သွေးလွန်တုပ်ကွေးရောဂါ

အခုလို မိုးရာသီမှာ ကလေးမိဘတွေ သတိထားသင့်တဲ့ ကြောက်စရာအကောင်းဆုံး ရောဂါတစ်ခုကတော့ သွေးလွန်တုပ်ကွေးရောဂါပါပဲ.. သတိထားသင့်တဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ အန္တရာယ်အလွန်ကြီးမားတာကြောင့် Good Health Journal 592 မှာ ပါမောက္ခဒေါက်တာစောဝင်း ရေးသားထားတဲ့ “သတိပြုဖွယ် သွေးလွန်တုပ်ကွေး အန္တရာယ်”ဆောင်းပါးကို မိဘတိုင်း ဖတ်ရှုစေလိုပါတယ်… သွေးမလန့်ခင်မှာ အချိန်မီ ဆေးရုံတင်နိုင်ဖို့၊ သွေးလွန်တုပ်ကွေးရောဂါကို တကယ်ထိထိရောက်ရောက်ကုသပေးနိုင်တဲ့ ဆေးရုံဆေးခန်းမျိုးမှာ ကုသပေးနိုင်စေဖို့နဲ့ သွေးလွန်တုပ်ကွေးထောင်ချောက်ထဲ မကျရောက်မိစေဖို့ လူတိုင်းလူတိုင်း သတိပြုမိပြီး ကြိုတင်ကာကွယ်နိုင်ကြစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖော်ပြပေးလိုက်ရပါတယ်..

fe.jpg
သတိပြုဖွယ် သွေးလွန်တုပ်ကွေး အန္တရာယ်

◊ ကလေးက အဖျားကျသွားပေမယ့် သွေးပေါင်ကျပြီး မူးတယ်၊ မှိန်းတယ် အန်တယ်၊ ဒါကို သွေးလွန်တုပ်ကွေးထောင်ချောက်လို့ခေါ်တယ်။ အဖျားကျပြီးတော့မှ အရေးကြီးတဲ့အခြေအနေကို ရောက်ပါတယ်။ အဖျားကျရင် မိဘလည်း ပေါ့သွားတတ်တယ်၊ ဆရာဝန်၊ ဆရာမကလည်း ပေါ့သွားတတ်တယ်။ ကလေးတွေရဲ့ သဘာဝအရ ပုံမှန်ဆိုရင် အဖျားကျသွားရင် ဆော့ကစားရမယ်၊ စားရမယ်၊ အဲ့ဒီလို မဟုတ်ဘဲ မဆော့ဘူး၊ မစားဘူး၊ မှိန်းတယ်ဆိုရင် ပိုအရေးကြီးတဲ့ အဆင့်ကို ရောက်သွားပြီဆိုတာ သိရပါမယ်။

◊ အဖျားတအားကြီးတယ်၊ မှိန်းတယ်၊ အန်တယ်၊ ခေါင်းကိုက်တယ်။ တစ်ခါတလေ ဗိုက်နာတတ်တယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်လို့ ချောင်းဆိုးတာ၊ နှာစေးတာတွေလည်း တစ်ခါတလေရှိနိုင်ပါတယ်။

◊ ဘယ်လိုအချိန်အခါမှာပဲဖြစ်ဖြစ် ကလေးက အဖျားကြီးတယ်၊ မှိန်းတယ်၊ မလန်းဆန်းဘူးဆိုရင် သွေးလွန်တုပ်ကွေးဖြစ်နိုင်ကြောင်း သတိထားဖို့လိုပါတယ်။

◊ အစားအသောက်၊ ရေကအစ ဘာမှမ၀င်ဘူး။ ဆက်တိုက် အန်နေတယ်ဆိုရင်လည်း အန္တရာယ်လက္ခဏာပါပဲ။

◊ အဓိကက ဒီအန္တရာယ်လက္ခဏာတွေရှိရင် လူနာက ဆေးရုံမှာပဲ ရှိသင့်ပါတယ်။

◊ တစ်နှစ်အောက် ကလေးမှာ သံသယရှိခဲ့ရင်၊ ဒါမှမဟုတ် သွေးလွန်တုပ်ကွေးဖြစ်နေရင် ဆေးရုံတင်ပါ။ နောက်အ၀လွန်တဲ့ ကလေးတွေအနေနဲ့လည်း အန္တရာယ်လက္ခဏာ မရှိခင်မှာ ဆေးရုံတင်သင့်ပါတယ်။

◊ သွားလာရေး ခက်ခဲတဲ့နေရာတွေ(ဥပမာ လှိုင်သာယာ) မှာ နေထိုင်တဲ့ ကလေးတွေက ညအချိန်မတော်မှာ သွေးလန့်ရင် ဆေးရုံကိုအချိန်မီရောက်ဖို့ ခက်ခဲတာကြောင့် ဒီလိုကလေးတွေကိုလည်း ဆေးရုံတင်ထားဖို့ လိုပါတယ်။

◊ သွေးမလန့်ခင်ကတည်းက အန်နေတယ်၊ အစာမ၀င်ဘူးဆိုရင် ဆေးရုံတင်ပြီး အကြောဆေးတွေ သွင်းထားပြီး သွေးလန့်တာမဖြစ်အောင် လုပ်ပေးလို့ရပါတယ်။

◊ သွေးလွန်တုပ်ကွေးမှာ အဓိကက ခြင်ကျားကြောင့် ဖြစ်လို့ ခြင်ကျားနှိမ်နင်းရေးကို အဓိက လုပ်ရပါမယ်။

◊ ရေတစ်ထမ်း စာထဲကို Abate ဆိုတဲ့ ပိုးလောက်လမ်းသေတဲ့ဆေး လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာထည့်ထားရင် ခြောက်ပတ်လောက်ခံပါတယ်။

◊ သွေးလွန်တုပ်ကွေး ကုသရတာက တကယ်လက်ဝင်ပါတယ်။ တကယ်သွေးလန့်ပြီဆိုရင် တစ်နာရီတစ်ခါ အချိန်ညှိပြီး လုပ်ရမှာမို့ လူနာကို ၂၄ နာရီ စောင့်ကြည့်နိုင်တဲ့ ဆေးရုံဖြစ်ရမယ်။ သွေးနဲ့ သွေးရည်ကြည်ပေးနိုင်တဲ့ နေရာဖြစ်ရမယ်။ သွေးပျစ်ကျဲနှုန်း မကြာခဏတိုင်းနိုင်တဲ့ ဆေးရုံဆေးခန်းမှာ တင်ထားရမယ်။ ဒီလိုမျိုးတွေ လုပ်မပေးနိုင်တဲ့ဆေးရုံ၊ ဆေးခန်းမျိုးဆိုရင် ကုသအောင်မြင်မှုက ကောင်းချင်ရဲ့နဲ့ မကောင်းတာမျိုးရှိခဲ့ဖူးပါတယ်။

#ပါမောက္ခဒေါက်တာစောဝင်း၏ “သတိပြုဖွယ် သွေးလွန်တုပ်ကွေး အန္တရာယ်”ဆောင်းပါးမှ ကောက်စာများ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.