တာရှည်ခံပစ္စည်းများ အသုံးပြုထားသည့် လက်ဖက်များ စားသုံးခြင်း ရှောင်သင့်

အရောင်ဆိုးထားပြီး တာရှည်ခံပစ္စည်းများ အသုံးပြုထားသည့် လက်ဖက်များနှင့် အဖုံးအအုပ်မရှိဘဲ ရောင်းချသည့် လက်ဖက်များကို ဝယ်ယူစားသောက်ခြင်းမှ ရှောင်ရှားရန်လိုအပ်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာအောင်ဆန်းဝင်းက သုံးသပ်ပြောဆိုလိုက်သည်။

‘‘အရောင်ဆိုးထားတဲ့ လက်ဖက်တွေ၊ ကြာရှည်ခံအောင်လုပ်ထားတဲ့ ဓာတုပစ္စည်းတွေကိုသုံးထားတဲ့ လက်ဖက်တွေကိုစားရင် ပျို့တာ၊ အန်တာတွေ ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် အဲလိုလက်ဖက်တွေ စားပြီး ပျို့ချင်၊ အန်ချင်သလို၊ မူးမော်သလို ဖြစ်ဖူးပါတယ်။ မသန့်တဲ့၊ ပြုပြင်ထားတဲ့ လက်ဖက်တွေက ဘေးထွက်ဆိုးကျိုး ရှိပါတယ်’’ ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာအောင်ဆန်းဝင်းက ပြောသည်။ 


ယင်နားထားသည့် လက်ဖက်များ၊ မသန့်ရှင်းသည့် ပန်းကန်များဖြင့်ထည့်ပြီး ရောင်းချသည့် လက်ဖက်ထမင်းများ၊ လက်ဖက်သုတ်များကြောင့်လည်း အစာအဆိပ်သင့်ခြင်း ဖြစ်ပွားနိုင်ကြောင်း ၎င်းက ဆိုသည်။ 

‘‘ယင်နားထားတဲ့ လက်ဖက်တွေ၊ အချိန်အကြာကြီး နှပ်ထားတဲ့လက်ဖက်တွေက ပိုးပေါက်ဖို့ အခွင့်အလမ်းရသွားရင် စားမိရင် အစာအဆိပ်သင့်တာပါ ဖြစ်နိုင်ပါတယ်’’ ဟု ဒေါက်တာအောင်ဆန်းဝင်းက ဆက်ပြောသည်။

ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မသန့်ရှင်းသည့် လက်ဖက်ထမင်းများကို စားသောက်မိသောကြောင့် ကျောင်းသူလေးတစ်ဦးမှာ ပျို့အန်ခြင်းများဖြစ်ပွားပြီး အူရောင်ကာ အဖျားဝင်ခြင်းကြောင့် ခွင့်ရက်ရှည်ယူခဲ့ရကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

‘‘ကလေးက လက်ဖက်ထမင်းကို တစ်ပွဲတစ်ရာတန်သုံးပွဲကို ကျောင်းမုန့်ဈေးတန်းမှာ ဝယ်စားတာ။ အိမ်ရောက်တော့ ကလေးကအန်တာ။ နောက်ရက်ထိတောင် ဆက်အန်တုန်းပဲ။ အဖျားတွေပါဝင်ပြီး ဗိုက်တွေလည်း အရမ်းအောင့်လို့ ဆေးကုရတယ်။ ခွင့်ငါးရက်လောက် ယူလိုက်ရပါတယ်” ဟု အဆိုပါ ကျောင်းသားမိဘတစ်ဦးက ပြောသည်။  

လက်ဖက်တွင် စိမ်းရောင်ခြည် ကလိုရိုဖင်းပါဝင်သည့်အတွက် ကင်ဆာရောဂါကာကွယ်သည့် ဓာတ်များ၊ အာဟာရဖြစ်စေသည့် ဓာတ်များ ပါဝင်သောကြောင့် လက်ဖက်မှာ ဆေးဖက်ဝင်သည်ဟု ဆိုနိုင်သော်လည်း ပျို့ခြင်း၊ အန်ခြင်းနှင့် အစာအဆိပ်သင့်ခြင်းများ မဖြစ်စေရန် သန့်ရှင်းလတ်ဆတ်သော လက်ဖက်များကို ရွေးချယ်စားသောက်ရန် လိုအပ်သည်။

MMK

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.