ခွဲစိတ်ကုသမှုမခံယူမီ သိထားသင့်သည်များ


၁။ မခွဲစိတ်မီ ၁၂ နာရီအလိုမှာ အစာမစားရတာ ဘာကြောင့်ပါလဲ ?

ခွဲစိတ်ခန်းထဲမ၀င်ခင် အစာစားထားတာက သင့်ကို နမိုးနီးယားနဲ့ တခြား နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ပါတယ်။ သင်ရဲ့ ခွဲစိတ်ကုသမှုက အစာအိမ် နဲ့အူလမ်းကြောင်းဆိုင်ရာနေရာမှာဖြစ်နေရင် ဗိုက်ထဲမှ အစာရှိနေတာက ရောဂါပိုး ၀င်ရောက်ဖို့ လွယ်ကူသွားနိုင်ပါတယ်။ ဒါ့အပြင် ဗိုက်ထဲမှာ အစာ ဒါမှမဟုတ် အရည်ရှိနေတာကြောင့် မေ့ဆေးပေးထားတဲ့အခါမှာ အန်တတ်ပါတယ်။ မေ့ဆေးကြောင့် အစာတွေက ပါးစပ်က အန်မထုတ်နိုင်တဲ့အတွက် အဆုတ်ထဲကို ၀င်ရောက်သွားကာ နမိုးနီးယားရောဂါလိုမျိုး နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ပါတယ်။ မနက်မိုးလင်းမှ ခွဲစိတ်ကုသမှုခံယူရမယ့်သူတွေက ည ၁၀ နာရီနောက်ပိုင်း ဘာမှမစားသောက်သင့်ပါဘူး။ ဒီလိုပြောလိုက်လို့ ညဦးမှာ အလွန်အကျွံစားရမယ်လို့ မဆိုလိုပါဘူး။ အစာကို အ၀စားထားတာကြောင့် အစာခြေဖို့ အချိန်ကြာမြင့်သွားနိုင်ပါတယ်။ သင်သောက်နေကျဆေးဝါးတွေကိုလည်း ခွဲစိတ်ဆရာဝန်ရဲ့ ညွှန် ကြားချက်မပါဘဲနဲ့ မသောက်သင့်ပါ။ အကယ်၍ ပုံမှန်သောက်နေကျဆေးကို ဆရာဝန်က သောက်ဖို့ ညွှန်ကြားခဲ့တယ်ဆိုရင်လည်း ရေကို ငုံရုံသာ ငုံပြီး သောက်ပါ။

doctor.jpg
၂။ ခွဲစိတ်ကုသပေးမယ့် ဆရာဝန်ကို ရှာဖွေထားပါ

သင့်ရောဂါအတွက် သင့်ကို ခွဲစိတ်ပေးမယ့် ဆရာဝန်က ရေရှည်အားဖြင့် လူနာတွေကို အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ဖူးသူဖြစ်ရပါမယ်။

၃။ ခွဲစိတ်ကုသခံယူဖို့အတွက် ကုန်ကျမယ့်စရိတ်ကို ခန့်မှန်းထားသင့်ပါတယ်

သင့်ကို ခွဲစိတ်ကုသပေးမယ့်ဆရာဝန်၊ မေ့ဆေးပေးမယ့်ဆရာဝန်တွေအတွက် ကုန်ကျစရိတ်တွေအပြင် မခွဲစိတ်ခင်နဲ့ ခွဲစိတ်အပြီးမှာ ပြုလုပ်ရမယ့် ဓာတ်ခွဲခန်းခ၊ ခွဲစိတ်ခန်းအသုံးပြုခ၊ ခွဲစိတ်ရာမှာ အသုံးပြုရမယ့်ပစ္စည်းစရိတ်၊ သင့်ကို ကုသပေးမယ့် ဆေးဝါးစရိတ်၊ ဆေးရုံတက်နေစဉ် အခန်းခအပါအ၀င် ကုန်ကျစရိတ်အားလုံးကို တွက်ချက်ပြီး ခန့်မှန်းထားရပါမယ်။ ကြိုတင်ခန့်မှန်းမထားဘဲ ငွေရှင်းခါနီးမှ ကုန်ကျစရိတ်များလွန်းတာ သိရရင် စိုးရိမ်ပူပန်မှုတွေ ဖြစ်နိုင်ပါ
တယ်။

၎။ ခွဲစိတ်ကုသမှုတိုင်းက အသက်အန္တရာယ်ရှိနိုင်ပါတယ်

ခွဲစိတ်ကုသမှုတိုင်းက အသက်အန္တရာယ်ရှိလှပေမယ့် တချို့ခွဲစိတ်ကုသမှုတွေ ကတော့ ပိုပြီး အန္တရာယ်များနိုင်ပါတယ်။ ဥပမာအားဖြင့် မတော်တဆ ကားထိခိုက် ဒဏ်ရာရရှိတာကြောင့် အရိုးကျိုးတာ၊ ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စီးတာ ဒါမှမဟုတ် ဦးခေါင်းဒဏ်ရာရရှိတာအတွက် ခွဲစိတ်ကုသမှုခံယူမယ့်သူတွေက သွားနုတ်တာလိုမျိုး ခွဲစိတ်မှုအသေးစားတွေထက် အသက်အန္တရာယ် ပိုကြုံရတတ်ပါတယ်။

၅။ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေအားလုံးက အမှန်တကယ်လိုအပ်ပါတယ်

ခွဲစိတ်ကုသမှုမပြုလုပ်ခင်၊ ပြုလုပ်အပြီးနဲ့ ခွဲစိတ်ခန်းထဲ ၀င်ချိန်မှာ ပြုလုပ်ရတဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေက အောက်ပါအကြောင်းအချက်တွေကြောင့်ပါ။

◊ သင်အမှန်တကယ် ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နေကြောင်း

◊ သင်ဟာ ခွဲစိတ်ကုသမှုခံယူဖို့အတွက် လုံလောက်တဲ့ကျန်းမာရေးအခြေအနေ ရှိနေကြောင်း

၆။ ခွဲစိတ်ကုသမှုခံယူရသူတိုင်း မခွဲခင်မှာ ကြောက်လန့်စိတ်ဖြစ်ပေါ်တတ်ပါတယ်

ဒီလိုဖြစ်တာက ပုံမှန်ပါပဲ။ တချို့တွေက မေ့ဆေးပေးပြီး ပြန်အထမှာ နာကျင်မှာကို ကြောက်တတ်သလို မေ့ဆေးကြောင့် ပြန်နိုးထမလာနိုင်မှာကို ကြောက်ရွံ့တတ်သူတွေလည်း ရှိပါတယ်။

၇။ ခွဲစိတ်ကုသမှုကို မဖြစ်မနေ ခံယူသင့်ပါသလား ?

ခွဲစိတ်ဆရာဝန်က သင့်ကို ခွဲစိတ်ကုသမှု ခံယူမှ ရမယ်လို့ ပြောရင်တော့ မဖြစ်မနေ ခွဲစိတ်မှုပြုလုပ်ရမှာပါ။ များသောအားဖြင့် အရေးပေါ်အခြေအနေတွေမှာတော့ ခွဲစိတ်ကုသမှုက မဖြစ်မနေ ပြုလုပ်ရမှာပါ။ တခြားအခြေအနေတွေမှာတော့ သင့်အနေနဲ့ ဆုံးဖြတ်ချက်မပြုလုပ်ခင်မှာ တခြားလူတွေရဲ့ အကြံဥာဏ်ကို ရယူပါ။

၈။ ခွဲစိတ်ကုသမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးဖြစ်မှာကို နားလည်ထားသင့်ပါတယ်

ခွဲစိတ်ကုသမှုခံယူတာကြောင့် လည်ချောင်းနာတာလိုမျိုး အသေးအဖွဲပြဿနာလေးကစပြီး အသက်အန္တရာယ်ရှိတဲ့အထိ ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။ သင့်ရောဂါ အခြေအနေ၊ သင်ရဲ့ အသက်အရွယ်ပေါ်မူတည်ပြီး ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ
အနည်းနဲ့အများ ကွာခြားသွားပါတယ်။

၉။ ခွဲစိတ်ကုသမှု မခံယူမီ တစ်ပတ်အလိုမှာ ပရိုတင်းပါဝင်တဲ့ အစားအစာတွေ စားပါ

ပရိုတင်းက အနာကျက်ဖို့ ကူညီနိုင်တဲ့အတွက် ခွဲစိတ်ကုသမှုမခံယူမီတစ်ပတ်အလိုမှာ အသားများများစားထားပေးပါ။

ဒေါက်တာခင်မိုးမိုး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.