖြစ် စတင်ခဲ့တာပါ၊ အဲဒီတုန်းက ဝါရှင်တန်ဒီစီမှာ လူသိန်းနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။ အခု ၂၀၁၉ ဇန်နဝါရီ ၁၉ မှာလုပ်တဲ့ တတိယ အကြိမ် အမျိုးသမီးထုချီတက်ပွဲမှာတော့ လူသောင်းဂဏန်းသာရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီလူထုချီတက်ပွဲကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ VOA ဝိုင်းတော်သူ မဆုမွန်ကို မေးမြန်းတဲ့အခါ သူက ခုလိုစပြောပါတယ်။

မဆုမွန်။ ။ အဓိက ကတော့ အမျိုးသမီးထုအားလုံးရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ အသားအရောင်မရွေး၊ အသက်အရွယ်မရွေး၊ နောက် လူထုလူတန်းစားမရွေး၊ အားလုံးကနေပြီးတော့ တခြား မြို့တွေ၊ နယ်တွေကနေ စုဝေးပြီးတော့မှ လာပြီးတော့ ချီတက်တောင်းဆို ဆန္ဒပြကြတာပေါ့နော်။ ဒီအမျိုးသမီးတွေနဲ့အတူတူ LGBT တွေလည်းပါတယ်။ အဓိကကတော့ အမျိုးသမီးထုအခွင့်အရေးနဲ့ပတ်သက်ပြီး အမျိုးသမီးတွေအားလုံးက တန်းတူ အခွင့်အရေးရှိရမယ်။ အဲဒီမှာ တချို့အမျိုးသမီးလေးတွေကလည်း ကိုင်ထားတာရှိတယ်ပေါ့နော်။ That’s my body. That’s my choise. ဒါ ကိုယ့်ရဲ့ခန္ဓာကိုယ်သာဖြစ်တယ်၊ ဒါ ကိုယ့်ရဲ့ဆုံးဖြတ်ချက်သာဖြစ်တယ်။ အထူးသဖြင့် ဒါက ကျမထင်တာကတော့ ကိုယ်ဝန်နဲ့ပတ်သက်ပြီးတော့ ကိုယ့်ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတဲ့ဟာမျိုး ပေါ့နော်။ ဒါပေမယ့် တခြားတဘက်မှာလည်း ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထောက်ခံတဲ့သူလည်း ပါနိုင်သလို ဒါနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့သူလည်း ပါနိုင်တယ်ပေါ့နော်။ ဒါပေမယ့် သူတို့အားလုံးရဲ့ တူညီတဲ့အချက်တခုကတော့ အမျိုးသမီးတွေက ကိုယ့်ရဲ့အခွင့်အရေးအတွက် ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချခွင့်ရှိသင့်တယ်ဆိုတဲ့အချက်မျိုးကို သူတို့က အဓိက Highlight လုပ်ပြီးတော့ ပြောချင်တဲ့သဘောလို့ ကျမ နားလည်ပါတယ်ရှင့်။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ နောက်တခုက အမေရိကန်နိုင်ငံရေးလောကမှာ အမျိုးသမီးပါဝင်မှုနှုန်း ပိုပြီးတော့ မြင့်မားစေချင်တဲ့တောင်းဆိုမှုတွေကိုရော တွေ့ရသေးလားခင်ဗျ။

မဆုမွန်။ ။ကျမထင်တာတော့ အဓိကက အမျိုးသမီးတွေရဲ့နိုင်ငံရေးမှာပါဝင်ခွင့်၊ နောက်ပြီးတဲ့အခါကျတော့ အမျိုးသမီးရဲ့အခွင့်အရေး၊ အမျိုးသမီးတွေရဲ့လှုပ်ရှားမှု၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးထုရဲ့အခွင့်အရေးကို အမျိုးသမီးထုကပဲ ကိုယ်ပိုင် တောင်းဆိုခွင့်ရှိမယ်။ ဒါကြောင့်မို့လို့ March for all women သူတို့ရဲ့ ဒီနေ့ ပရိုဂရမ်က။ အဲဒါကို ကျမ တွေ့နေရပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့၊ လူတွေက ဒီရာသီဥတုအောက်မှာ ဘယ်လို စိတ်အားထက်သန်မှုတွေ တွေ့ရပါလဲခင်ဗျ။

မဆုမွန်။ ။ ရာသီဥတုက တော်တော်လေးမှကို အေးတယ်၊ အေးတာမှအေးခဲပြီတော့ကို စိမ့်နေတယ်ပေါ့နော်။ ရေခဲမှတ်အောက်လောက်ကို ရောက်နေတဲ့အနေအထားမှာရှိနေတယ်။ ဒါပေမယ့် လူတွေက ကလေးလေးတွေလည်းပါတယ်။ အမျိုးသမီးတွေလည်းပါတယ်။ အဖွားကြီးတွေလည်း ပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါတယ်ပေါ့နော်။ ဒါပေမယ့် သူတို့က ဇွဲရှိရှိနဲ့တကယ်ကိုမှ စိတ်အားထက်သန်စွာနဲ့ပဲ လမ်းလျှောက်နေကြတာ တွေ့တယ်။ နောက်တခုက အဲဒီမှာ ကျမထူးဆန်းတာ နောက်တခုတွေ့ခဲ့တာကျတော့ ဆန္ဒပြတဲ့လမ်းကြောင်းတလျှောက်လုံးကိုလည်း လုံခြုံရေး အပြည့်ယူပေးထားတာကိုတွေ့တယ်။

၂၀၁၉ အမျိုးသမီးချီတက်ပွဲတွေကို နယူးယောက်၊ ကယ်လီဖိုးနီးယား၊ တက္ကဆက်၊ ဖလော်ရီဒါ၊ မီချီဂန်နဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်တွေ မှာလည်း ကျင်းပကြပါတယ်။

Credit – VOA Burmese

မြောက်ကိုရီးယား နြူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှု Trump အကောင်းမြင်

မြောက်ကိုရီးယားနိုင်ငံရဲ့ နြူကလီးယားအစီအစဉ်တွေ အဆုံးသတ်ရေး အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေ တိုးတက်မှုတွေရှိနေတဲ့အကြောင်း သမ္မတ Donald Trump က မနေ့ စနေနေ့ကပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အဆင့်မြင့်ကိုယ်စားလှယ် Kim Yong Chol နဲ့ သောကြာနေ့မှာ တွေ့ ဆုံဆွေးနွေးပြီး ဒုတိယ အကြိမ် ထိပ်သီးတွေ့ဆုံပွဲကို လာမယ့် ဖေဖော်ဝါရီလ နှောင်းပိုင်း မှာ ကျင်းပမယ့်အကြောင်းနဲ့ စည်းဝေးပွဲလုပ်မယ့်နေရာကိုတော့ နောက်ပိုင်းမှာ ကြေငြာ မယ် လို့ သမ္မတ Trump က ဆိုပါတယ်။ Kim Jong Un ရော သူ့ဘက်ကပါ နောက်ထပ် ထိပ်သီးတွေဆုံပွဲ ကျင်းပဖို့ စိတ်အားထက်သန်နေပါတယ်လို့လည်း သမ္မတ Trump ကသတင်းထောက်တွေကို အိမ်ဖြူတော်မှာ ပြောဆိုခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ၊ Danang မြို့ မှာတွေ့ဆုံဖို့ အလားအလာရှိတယ်လို့ သတင်း ရင်းမြစ်တွေ ကို ကိုးကားပြီး အမေရိကန်သတင်းဌာနတွေက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်းလည်းဖြစ်တဲ့ နြူကလီးယားဆိုင်ရာ အထူးသံ တမန်နဲ့ သမ္မတ Trump တို့ သမ္မအိမ်ဖြူတော် Oval ရုံးခန်းမှာတွေ့ဆုံပြီး ပထမဆုံး ကြေငြာချက်ထုတ်ပြန်ခဲ့တာပါ။ အဲဒီတွေ့ဆုံပွဲကိုတော့ မြောက်ကိုရီးယားရဲ့ နြူကလီးယား အစီအစဉ်တွေ အဆုံးသတ်ရေးအတွက် ရည်ရွယ် ပြုလုပ်တဲ့ ဆွေးနွေးပွဲလို့ အိမ်ဖြူတော်က နာမည်ပေးပါတယ်။

ခေါင်းဆောင် Kim Jong Un ရဲ့ ညာလက်ရုံးလို့လည်း တင်စား ခေါ်ဆိုခြင်းခံရတဲ့ အထူး သံတမန်နဲ့ သမ္မတ Trump တို့ရဲ့ တွေ့ဆုံမှုဟာ မိနစ် ၉၀ လောက် ကြာမြင့်ခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ကိစ္စ ထင်မြင်ချက် မပေးလိုကြောင်း ဦးဇော်ဌေးပြော

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ကို ပြတ်ပြတ်သားသား ချေမှုန်းဖို့ပြောဆိုခဲ့ကြောင်း တပ်မတော်က မနေ့က ပြောကြားလိုက်တဲ့အပေါ် အစိုးရအနေနဲ့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

နေပြည်တော်က သတင်းထောက်တွေကို နိုင်ငံတော် သမ္မတ အိမ်တော်မှာ ဒီနေ့ နေ့လယ်က ခေါ်ယူတွေ့ဆုံပြီး ရှင်းလင်းချက်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

နေပြည်တော်က တပ်မတော်စစ်သမိုင်းပြတိုက်မှာ မနေ့က ကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ထွန်းထွန်းညီက ရက္ခိုင့်တပ်မတော် AA ကို အကြမ်းဖက် သောင်းကျန်းသူအဖြစ် ပြတ်ပြတ်သားသား ချေမှုန်းဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း ပြောခဲ့ပါတယ်။

အစိုးရအနေနဲ့ အချုပ်ခြာအာဏာနဲ့ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွေကို AA သောင်းကျန်းသူအဖွဲ့က တိုက်ခိုက်ခဲ့တာဟာ နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်ကို ထိခိုက်စေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပြင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေ လုံခြုံဘေးကင်းရေးကို ထိပါးနှောင့်ယှက်တဲ့ လုပ်ဆောင်ချက်တွေကို ထိရောက်တဲ့ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးအဖြစ် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Donald Trump နဲ့ Kim Jong Un ဖေဖေါ်ဝါရီလကုန်တွေ့မည်

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ၂ ဦးတို့ရဲ့ ဒုတိယ အကြိမ်မြောက် ထိပ်သီး ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလကုန်ပိုင်းမှာ ပြုလုပ်ဖြစ်မယ်လို့ သမ္မတ အိမ်ဖြူတော်က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ထိပ်သီး စည်းဝေးပွဲနေရာကိုတော့ နောက်ပိုင်းမှာ အသိပေးမယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ နြူကလီယား အစီအစဉ်တွေ အဆုံးသတ်ရေးအတွက် ရည်ရွယ် ပြုလုပ်တဲ့ ဆွေးနွေးပွဲလို့ အိမ်ဖြူတော်က အမည်ပေးထားတဲ့ ဒုတိယအကြိမ် ထိပ်သီးစည်းဝေးပွဲ ကျင်းပမယ့်အကြောင်းကိုတော့ မြောက်ကိုရီးယားရဲ့ ထိပ်တန်း နြူကလီးယားဆိုင်ရာ အထူးသံတမန် Kim Yong Chol နဲ့ သမ္မတ Trump တို့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီး ကြေညာလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်းလည်းဖြစ်သလို၊ ခေါင်းဆောင် Kim Jong Un ရဲ့ ညာလက်ရုံးလို့လည်း တင်စား ခေါ်ဆိုခြင်းခံရတဲ့ အထူးသံတမန်နဲ့ သမ္မတ Trump တို့ရဲ့ တွေ့ဆုံမှုဟာ မိနစ် ၉၀ လောက် ကြာလိုက်တယ်လို့ ဆိုပါတယ်။

သမ္မတ Trump အစိုးရအနေနဲ့ မြောက်ကိုရီးယားအရေးမှာ တိုးတက်မှုတွေရှိလာအောင် ဆက်လက် လုပ်ဆောင်နေကြောင်း တွေ့ဆုံမှုအပြီးမှာ အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က သတင်းထောက်တွေကို ပြောပါတယ်။

သောကြာနေ့ အစောပိုင်းတုန်းကတော့ မြောက်ကိုရီးယား ကိုယ်စားလှယ် Kim Yong Chol ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဝါရှင်တန် ဒီစီက ဟိုတယ်တခုမှာ တွေ့ဆုံခဲ့ပါတယ်။