အိမ်ရှင်မ ရဲ့ တစ္ဆေ

—————————————
ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန် Dec 31st, 2010 3:05 AM ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန် ဆောင်းည၏ အအေးဓါတ်နှင့်အပြိုင် အမှောင်ထုက အခန်းငယ်လေးအား တိတ်ဆိတ်စွာ ကြီးစိုးနေခဲ့သည်။ ထိုညက သူသေဆုံးသွားခဲ့လေသည်။ ။
____________________
ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန်
Dec 30th, 2010 11:06 PM
ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန် ရန်ကုန် ၏ ဆောင်းတွင်းက ယ္ခင်နှစ်များထက် ထူးကဲစွာ တစ်စိမ့်စိမ့်အေးစက်လွန်းနေသော်လဲ မွန်းကျပ်နေသည့် အခန်းငယ်ထဲတွင် သူကတော့ ထုံးစံအတိုင်း ခေါက်ရိုးကျိုးနေသော ရင်ခုန်သံကို ပြန်လည်ကြားယောင်နေရင်း ည ၏ အမှောင်ထုထဲ ငြိမ်သက်စွာ ချွေးစေးများပြန်နေခဲ့သည်။ စိတ်ကို အပြင်းအထန်တင်းထားရလွန်းမှန်း သိသာစွာ မျက်နှာပေါ်မှ တဆတ်ဆတ်လှုပ်ခါထောင်ထနေသည့် မေးကြောများ ၊ နဖူးကြောများ ၊ တင်းနေအောင် ကိုက်ထားသော နှုတ်ခမ်းများ ဖြင့် စာရေးစားပွဲပေါ်က LED Screen ကို မျက်အိမ်များ ကျဉ်းမြောင်းသွားသည်ထိ သူ မလှုပ်မယှက် စိုက်ကြည့်နေမိသည်။

သူ ထိုသို့ ဖြစ်နေသည်မှာ မည်မျှကြာသွားပြီဆိုသည်ကိုပင် မသိတော့။ သေချာတာကတော့ သူရုန်းထွက်ပြေးခဲ့သော နေ့စွဲဟောင်းများထဲမှ စာမျက်နှာတစ်ခုက အမြဲမက်ခဲ့သည့် အိပ်မက်ဆိုးများထဲမှအတိုင်း သူ့အား ဘယ်လိုမှ ဆက်လက်လှုပ်ရှားလို့မရနိုင်အောင် ဖန်သားပြင်မှတဆင့် ဆွဲငင်ညှို့ယူထားခြင်းကို ခံရပြန်ပြီ ဖြစ်သည်။
တစ်ချိန်က စူးရှခဲ့ဖူးသောသူ့မျက်ဝန်းတွေ တစ်စထက်တစ်စ ပိုမို မှေးမှိန်ကျဉ်းမြောင်းလာသလို တုန်ယင်နေသော သူ့လက်များက စာရေးစားပွဲခုံ ဘေးနားသို့ လှမ်းလိုက်မိစဉ်မှာပင် တံခါးခေါက်သံ ပြင်းပြင်းက နားစည်ထဲသို့ ဆူညံစွာ မြည်ဟီးဝင်ရောက်လာခဲ့သည်။ “ သားကြီးရေ ထမင်းစားတော့မလား သား ခုစားတော့လေ “ အခန်းပြင်မှ မိခင်ဖြစ်သူ ၏ အသံကို ကြားကြားခြင်း နံရံ ရှိ နာရီကို မော့ကြည့်လိုက်မိတော့ အချိန်က ည ၁၁ နာရီ ခွဲနေပြီ ဖြစ်သည်။ သူ ယ္ခင် အခါများကဲ့သို့ပင် စိတ်ပျက်စွာ ပြန်လည်အော်ဟစ်တော့မည့်ဟန်ပြင်ပြီးမှ သက်ပြင်းတစ်ချက်ကို လေးလံစွာ မှုတ်ထုတ်လိုက်ရင်း အသံကို တတ်နိုင်သမျှ တည်ငြိမ်အောင်ထိန်း၍ စိတ်မပါ့တပါ နှင့်ပင် တိုးငြှင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။ ” ဟုတ်.. အမေ.. ရတယ်… သား ခဏနေမှဘဲ စားတော့မယ် အမေ.. ဒီမှာ လုပ်စရာတွေ ရှိနေသေးလို့ “
ထိုအပြုအမူကို ကြိုတင်မျှော်လင့်ပြီးသား မိခင်ကတော့ ယ္ခင်လိုဘဲ သက်ပြင်းတစ်ချက် ကို အသာရှိုက်ရင်း တိတ်ဆိတ်စွာ ပြန်လည်ထွက်ခွာသွားမှန်း သေချာသွားသည့်အထိ ခြေသံများကို သူ စောင့် နားစွင့်နေမိသည်၊ ထို့နောက် သူ့လက်များက ဘေးရှိ Canon All In One Photo Printer ၏ ကုန်လုနီးနီး Paper Tray ကို ဆွဲဖွင့်လိုက်ရင်း နံဘေးမှ Canon Photo Paper တစ်ထုပ် ကို ဆွဲဖွင့်ဖေါက်ပြီး Tray ထဲသို့ ပြည့်လုနီးပါးဖြည့်လိုက်သည်။ ခဏအကြာတွင်တော့ သူ တစ်စုံတစ်ခုကို သတိရသွားသည့်အလား မျက်ဝန်းများ တောက်ပလာခဲ့လေသည်။ ဖန်သားပြင်ပေါ်ရှိ Internet Explorer ၏ Address Bar ထဲသို့ Mouse ဖြင့် မြှားငယ်လေးကို ရွှေ့လိုက်ရင်း အမျိုးအမည် မသိသော ဝေဒနာဟောင်းကို စတင်ခံစားမိပြန်သည်။ ဘုရားရေ သူ ဆာလောင်နေတတ်သေးပါလား…
ထို့နောက် သူသည် ဘဝအတွက် တစ်ခုခုကို နောက်ဆုံးအကြိမ် ဆုံးဖြတ်လိုက်သည့်အလား ပေါ့ပါးသွားဟန်ဖြင့် Key Board ကို တဂျောက်ဂျောက် စတင်ရိုက်နှိပ်လိုက်တော့သည်။ များမကြာမီ အချိန်တွင်း LED Screen ကို စိုက်ကြည့်နေသော သူ့မျက်ဝန်းများက ရူးသွပ်နေသော တစ္ဆေတစ်ကောင်အလား အသက်ဝင်နိုးကြားလာခဲ့ပြီး စက္ကန့် အနည်းငယ် အကြာတွင် သူ ခြောက်ကပ်စွာ ရယ်မောလိုက်သော်လည်း အသက်မဲ့နေသည့်ရယ်သံတုများက သူ့အခန်းငယ်လေးအား ပိုမို၍ပင် အထည်းကျန် ဆန်စေခဲ့လေသည်။ ထို့နောက် သူ တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် Print ဆိုသည့် Key အား တုန်ယင်နေသော လက်ချောင်းတစ်ခု နှင့် နှိပ်လိုက်သည့်အခါ Printer မှ အသံများ ဆူညံစွာ ထွက်လာပြီးနောက် ဖြေးညှင်းစွာစတင်ထွက်လာသော ဓါတ်ပုံ စက္ကူ တစ်ရွက်ကို သူဆွဲယူလိုက်ပြီး စူးနစ်စွာ မလှုပ်မယှက် စိုက်ကြည့်နေရင်း သူ့အကြည့်တို့က မျက်ရေများဖြင့် မှုန်ဝါးသီးနင့်လာခဲ့ပြီဖြစ်သည်။
 သူ့ ပါးပြင်နှစ်ဖက်အား ဝတ်ထားသော အနွေးထည်၏ လက်မောင်းသားများ နှင့် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ပြီး လက်ထဲရှိ ဓါတ်ပုံလေးအား ပန်းတပွင့်အလား ဖြေးညှင်းစွာ ကိုင်တွယ်ရင်း ဂရုတစိုက် စတင်ဆုတ်ဖြဲလိုက်သည့်အချိန်တွင်မတော့ သူ့ မျက်ရေတစ်စက်က ဘယ်ဖက်လက်ဖမိုးပေါ်သို့ အရှန်ပြင်းပြင်းကျဆင်းသွားတာကို သူခံစားလိုက်ရသည်။ အချိန်အနည်းငယ်အတွင်းမှာပင် သူ့ရှေ့မှ စားပွဲပေါ်တွင် အစိတ်စိတ် အမွှာမွှာ ဆုတ်ဖြဲထားသော ဓါတ်ပုံ စက္ကူများက တောင်တစ်ခုအလားမြင့်မားလာခဲ့သည်။ ထို့နောက် သူ မျက်လုံးများကို မှိတ်ထားရင်းနှင့်ပင် စုတ်ဖြဲထားသော ဓါတ်ပုံ စက္ကူများကို ညာလက်ဖြင့် ဆုပ်ယူလိုက်ပြီး သူ့ ပါးစပ်အတွင်းသို့ ဆေးခါးတစ်ခုကဲ့သို့ ပစ်သွင်းလိုက်ရင်း ဘယ်လက်ချောင်းများဖြင့် နောက်ထပ် စက္ကူလက်တစ်ဆုပ် ကို အငမ်းမရ ဆုပ်ယူလိုက်တော့သည်။ ။
 ____________________
Dec 31st, 2010 03:12 AM
ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန်
အသက်အရွယ်ကြောင့်ပင်လား ရာသီဥတု ၏ ပြောင်းလဲလာမှုကြောင့်လားတော့မပြောတတ်.. ပုံမှန်ဆိုလျင် ည ၉ နာရီခန့်တွင် အိပ်ပျော် ၍ မနက်ဆိုလျင် ၅ နာရီ ကျော်ကျော်ခန့်တွင် ဘယ်လို မှ ဆက်လက်အိပ်စက်ခြင်း မပြုနိုင်တော့သည်မှာ ကြာခဲ့ပေပြီ။ ယနေ့တော့ ဒေါ်မြင့်မြင့်သန်း ထူးခြားစွာ ပင် မိုးလင်းလုနီးသည်အထိ သန်းခေါင်ကျော်ထဲက လုံးဝ မအိပ်နိုင်ခဲ့ဘဲ သားဖြစ်သူ၏အကြောင်းက ခေါင်းထဲရောက်နေခဲ့သည်။ ယ္ခုတလော သားကြီး ၏ အထီးကျန်ဆန်ဆန် နေထိုင်တတ်လာခြင်းအား မနှစ်သက်သော်လဲ သားကို ဘယ်တုန်းကမှ ဇွတ်အတင်းပြောဆို၍ မရမှန်းသိသောကြောင့် ကြည့်နေရသော်ငြား မိခင်ပီပီ စိတ်မချမ်းသာခဲ့ပေ။ သားဖြစ်သူ ၏ ချစ်သူကောင်မလေး စနိုး နှင့် ၄င်းတို့ ပြောနေကြ အင်တာနက် နှင့် ပါတ်သက်သောကိစ္စ တစ်ခုအတွက် ကတောက်ကဆဖြစ်နေခဲ့သံကို လူကြီးနားနှင့်ကြားခဲ့သော်လဲ ဝင်ပြောမိလျင် ကိုယ်တော်ချောက စိတ်ခုမည်ကို တွေးမိသဖြင့် မိမိဘာသာတုံဏှိဘာဝေ နေလိုက်ရင်း မေ့မေ့ပျောက်ပျောက်ထားခဲ့မိသည်။
 မကြာမီပင် မိုးသောက်ယံ အလင်းရောင်တို့က အခန်းပြုတင်းမှ ခန်းဆီးစ တို့ အား တွန်းဖယ်ဝင်ရောက်လာချိန်တွင်မတော့ မှေးကနဲ အိပ်ပျော်သွားမိခိုက် သားကြီး၏ အသံနက်ကြီးဖြင့် သွေးပျက်မတပ်အော်လိုက်သည့် “ အမေ “ ဟု ခေါ်သံကိုကြားပြီး လန့်နိုးလာခဲ့သည်။ အိပ်ယာမှ လူးလဲ ထပြီး အောက်ထပ်မှ သားကြီး ၏ အခန်းဝသို့ ရောက်လာချိန်တွင် မတော့ အခန်းတံခါး၏ အောက်ခြေ မှ ဖျော့တော့စွာ လွန့်လူးနေသော မီးရောင်မှိန်မှိန်က စိတ်ကို အနည်းငယ် သက်သာစေခဲ့သည်။
သို့သော်လဲ မိခင်စိတ်က မနေသာအောင်တွန်းပို့မှုဖြင့် တံခါးကို အသာအယာ တွန်းဖွင့်လိုက်သည့် အခါတွင်မတော့ …. “ အား “ … ဒေါ်မြင့်မြင့်သန်း ၏ ကြောက်ရွံ့စွာ အော်ဟစ်လိုက်သံက ရွှေတောင်ကြားလမ်း တစ်ခုလုံးကို လှုပ်နှိုးလိုက်သကဲ့သို့ပင် … “ ဘုရားရေ…..” “ လုပ်ကြပါဦး…. မကြိုင် မကြိုင်လာပါဦး… မောင်သန်း “ ဒေါ်မြင့်မြင့်သန်း အော်ဟစ်ရင်း မျက်လုံးများပြုးကျယ်ပြီး ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဖိနှိပ်လိုက်လေသည်။ “ အမလေးတော် ….. သားကြီးရေ သားကြီး… “ စကားလုံးများ မဆုံးနိုင်ခင် ဒေါ်မြင့်မြင့်သန်း ၏ မျက်လုံးများ မဲမှောင်သွားခဲ့သည့်ခဏ “ အား “ ……… ဒေါ်မြင့်မြင့်သန်း ကြိုးပြတ်သွားသော ရုပ်သေးရုပ် တစ်ရုပ်လို ပျော့ခွေလဲကျသွားလေတော့သည်၊ ၊ ၊ ။
____________________
Dec 31st, 2010 9:27 AM
ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန်
မှုခင်းရဲအရာရှိ ဦးအောင်လင်းထွန်း ရောက်ရှိလာခဲ့ချိန်တွင်မှာတော့ ရွှေတောင်ကြားလမ်း တွင် မှုခင်းရဲဝန်ထမ်းများ ရှင်းလင်းသွားပြီဖြစ်သလို နာရေးကူညီမှုအသင်းမှ ကိုကျော်သူ ကိုယ်တိုင်မောင်းနှင်လာသော ကားတစ်စီးက ရောက်ရှိနေခဲ့ပြီဖြစ်သည်။ အခင်းဖြစ်ပွားရာ အခန်းငယ်တွင်းတွင် ငိုကြွေးနေသော ဒေါ်မြင့်မြင့်သန်း ၊ အိမ်တွင်ခိုင်းစေသော မိကြိုင် နှင့် ကားမောင်းသူ မောင်သန်း သာရှိနေခဲ့ပြီး ကွန်ပြူတာ စားပွဲခုံ ဘေးတွင် Printer တစ်လုံးနှင့် အနီးရှိ ကြမ်းပြင်တွင် ကန့်လန့်ဖြတ် အနေအထားနှင့် သေဆုံးနေသူ သူရိန်ဦး (ခ) သားကြီး ၏ အလောင်းအား ပိတ်ဖြူစ ဖြင့် ဖုံးလွှမ်းထားလေသည်။
“ အမ ကျွန်တော် တာဝန်အရ မေးစရာလေးတွေ ရှိလို့ ဖြေပေးနိုင်မလားခင်ဗျ “ ” ဟုတ်ကဲ့ .. ရပါတယ်ရှင် မေးပါ “ “ အမသားမှာ စိတ်ညစ်စရာတွေ ဘာတွေ ဟို… လူငယ်ဘာဝပေါ့ဗျာ အသဲကွဲတာတွေ ဘာတွေ ရှိသလား ဆိုတာ အမ သိရင် “ … စကားမဆုံးခင်ပင်… ” အို … မဟုတ်တာ သားကြီးက ကျွန်မကို အမြဲ တိုင်ပင်နေကျ ကျွန်မ မသိတာ ဘာမှမရှိဘူး “ “ ခု တလော သူ့ ကောင်မလေး စနိုး နဲ့ သူ စကားများတာလေး တစ်ခုဘဲ ရှိတယ် အဲ့ဒါလဲ ခုမှ မဟုတ်ဘူး သူတို့ဘာသာ ဖြစ်ပြီးပြီးသွားနေကျ ကျွန်မ သားကြီးက ဘယ်တော့မှ အဲ့လို လုပ်မှာ မဟုတ်ဘူး…. “ ဒေါ်မြင့်မြင့်သန်း ငိုသံများ စွက်လာခဲ့သည်ကို ပြန်ထိန်းရင်း “ တစ်ခုတော့ ရှိတယ် သားကြီး ခုတလော အပြင်လဲမထွက် အစားလဲမစားတော့ဘဲ နေနေတာတော့ကြာပြီ “ ဦးအောင်လင်းထွန်း မှ စိတ်အားတက်လာဟန်ဖြင့် “ ဟုတ်ကဲ့ အမ ဘယ်ရက်ပိုင်းလောက်ထဲကလဲ “ “ ကြာပြီရှင့် အတိအကျတော့ မမှတ်မိဘူး ဒါပေမယ့် သူတစ်ရက်တော့ ထမင်းစားခါနီး မှတ်မှတ်ရရ လာပြောတယ် “ “ ဟုတ်ကဲ့ ဘာပြောခဲ့လဲ အမ “ “ အမေ ဒီ ဝက်ဘ် ဆိုက်ကိုကြည့်ဖူးလားတဲ့ .. ကြည့်လိုက်တော့လဲ မြန်မာဟင်းတွေချက်ထားတဲ့ပုံတွေပါဘဲ “
 “ ကျွန်မက သူပြောတာ နားမလည်လို့ ထပ်မေးတော့ သူစိတ်ဆိုးတယ်လေ “ “ ဟဲ့ သားကြီးရယ် နင်တို့အင်တာနက်ဆိုက် ဆိုတာတွေ ငါဘယ်သိမလဲ “ ဆိုတော့ … “ ထားလိုက်ပါတော့ အမေရာ… ဆိုပြီး ဘာမှ ထပ်မပြောတော့ဘူး “ “ ဟုတ်ပြီ အမ ကျွန်တော် အမ အိမ်က ခိုင်းတဲ့ သူတွေကို ခဏ မေးပါရစေ “ ဦးအောင်လင်းထွန်းက ဒေါ်ကြိုင် အား တစ်ဖက်ခန်း သို့ အသာခေါ်ယူ၍ “ မကြိုင် ဒီအိမ် မှာ လုပ်တာကြာပြီလား “ (ငိုသံဖြင့်) “ ဟုတ်ကဲ့… ကြာဆို.. သားကြီး.. သားကြီးတစ်သက်ပါဘဲရှင် “ “ ဟုတ်ကဲ့ သားကြီး ခုတလော ဘာတွေ ထူးထူးခြားခြား ပြုမူသလဲ မကြိုင်သိသလောက်ပေါ့နော် “ “ ဟုတ်ကဲ့ ကျုပ်တို့ကတောသူဆိုတော့ ဘာမှတော့ နားမလည်ဘူးပေါ့ရှင် ဒါပေမယ့်ကလေးက တခုခုပြုစားတာခံနေရတယ်လို့ ထင်မိသား “
 “ ဘာလို့ထင်တာလဲ အမ ဘာဖြစ်နေလို့လဲ “ “ သူက တစ်သက်လုံး အစားဆိုရင် ကျုပ် လက်ရာမှ ကျုပ်လက်ရာရှင့်.. တနေ့ကျတော့ သားကြီး အိမ်ပြန်ရောက်လာတာနဲ့ အမေကြိုင်သားကို ဒါမျိုးချက်ကျွေးပါလားဆိုပြီး သူ့ကွန်ပြုတာထဲက ဟင်းချက်ထားတဲ့ ပုံတွေ ခေါ်ပြတယ်ရှင့် “ “ ကျွန်မကလဲ ပုံတွေကြည့်တော့ ထူးထူးဆန်းဆန်း မကြားဖူးတဲ့ ဟင်းတွေက များနေတော့ အမေကြိုင်တို့က တောသူတွေပါသားရယ် ဒါမျိုးဟင်းတွေ ကြားဖူးပေါင် လို့ ပြန်ပြောလိုက်မိတယ် “ “ အဲ့လိုပြောလိုက်တာ နဲ့ သူ့မျက်နှာအရမ်းပျက်ပြီး ဘာမှလဲ ဆက်မပြောတော့ဘဲ လှည့်ထွက်သွားတော့တာပါဘဲ “ “ ဒါနဲ့ ကျွန်မလဲ ကားမောင်းတဲ့ မောင်သန်း ကိုခေါ်မေးတော့မှ မောင်သန်းက မကြိုင်ရယ် သားကြီးက အင်တာနက်ထဲက မိန်းမ တစ်ယောက် ရဲ့ ဟင်းချက်တာ ကိုဆိုလား စွဲလမ်းနေတာ လို့ပြောတယ် “ “ ဘယ်က မိန်းမ ဘယ်သူ ဆိုတာတွေတော့ သူလဲ သိပ်နားမလည်ပါဘူးတဲ့ ဒါပေမယ့် သားကြီးက ခုတလော အမထည့်ပေးတဲ့ ထမင်းဘူးကို ကားပေါ်ရောက်တာနဲ့ ဖွင့်ကြည့်ပြီး သူ့ လက်ကိုင်ဖုန်းလေးထဲက ပုံလေးတွေ နဲ့ ယှဉ်ယှဉ်ကြည့်တယ်တဲ့ ပြီးရင် စိတ်ပျက်လက်ပျက်နဲ့ ထမင်းဘူးကို မောင်သန်းကိုပေးပြီး ဦးမောင်သန်းဘဲ စားလိုက်ပါတော့ဗျာ လို့ ပြောပြောပြီး ဆင်းသွားတယ်တဲ့ရှင့် “ “ ဒါဆို ရပါပြီ မကြိုင် လုပ်စရာရှိတာ သွားလုပ်နိုင်ပါပြီ “ “ ဟုတ်ကဲ့ပါရှင့် “ မရပ်မနား စီးကျလာသော မျက်ရည်များကို လက်မှ အင်္ကျီစဖြင့်သုတ်ရင်း တရှိုက်ငင်ငင် ဖြင့် ဒေါ်ကြိုင်ကြိုင် ပြန်လည်ထွက်ခွာသွားသည်။ ထို့နောက် ဦးအောင်လင်းထွန်း လဲ သေဆုံးသူ သားကြီး ၏ အခန်းတွင်းသို့ပြန်ဝင်လာခဲ့ပြီး အသင့်ယူလာသည့် လက်အိပ်တစ်စုံကို စွပ်၍ အလောင်းအားလွှမ်းခြုံထားသော ပိတ်ဖြူစအားဖြေးငြှင်းစွာဖယ်ရှားလိုက်ရာ “ ဟာ “ ရုပ်တရက်မို့ မှုခင်းအတွေ့အကြုံများစွာရှိသော ဦးအောင်လင်းထွန်းပင်လျင် တုန်လှုပ်စွာ ခြေ နှစ်လှမ်းမျှ နောက်ပြန်ဆုတ်လိုက်မိလေသည်။ သေဆုံးသူ ၏ မျက်နှာတွင် မျက်လုံးများမှာ ပေါက်ထွက်မတတ်ပြူးထွက်၍နေပြီး အရိုးပေါ်အရေတင်မျှသာကျန်ရှိသော မျက်နှာအထက်ပိုင်းတစ်ခုလုံးမှာ သွေးများမရှိတော့ဘဲ ဖြူဆွတ်နေသော်လည်း ပါးစပ်နှင့် မေးစေ့ ပါးပြင်အောက်ပိုင်းများ အားလုံးမှာ ကျယ်လောင်စွာဟထားသော မဲနက်နေသည့် ပါးစပ်တွင်းမှ စီးကျထားသည့် အနက်ရောင်အရေများ ဖြင့် စွန်းထင်းရွှဲနစ်နေပြီး သွေးပျက်စရာ အနေအထားဖြစ်နေလေသည်။ ဦးအောင်လင်းထွန်း က အတွေ့အကြုံရှိသူ ပီပီ စိတ်ကို တည်ငြိမ်အောင်ထိန်းလိုက်ပုံဖြင့် မျက်ခုံးများကြုံ့ရင်း သေဆုံးသူ၏ နှတ်ခမ်းနှင့် ခပ်ဟဟ ဖြစ်နေသေးသော ပါးစပ်အတွင်းမှ အမဲရောင်အရေများအား လက်ဖြင့်အသာတို့ပြီး နမ်းရှုကြည့်လိုက်လေသည်။ အတွေ့အကြုံအရ အဆိပ်မဟုတ်မှန်းသိသော်လည်း ဓါတ်ခွဲခန်းသို့ ပို့ပြီး စစ်ဆေးရန် နှင့် ရင်ခွဲရုံ မှ ဆေးမှတ်ချက်တို့အား ရယူရန် ၄င်း ၏ အလုပ်သင်တပည့် မောင်အေး အားမှာကြားအပြီး အလောင်းအနီးရှိ Computer Monitor Screen က မှောင်မဲနေသဖြင့် စားပွဲခုံပေါ် မှ Mouse ကလေးကို လက်အိပ်ဝတ်ထားသော လက်များဖြင့် သတိကြီးစွာထားပြီး လှုပ်လိုက်တော့မှ ဖန်သားပြင်ပေါ်တွင် ပြန်လည် အသက်ဝင်သွားသော အင်တာနက်စာမျက်နှာ တစ်ခုကပေါ်လာလေသည်။ ထို့နောက် ဦးအောင်လင်းထွန်း မှ မှတ်စုစာအုပ်ငယ်လေးတစ်ခုကို ထုတ်ယူ၍ Screen ပေါ်ရှိ စာမျက်နှာမှ အင်တာနက် လိပ်စာ အား သတိကြီးစွာထား၍ ကူးယူလိုက်ပြီး အိမ်ရှင် ဒေါ်မြင့်မြင့်သန်းအား နှုတ်ဆက်၍ ရုံးချုပ်သို့ ပြန်လည် ထွက်ခွာလာခဲ့သည်။
____________________
Dec 31st, 2010 1:39 PM
မှုခင်းစုံစမ်းထောက်လှန်းရေး ရုံးချုပ် (C.I.D) အင်းစိန်မြို့နယ် ၊ ရန်ကုန် စာရွက်များ ဖိုင်တွဲများ နှင့် ပြည့်ကျပ်ရှုပ်ပွနေသော ရုံးခန်းထဲတွင် ဦးအောင်လင်းထွန်း တစ်ယောက်ထဲ Laptop ရှေ့ အတွေးနယ်ချဲ့နေမိလေသည်။ စီးကရက်တစ်လိပ်ကို ထုတ်ယူဖွာရှိုက်ရင်းနှင့် မနက်က လူသေမှုမှ ရယူခဲ့သော မှတ်စုစာအုပ်လေးအား စားပွဲပေါ်တွင်ပြန်လည်ဖတ်ရှုရင်း သေဆုံးသူ၏ နောက်ဆုံးအခြေအနေများအား ပြန်စဉ်းစားနေမိသည်။ ထို့နောက် သူ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အိပ်ဆောင်မှတ်စုစာအုပ်လေး၏ နောက်ဆုံးစာမျက်နှာကို ဖွင့်လှစ်လိုက်ပြီး Laptop မှ Key Board လက်ကွက်ပေါ်တွင် သူ မှတ်ယူလာသော Internet စာမျက်နှာ ၏ လိပ်စာအား တစ်လုံးချင်းသေချာစွာရိုက်ထည့်လိုက်တော့သည်။
 ____________________
Dec 31st, 2010 8:44 PM
 မှုခင်းစုံစမ်းထောက်လှန်းရေး ရုံးချုပ် (C.I.D) အင်းစိန်မြို့နယ် ၊ ရန်ကုန် ဆရာဖြစ်သူ ဦးအောင်လင်းထွန်း တညနေလုံး ထူးခြားစွာတိတ်ဆိတ်နေသော်လည်း ၄င်း ၏ ရုံးခန်းထဲမှအဆက်မပြတ်ထွက်ပေါ်နေသော Printer ၏ အသံများကြောင့် မောင်အေး က သူ့ဆရာအား မနှောက်ယှက်ဝန့်သဖြင့် သည်းခံ စောင့်ဆိုင်း နေနေသော်ငြား နှစ်သစ်ကူးအကြိုည ဖြစ်သဖြင့် CID တစ်ရုံးလုံးတွင် သူတို့ နှစ်ဦးသာကျန်ရစ်နေတော့သည့်အတွက် မောင်အေး အရဲစွန့်ပြီး ဦးအောင်လင်းထွန်း ရုံးတံခါးဝ ကို အသာခေါက်ရင်းမေးလိုက်သည်။ “ ဆရာရေ ဆရာ ၊ ဆရာ တစ်ခုခုစားချင်ရင် ကျွန်တော် သွားဝယ်လိုက်မယ်လေ ဒီည ဆိုင်တွေ စောစောပိတ်ကြလိမ့်မယ်နော် ” အတန်ကြာသည်အထိ Printer မှ အသံများမှတစ်ပါး ဦးအောင်လင်းထွန်းထံမှ ပြန်ဖြေသံမကြားရသဖြင့် အလုပ်လုပ်ရင်း ရံဖန်ရံခါ အိပ်ပျော်သွားတတ်သော ဆရာ ၏ အကြောင်းကိုသိနေသော မောင်အေး က အရဲစွန့်ပြီး တံခါးလက်ကိုင်ကို လှည့်ဖွင့်ရင်းဝင်လိုက်သည်။ “ အမလေးဗျာ “ မောင်အေး အသံများပြာသွားသည့်အထိ ကြောက်လန့်စွာအော်ဟစ်လိုက်သည်။ ရုံးခန်းထဲတွင် စောင့်ကြိုနေသည်က Monitor ကို ပေါက်ထွက်မတတ် ပြူးကျယ်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေရင်း ပါးစပ်နှင့် ရင်ဘတ်ပေါ်တွင် အမဲရောင် အရည်များဖြင့်ပေကျံနေကာ ၄င်းရှေ့စာရေးစားပွဲပေါ်တွင် စုပုံနေသော အပိုင်းပိုင်းအစစ ဖြစ်နေအောင်ဆုတ်ဖြဲထားသည့် စက္ကူများပေါ်တွင် ဦးအောင်လင်းထွန်း ဝမ်းလျားထိုးလျက်သား မေးကိုတင်ရင်း အသက်ပျောက်နေပြီဖြစ်သည်။
 ____________________
Jun 30th 2011 07:52 AM
ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန် ယနေ့မနက် လူသူကင်းမဲ့နေသည့် ထိုခြံကြီးထဲသို့ လူလတ်ပိုင်း လူကုံတံများဖြစ်ကြသည့် ဦးနိုင်ဆန်း ဒေါ်ပပအောင် နှင့် ၁၄ နှစ်အရွယ် တစ်ဦးတည်းသောသမီးလေး မေမြင့်မိုရ် တို့ လူငယ် မိသားစု စတင်ပြောင်းရွှေ့လာခဲ့ကြသည်။ ၆ လ ကျော်ခန့် လူမနေခဲ့သည့် မိုးသားရောင် အိမ်ကြီးမှာ ဖုံအထပ်ထပ်နှင့် မြင်မကောင်းအောင် ဖြစ်နေသော်လည်း ပျောင်းရွှေ့လာသူ မိသားစုကတော့ ပျော်ရွှင်တက်ကြွစွာပင် တက်ညီလက်ညီရှင်းလင်းနေကြသည်။ ရောက်ရောက်ခြင်းပင် သမီး ဖြစ်သူ မေမြင့်မိုရ် က အောက်ထပ်ရှိ အခန်းငယ်တွင် သူနေပါ့မည်ဟု ဖခင် အားပူဆာလိုက်သည့် အခါမတွင်တော့ အိမ်ရောင်းဝယ်သူ ပွဲစား ကိုခင်ရီ နှင့် ပြောဖြစ်ခဲ့သည့် စကားတစ်ချို့ကို ဦးနိုင်ဆန်း ပြန်လည်ကြားယောင်လာမိသည် “ ” ကျုပ်က ခင်ဗျားတို့နဲ့ အရောင်းအဝယ်လုပ်လာတာ ကြာပြီဆိုတော့ မညာချင်ပါဘူးဗျာ ၊
 ဒီရွှေတောင်ကြားအိမ်ကြီးက တကယ်ဆို သိန်း ၈၀၀၀ လောက်အသာလေးတန်ပါတယ် ဒါပေမယ့် သိတဲ့အတိုင်း လူသေမှု ဖြစ်ဖူးတော့ အယူသည်းတဲ့လူတွေကြောင့် ရောင်းလဲ မထွက် ဆက်လဲ မနေချင်ကြတော့တာမို့ ဒေါ်မြင့်မြင့်သန်းက သိန်း ၇၅၀၀ ခေါ်ထားရာကနေ သိန်း ၆၅၀၀ နဲ့ ချရောင်းလိုက်တာဗျ ကိုနိုင်ဆန်း မယူရင် ကျုပ်တောင် အကို့ဆီက ငွေလေး လှည့်ပြီး ယူထားမလို့စဉ်းစားနေတာ ခင်ဗျားကံကောင်းတယ် မှတ် “ “ ဟုတ်ပါတယ် ကိုခင်ရီရယ် ဒါနဲ့ ပထမ ဆုံးလာကြည့်ပြီးတဲ့နေ့ထဲက ဒီလမ်းထဲက မိတ်ဆွေတွေတစ်ချို့ကတော့ ဒီအိမ်ကြီးမှာ သေသွားတဲ့ကောင်လေး ရဲ့ သူရဲ ချောက်နေတယ် ဆိုပြီး ကျွန်တော့်အမျိုးသမီး မသိအောင် တိတ်တိတ် သတိပေးကြတယ်ဗျ၊ သိတဲ့ အတိုင်းဘဲ ကျွန်တော်ကလဲ ဒါတွေမှ အယုံအကြည်မရှိတာ ဆိုတော့ ဘယ်လိုမှ မနေပါဘူး ဒါနဲ့ သေသွားတဲ့ ကောင်လေးနေတာ ဘယ်အခန်းလဲဗျ “ “ အောက်ဆုံးထပ်က တစ်ခန်းထဲရှိတဲ့ အခန်းလေဗျာ ဒါပေမယ့် ခင်ဗျား အမျိုးသမီး နဲ့ သမီးလေး ကိုတော့ သွားမပြောနေပါနဲ့ဗျာ ကျွန်တော်က ဒီအိမ်ကြီးကို ဈေးကွက်ထဲတင်မယ်ဆိုတာနဲ့ ဘုန်းကြီးတွေပင့်ပြီး ပုရိတ်ရွတ် အမျှဝေပေးပြီးပါပြီ စိတ်ချပြီးသာနေပါ “
 ____________________
“ ဖေဖေ .. ဟောကြည့် “ “ ဖေဖေ ၊ ဖေဖေ သမီးပြောနေတယ်လေ သမီး အောက်ထပ်ကအခန်းမှာ နေမယ်နော်ဆို “ နှုတ်ခမ်းလေး ဆူ ပြီးပြောနေသော မေမြင့်မိုရ် လေးအား ကြည့်ရင်း ဦးနိုင်ဆန်း ခေါင်းတစ်ချက်ခါလိုက်ပြီး ပြုံး၍ “ ငါ့သမီးသဘော ငါ့သမီးသဘော “ ဟု ဖြေလိုက်လေတော့သည်။
____________________
Jul 3rd 2011 10:43 PM
ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန်
 မိုးများရွာသွန်းနေသဖြင့် မေမြင့်မိုရ် တစ်ဦးထဲ အခန်းလေးထဲရှိ အိမ်ရှင်ဟောင်းများ မှ ထားခဲ့သော စာကြည့်စားပွဲပေါ်တွင် Laptop ကို ဖွင့် Earphone ကို တပ်ပြီး Hip Hop သီချင်းများကို ကျယ်လောင်စွာ နားထောင်ရင်း Facebook နှင့် Gmail တွင် Internet မှ သူငယ်ချင်းများ နှင့် အပြန်အလှန် Chat လုပ်ရင်း ဆယ်ကျော်သက်တို့သဘာဝ တခစ်ခစ်ဖြစ်နေလေသည်။ ထိုစဉ် ရုပ်တရက် လျှပ်စီးများ လက်သွားသဖြင့် လန့်သွားပြီး စားပွဲပေါ်တွင် မျက်နှာမှောက်ချလိုက်မိရင်း ပြန်အမော့တွင် ထပ်လက်သွားသော လျှပ်စီးရောင်ကြောင့် စားပွဲပေါ်တွင် ခဲတံဖြင့်ရေးထားသော စာလေးတစ်ကြောင်းကို ရုတ်တရက် တွေ့လိုက်လေသည်။ “ အိမ်ရှင်မလက်ရာ “ ထို အမည်အား မေမြင့်မိုရ် တနေရာရာတွင် ကြားဖူးနေသဖြင့် ဘာရယ် မဟုတ်ဘဲ Facebook တွင်းရှိ Search Box ထဲ တွင် မြန်မာလို စာလုံးပေါင်းပြီး ရိုက်ထည့်လိုက်လေတော့သည်။
 ____________________
Jul 4th 2011 3:05 AM
 ရွှေတောင်ကြားလမ်း ဗဟန်းမြို့နယ် ၊ ရန်ကုန်
 ရန်ကုန် မိုး၏ အငြှိုးတစ်ကြီး ရွာသွန်းနေသော မိုးရေစက်သံများက HP Laser Printer တစ်လုံး၏ မရပ်မနား လှုပ်ရှားနေသံများနှင့် ရောယှက်ရင်း မီးမှိန်မှိန်လင်းနေသော အခန်းငယ်လေးအား ဆူညံစွာ ကြီးစိုးနေခဲ့သည်။ ထိုညက မေမြင့်မိုရ် သေဆုံးသွားခဲ့လေသည်။
ပြီးပါ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.