ကိုယ့်ဓာတ်ပုံကို ညစ်ညမ်း အွန်လိုင်းစာမျက်နှာတွေမှာ အတင်ခံရရင် ဘယ်လိုလုပ်ရမလဲ


ဘယ်အကြောင်းကိုမှ မပြောခင် လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို အရင်စပြောပါရစေ။ အိန္ဒိယက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ဓာတ်ပုံကို ညစ်ညမ်း အွန်လိုင်းစာမျက်နှာမှာ လိင်အပျော်မယ်တစ်ဦးအဖြစ် လုပ်ကြံဖော်ပြခံခဲ့ရတာကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ ပြည်တွင်းမှာဆိုရင်လည်း အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကို ညစ်ညမ်း အွန်လိုင်းစာမျက်နှာတွေမှာ လိင်အပျော်မယ်အဖြစ် ဖော်ပြခံရတာ၊ ခြိမ်းခြောက်ငွေတောင်းခံတာ၊ မက်ဆေ့ခ်ျကနေ ဆဲဆိုတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ဖြစ်ပွားနေတာ တွေ့ရပါတယ်။ ဒီလိုအဖြစ်အပျက်တွေဟာ အမျိုးသမီးတွေရဲ့ ဘဝကို များစွာ ထိခိုက်စေနိုင်ပါတယ်။ ဒီလိုဖြစ်ပွားလာခဲ့ရင် ဘယ်လိုဆောင်ရွက်ရမယ်၊ မဖြစ်ပွားအောင် ဘယ်လိုနေထိုင်သင့်တယ် ဆိုတာတွေကို ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်ပုံကို ညစ်ညမ်း အွန်လိုင်းစာမျက်နှာမှာ အတင်ခံရရင် ဒီနေရာမှာ လုပ်ဆောင်ရမှာက နှစ်ပိုင်းပါ။ ဥပဒေရဲ့ အကာအကွယ်ကို ယူတဲ့အပိုင်းနဲ့ နည်းပညာရဲ့ အကူအညီကို ယူတဲ့ အပိုင်းပါ။ ဘယ်လိုတွေ လုပ်ဆောင်ရမလဲ ဆက်ကြည့်ရအောင်။
နယ်မြေခံရဲတပ်ဖွဲ့ကို တိုင်ကြားပါ

ကိုယ့်ဓာတ်ပုံကို အသုံးပြုပြီး အွန်လိုင်းမှာ မဟုတ်မမှန် လုပ်ကြံပြီး သိက္ခာချတာမျိုးအတွက် ရဲတပ်ဖွဲ့ကို တိုင်ကြားနိုင်ပါတယ်။ လိုအပ်တဲ့ သက်သေခံ မှတ်တမ်းတွေကို တင်ပြပြီး သက်ဆိုင်ရာ မြို့နယ် ရဲစခန်းတွေမှာ အမှုဖွင့်တိုင်ကြားနိုင်ပါတယ်။ မြို့နယ်အလိုက် ရဲတပ်ဖွဲ့တွေက အမှုဖွင့်ပြီးတဲ့နောက်မှာ နည်းပညာ ကျွမ်းကျင်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လိုအပ်သလို စစ်ဆေးဖော်ထုတ် အရေးယူမှုတွေ လုပ်ပေးနိုင်တယ်လို့ ရဲအရာရှိတစ်ဦးက အကြံပြုထားပါတယ်။
နည်းပညာ အကူအညီ

ပြည်တွင်းမှာတော့ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး လိင်အပျော်မယ်အဖြစ် ဖော်ပြတာမျိုးက ဖေ့ဘွတ်စာမျက်နှာမှာပါ။ ဖေ့ဘွတ်အဖွဲ့ကို ကိုယ့်ရဲ့ ပြဿနာကို တင်ပြပြီး ကိုယ့်ပုံတွေကို ညစ်ညမ်းစာမျက်နှာတွေကနေဖျက်ဖို့ အကူအညီ တောင်းနိုင်ပါတယ်။ ကိုယ့်ရဲ့ဓာတ်ပုံကို ရယူပြီး ဒီစာမျက်နှာမှာတော့ လိင်အပျော်မယ်အဖြစ် လုပ်ကြံဖော်ပြထားပါတယ် ဆိုတာမျိုးကို မြန်မာလို ရေးပြီးတောင် ဖေ့ဘွတ်အဖွဲ့ဆီကို Report လုပ်လို့ ရနိုင်တယ်လို့ ပြည်တွင်း လုံခြုံရေးပညာရှင် တစ်ဦးက အကြံပြု ပြောဆိုထားပါတယ်။
လူမှုကွန်ရက်မှာ ဘယ်လိုနေထိုင်မလဲ

အများအားဖြင့် ကိုယ့်ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်ကပဲ ရယူကြတာပါ။ ကိုယ့်ရဲ့ မိတ်ဆွေစာရင်းကို စိစစ်ပါ။ ကိုယ်ရေးအချက်အလက် မပြည့်စုံတဲ့၊ ဘယ်သူလဲ ဘယ်ကလဲ မသိသူတွေကို မိတ်ဆွေစာရင်းထဲ ထည့်မထားတာ ပိုကောင်းပါလိမ့်မယ်။ ကိုယ့်ရဲ့ လူမှုကွန်ရက် ကိုယ်ရေးမှတ်တမ်းကိုလည်း မိတ်ဆွေစာရင်းထဲက သူတွေပဲ မြင်နိုင်အောင် Friend Only လုပ်ထားပါ။ ဒါကလည်း အတိုင်းအတာတစ်ခုအထိပဲ ကာကွယ်နိုင်မှာပါ။ မိတ်ဆွေစာရင်းကိုတော့ အတတ်နိုင်ဆုံး စိစစ်ပါ။ လူမုန်းမများအောင်လည်း နေထိုင်ပါ။ မကောင်းကြံမယ့်သူ မဟုတ်ရင်တောင် အငြိုးအတေးကြောင့်လည်း ကိုယ့်ကို သိက္ခာချမယ့်သူ ရှိလာနိုင်ပါတယ်။
ဓာတ်ပုံတင်တာ သတိထား

သွားသွားလာလာ၊ စားစားသောက်သောက် ပုံတွေတင်တာက ပြဿနာ မရှိလှပေမယ့် အိပ်ခန်းထဲက ကိုယ်တစ်ယောက်တည်း ပုံကတော့ မကောင်းကြံချင်သူရဲ့ ပစ်မှတ်ပါပဲ။ စဉ်းစားကြည့်လေ။ သူငယ်ချင်းတွေ အများကြီးနဲ့ သွားလာစားသောက်နေတဲ့ပုံကို လိင်အပျော်မယ်ပါလို့ ဘယ်သူက ယူတင်ပါ့မလဲ။ ကိုယ့်အလှတရားတွေကို လှစ်ဟထားတဲ့ ညှို့အားပြင်း ဓာတ်ပုံတွေ ဆိုရင်တော့ မကောင်းကြံချင်သူက အကြိုက်တွေ့ပြီပေါ့။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ပြဿနာတစ်ခု ဖြစ်လာရင် မကြောက်ပါနဲ့။ ကိုယ့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေကို အကူအညီတောင်းပါ။ ကိုယ့်ပုံကို အလွဲသုံးထားတာကို link နဲ့ တကွ ဖော်ပြပါ။ အကူအညီတောင်းပြီး Report လုပ်ခိုင်းပါ။ ခြိမ်းခြောက်ငွေတောင်းခံတာမျိုးတွေ အတွက်လည်း တတ်နိုင်သလောက် အချိန်ဆွဲထားပါ။ ရဲတပ်ဖွဲ့ကို တိုင်ကြားအမှုဖွင့်ပါ။ ကိုယ့်ကို မဟုတ်မမှန် သိက္ခာချတာအတွက် ရှက်ကြောက်နေဖို့ မလိုပါဘူး။ ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းနိုင်ကြစေဖို့ ဒီတစ်ပတ်အတွက် ဖော်ပြလိုက်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.