ဆယ့်နှစ်ကြိုး ခင်သုန်

(အမိဝမ်းတွင်းကတည်းက စုန်းပညာပါရှိလာသည့် ကဝေ မလေး နှင့် မသင်အပ် မသင်ရာကို သင်ကြားမိသော တက္ကသိုလ် ကျောင်းသား တစ်ဦး တို့၏ ကြေကွဲဖွယ် အချစ်ဇာတ်လမ်း)
ကိုကိုမောင် ရေးသားသည် ။
(၁)
“သေခြင်ရင် စိန်မစား နဲ့ ဒေါ်ပန်းအိ ဆီ သွား “
ဟောဒီ ယောနယ်တ၀ိုက်မှာ အခုတလော ဒီ စကားက ခေတ်စားသည်..။
ဘာပဲဖြစ်ဖြစ် ဒေါ်ပန်းအိရဲ့ သမီးတွေဖြစ်တဲ့ ခင်မှုံ နဲ့ ခင်သုန် တို့ရဲ အလှအပ စွဲဆောင်မှုအားကိုတော့ ဒီစကားလောက်နဲ့ မတားဆီးနိုင်တာ သေချာသည်။
ဒေါ် ပန်းအိ……
စုန်း အောက်လမ်း မှော် ပညာရှင်တွေ ပေါပါတယ်လို့ နာမည်ကြီးတဲ့ ဒီနယ်တစ်ကြောမှာတော့ ဒေါ်ပန်းအိ ဆိုတဲ့ နာမည်ကြားလျှင် တော်ရုံလောကီပညာတတ်ပါတယ်ဆိုတဲ့ လူတွေ ဖြုံသွားတတ်ကြသည်..။
ရွာသူအဆင့်….ကျင်းစားအဆင့်…တိုက်စုန်း..ပြုစုန်း…ခေါင်းလွတ်စုန်း အဆင့်လောက်တော့ ဒေါ်ပန်းအိ ကို သွားမယှဉ်နဲ့…ဒေါ်ပန်းအိက တိမ်ညွန့်စားတဲ့အဆင့်…..လို့ ရွာနီးချုပ်စပ်မှာ နာမည်ကြီးသည်..
ဒေါ်ပန်းအိက မွေးကတည်းက လျှာမှာ အနီစက်တွေပါသည်တဲ့..လျှာစက် အာစက်လို့ ခေါ်သတဲ့..။
ဒေါ်ပန်းအိ ကို လူတွေ စသတိထားမိလာတာကတော့ သူရင်းငှား အုန်းမြင့် နဲ့ပတ်သက်တဲ့ ပြသနာတွင်ဖြစ်သည်…
သူရင်းငှား အုန်းမြင့် က ဒေါ်ပန်းအိ ယောင်္ကျား ဦးကျား မသေခင်ကတည်းက ဒေါ်ပန်းအိ တို့ လယ် တွေမှာ သူရင်းငှားလုပ်လာတဲ့ကောင်….
ဦးကျား သေပြီးကတည်းက သူရင်းငှား အုန်းမြင့် က အချိုးတွေပြောင်းလာသည်.. သူ့စိတ်ထဲမှာ မုဆိုးမကြီး ဒေါ်ပန်းအိနှင့် သမီးနှစ်ယောက်ကို အပိုင်တွက်ထားပုံရသည်…..
ရွာဘုန်းကြီးပျံတုန်းက ဖွင့်သည့် ကက်ဆက်ဇာတ်လမ်းတွေထဲကလို လယ်ကူလီ နဲ့ လယ်ရှင်သမီး ဇာတ်မျိုး ခင်းခြင်ပုံရသည်..။
ဒီတော့ အုန်းမြင့် ချိန်နေတာက သူနှင့်ရွယ်တူ အကြီးမ ခင်မှုံ…
.အငယ်မ ခင်သုန်ကတော့ အခုမှ ဆံရစ်ဝိုင်းသိမ်းခါစ ဆံတောက်စချသည့် အရွယ်……
အုန်းမြင့် ဇာတ်လမ်းစပုံက နည်းနည်းကြမ်းသည်.. တစ်နေ့ ဒေါ်ပန်းအိ မရှိတုန်း ခင်မှုံ နွားစာစဉ်းနေ ချိန်မှာ နွားတင်းကုတ်ထဲကို အုန်းမြင့် ၀င်လာသည်…
ခင်မှုံ ကို ရွာဘုရားပွဲတုန်းက မင်းသားအကြောင်းတွေ… ရုပ်ရှင်းမင်းသား ပြေငြိမ်းသေသည့် အကြောင်း တွေ လာပြောတော့ ခင်မှုံ ကလည်း ငယ်ငယ်ကတည်းက ကစားဖော်တွေမို့ ရိုးရိုးသားသားပဲ ရယ်ရယ်မောမော နဲ့ စကားပြန်ပြောသည်…။
ဒါကို အုန်းမြင့် က သူ့ကိုယ်သူ တော်တော်ဘ၀င်မြင့်သွားသည်။ လယ်ရှင်သမီးတော့ သူ့ကို ကြွေပြီ ပေါ့…………….
ရွာထဲမှာ အုန်းမြင့်က လျှောက်ဖွသည်..။ ခင်မှုံ ကို သူ ဟိုတစ်နေ့က နွားတင်းကုပ်ထဲမှာ စကားပြော တာအဆင်ပြေသည် လို့….
ရွာဆိုတာကလည်း မီးထိုးပေးတဲ့သူနှင့် မီးယပ်ပေးတဲ့သူနှင့် အဆင်းဘီးတပ်ပေးသူတွေ ပေါ…ပေါ့။
အုန်းမြင့် က သူနဲ့ ခင်မှုံ ဘာမှဖြစ်တာမဟုတ်ပေမယ့် ဘေးက၀ိုင်းမြှောက်ပေးသံတွေကြားရတော့ ခင်မှုံ ပဲ သူ့ကိုတကယ်ကြွေနေသလိုလို ထင်လာသည်…
ဒီတော့ အုန်းမြင့် အတင့်ရဲလာပြီ
ကဆုန်ညောင်ရေသွန်းပွဲတွင် ခင်မှုံ ကို လူအုပ်ကြားထဲ လက်ဆွဲပြီး ရည်းစားစကားပြောသည်…
ခင်မှုံက အတင်းရုန်းတော့ တဆင့်တက်ပြီး အတင်းဖက်သည်……
အဲ့ဒီအချိန် ဒေါ်ပန်းအိ ရောက်လာပြီး အုန်းမြင့် ကို တွန်းထုတ်ပြီး သူ့သမီးကို အိမ်ပြန်ခေါ်သွားသည်။
အုန်းမြင့်လည်း အော်တိုမစ်တစ် ဒေါ်ပန်းအိ သူရင်းငှားဘ၀ကနေ ပင်စင်ရသွားသည်။
အုန်းမြင့်က ဒီမှာတင်မရပ်…ဇာတ်ကြောကရှည်သည်… ဒေါ်ပန်းအိ သူ့သမီးကို အိမ်ပြန်ခေါ် သွားတာကိုပဲ.. သူ့မှာ တွံတေးသိန်းတန် ကက်ဆက်ဇာတ်လမ်းတွေထဲကလို သူနဲ့ ခင်မှုံ အဆင်ပြေတာကို လယ်ပိုင်ရှင်သူဌေးမကြီးက လူတန်းစားခွဲပြီး ဖျက်သည်ဟု ဇာတ်လမ်းထွင်ပြန်သည်..။
ညနေတိုင်း တောအရက်တစ်လုံးသောက်ပြီး ခင်မှုံတို့အိမ်ရှေ့မှာ သွားသွားအော်သည်..
ဂုဏ်ကိုမက် ငွေကိုမက်တဲ့ ဓနရှင်မကြီး တို့…..
တို့ချစ်ခြင်း ကွင်းအောင်စေ တဲ့ ကုန်းမအို တို့ ဘာတို့ သွားလျှောက်အော်သည်..။
ဒါလည်း ဘာမှ မဖြစ်သေး…. ဒေါ်ပန်းအိတို့ သားအမိတွေ… အုန်းမြင့်အသံကြားတာနဲ့ အိမ်ကို တံခါးအလုံပိတ်ပြီး ကြိတ်မှိတ်နေတော့သည်…။
တစ်ပတ်လောက် အုန်းမြင့် အိမ်ရှေ့ကို မူးပြီး လာလာအော်သည်..
ရှစ်ရက်မြောက်နေ့ကျတော့ အုန်းမြင့် ပိုဆိုးလာသည်..
ခင်မှုံ အချစ်လေး မင်းအမေ လူ့မလိုင်မကြီးကို ထားခဲ့ပြီး ကိုအုန်း နောက်လိုက်ခဲ့တွေ ဘာတွေ လျှောက်အော်သည်… ညစ်တီးညစ်ပတ်တွေပါပြောသည်..နောက်ဆုံး အိမ်ကို ခဲနဲ့ထုတဲ့အဆင့် ရောက်လာသည်…။
ကာလသားခေါင်း မောင်လွင် ရောက်လာပြီး အုန်းမြင့်ကို မလုပ်ဖို့ပြောတော့ အုန်းမြင့်နှင့် စကားအခြေအတင်ဖြစ်ကြသည်.. ငါ့မိန်းမအိမ်ရှေ့ ငါဘာသာလာအသဲကွဲတာတွေ ဘာတွေအထိ အုန်းမြင့် မူးမူးနဲ့လျှောက်ပြောသည်
ဒေါ်ပန်းအိ တို့ အိမ်ရှေ့ ပြတင်းတံခါး ရုတ်တရက် ပွင့်လာသဖြင့်…..မောင်လွင် ရော အုန်းမြင့် ပါ မောကြည့်လိုက်ကြသည်……….
ဒေါ်ပန်းအိ က အုန်းမြင့် တည့်တည့်ကို လက်ညှိးထိုးလိုက်ပြီ…………
“‘ဒီမှာ အုန်းမြင့်…….နင်က ငါ့အိမ်ရှေ့လာစော်ကားတာ အသဲကွဲတာပေါ့ ဟုတ်လား..
အေး..ဒီမှာ ပန်းအိ တဲ့ နင့်ကွဲနေတယ်ဆိုတဲ့ အသဲကို အစိမ်းလိုက် ၀ါးစားပြမယ်.. စောင့်ကြည့်နေ”
တစ်ခွန်းထဲပြောကာ ပြတင်းတံခါး ပြန်ပိတ်သွားသည်..။
မောင်လွင်က အုန်းမြင့်ကို အတင်းဆွဲခေါ်သွားလိုက်သည်…။
ဒေါ်ပန်းအိ အိမ်ရှေ့ကို အုန်းမြင့် လာတာ အဲ့ဒီနေ့က နောက်ဆုံးဖြစ်သည်..။
နောက်တစ်ရက်တွင် အုန်းမြင့် နေထိုင်မကောင်းဖြစ်သည်.. အစာတွေ မ၀င်တော့.. အသားအရည်က ၀ါထိန် လာသည်…
နှစ်ပတ်အကြာမှာအုန်းမြင့်ကို မုံရွာဆေးရုံသို့ တင်လိုက်ရသော်လည်း အုန်းမြင့်ဆုံးသွားသည်…
ထူးခြားတာက ရင်ခွဲစစ်ဆေးချက်အဖြေအရ…အုန်းမြင့်မှာ အသဲတစ်ခြမ်းသာ ရှိတော့သည်……တဲ့..။
(၂)
ဒုတိယအကြိမ် ဒေါ်ပန်းအိ ကို နာမည်ကြီးအောင်လုပ်ပေးတာက… မစန်းခင်
မစန်းခင်က ဒေါ်ပန်းအိ ကို အစာမကြေသူ…
ဒေါ်ပန်းအိ ဆီမှာ မစန်းခင်က သူ့ ရွှေနားကပ်လေး အပေါင်ထားသည်.. သူ့ယောင်္ကျား ဖိုးအေးကို သင်္ဘောသားဖြစ်အောင် ရန်ကုန်က ဦးလေးတ၀မ်းကွဲက လုပ်ပေးမည်ဟုဆိုကာ လှမ်းခေါ်သဖြင့် ရွှေနားကပ်ပေါင်ပြီး ငွေထည့်ပေးလိုက်သည်…
တစ်ပတ်လောက်ကြာတော့ ဖိုးအေး ရန်ကုန်က ပြန်ရောက်လာသည်.. သူ့ဦးလေတ၀မ်းကွဲက သူ့ရွှေနားကပ်ပေါင်ထားတဲ့ ပိုက်ဆံရော..ပါသမျှ ပိုက်ဆံတွေပါ ယူပြီး လိမ်သွားသည်တဲ့..
ဖိုးအေး သင်္ဘောမတက်ဘဲ ရွာကထန်းပင်ပြန်တက်လိုက်ရသည်..။ နားကပ်ဖိုး အတိုးက မသတ်နိုင်..။
ဒီမှာ မစန်းခင်က ဂွင်ဖန်တော့သည်… ရွာက ရှင်ပြုတစ်ခုမှာ ဒေါ်ပန်းအိ အိမ်သို့သွားပြီး နားကပ်လေး ခဏ ပြန်ငှားရန် တောင်းပန်သည်။
ဒေါ်ပန်းအိက လည်း ကိုယ်ဝန်ကြီးတကားကားနဲ့ သူ့နာကပ်လေး လာပြန်ငှားသော မစန်းခင်ကို သနားသဖြင့် ခဏပြန်ပေးလိုက်သည်….
ဖိုးအေး က လူကသာ သင်္ဘေားသားလုပ်မလိုလို.. ထန်းတက်သမားလုပ်မလိုလို နဲ့ စောက်သုံးမကျတာ ဒါမျိုးတော့ ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်မြောက်ထားပုံရသည်..ခုကြည့် မစန်းခင် မှာ (၅)ယောက်မြောက်။
ရှင်ပြုပွဲက ပြီးသွားပြီ……………..တစ်ရက်..တစ်ပတ်…နှစ်ပတ်…
မစန်းခင် ကတော့………. ဒေါ်ပန်းအိတို့အိမ်ဘက် ခြေဦးပင် လှည့်မလာတော့…။
ဒေါ်ပန်းအိ သမီးအကြီးမ ခင်မှုံကို ခေါ်ပြီး မစန်းခင် အိမ်ကို လိုက်သွားသည်…..
အိမ်ရှေ့ရောက်လို့မှ နားကပ်အကြောင်းစကားစရသေး မစန်းခင်က ခုနှစ်သံချီရန်တွေ့သည်..
“ပိုက်ဆံပေးပြီး ပြန်ရွေးထားတာကို… ကလိန်ကျပြီး လာပြန်တောင်းနေတယ် အရပ်ကတို့ရေ.. ဒီအဘွားကြီး အသက်ကြီးပြီး အချိန်မစီးဘဲ လူလည်လာကျနေပါတယ်” ဆိုပြီး စတင်ပါလေရော..
အဲ့မှာ ခင်မှုံက မခံနိုင်ဘဲ ၀င်တောင်းပန်တယ်
“အန်တီစန်းခင် အဲ့လိုတော့ မအော်ပါနဲ့ တော် လာပေါင်တုန်းက ကျုပ်တို့လည်း ရှိတာပါပဲတော်”
“အောင်မလေးတော် အမေ ခေါင်းမကြီး နဲ့ သမီး ဖာသည် နဲ့အတိုင်အဖောက်ညီညီ လာလိမ်နေပါတယ် တော့” ဆိုပြီး ဟစ်နေတုန်း……….မစန်းခင် အော်သံရပ်သွားသည်………
ဒေါ်ပန်းအိ က သူ့သမီး လက်ကို ဆွဲပြီး ချာခနဲ ပြန်လှည့်သွားတော့ မစန်းခင်တောင် အံသြသွားသည်..
အိမ်ခြံစည်းရိုး အ၀ ရောက်မှ ဒေါ်ပန်းအိက ရေကပြင်မှာ မတ်တပ်ရပ်ရင်း သူတို့ကို ကြောင်ကြည့်နေတဲ့ မစန်းခင် ကို လက်ညှိုးထိုးလိုက်ပြီ……….
“စန်းခင်……ညည်း ငါ့သမီးလေးကို စော်ကားတယ်… အေး ညည်းဗိုက်ထဲက ကလေး ဘာဖြစ်မလဲကြည့်လိုက် ငါစားပြမယ်’
အဲ့ဒီ တစ်ခွန်းပြောပြီး လှည့်ပြန်သွားတော့………..မစန်းခင် ပါးစပ်အဟောင်းသားနဲ့ကျန်ခဲ့တော့တယ်။
တိုက်ဆိုင်မှုလို့ပဲ ဆိုကြပါစို့
ကလေးမွေးဖို့ (၁)လလောက်အလို ကိုယ်ဝန်(၈)လ မှာ မစန်းခင် ဆုံးပါတယ်….
ဗိုက်ထဲက ကလေးက ဗိုက်ထဲမှာ သေနေပြီ အပုပ်ဆန်သွားတာကို အချိန်မှီ မသိတဲ့အတွက် သွေးတွေ အဆင်းလွန်ပြီး မစန်းခင် ဆုံးပါတယ်…။
အဲ့ဒီနောက်ပိုင်းတော့ ရပ်ထဲရွာထဲ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် နေမကောင်း တစ်ခုခု ဖြစ်ရင် ဒေါ်ပန်းအိ အိမ်ကိုတော့ ဟင်းကောင်းတစ်ခွက်ဖြစ်ဖြစ် ငှက်ပျောတစ်ခိုင်ဖြစ်ဖြစ် ရောက်လာတတ်ပါတယ်………။
ရွာထဲမှာ ခေတ်စားလာတဲ့စကားကတော့ “သေခြင်ရင် စိန်မစားနဲ့ ဒေါ်ပန်းအိဆီသွား” တဲ့
ဘာပဲဖြစ်ဖြစ် ဒေါ်ပန်းအိ အတွက်တော့ ဒီစကားဟာ ယောင်္ကျားသားမရှိတဲ့ သူတို့ သားအမိ (၃) ယောက်အတွက်တော့…လုံခြုံဖို့ရာဖြစ်လာတဲ့ စကားမို့လို….ကျေနပ်နေမိသည်လို့ပဲ ဆိုကြပါစို့….။
(၃)
“သေခြင်ရင် စိန်မစားနဲ့ ဒေါ်ပန်းအိ ဆီသွား ” ဆိုကာ မှ ဒေါ်ပန်းအိ ဆီကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် သွားချင်နေသူ က ရှိနေသည်…။
ခင်မောင်ကျော်….
ခင်မောင်ကျော် က မုံရွာ က ပွဲစား ။
အသက်က ငယ်ငယ် လူက လည်လည်.. ဂျပန်လုပ် ဟွန်ဒါဆိုင်ကယ်လေးတစ်စီးဖြင့် ယောနယ်တ၀ိုက် လှည့်ပြီး စပါး ပဲ နှမ်း တွေ ယောထမီ ယောပုဆိုးတွေ…လိုက်ဝယ်ပြီး ပွဲစားလုပ်နေတဲ့ကောင်…။
ခင်မောင်ကျော် ဒေါ်ပန်းအိ အိမ်ကို စပါးဈေးစပ်ရင်းရောက်လာရာကနေ … ခင်မှုံ တို့ ခက်တဲ့ ယောဆင် ယက္ကန်းထည် လေးတွေကို သဘောကျသည်ဟုဆိုလာသည် ။ အဲ့ဒီကနေ တဆင့် ခင်မောင်ကျော် က ခင်မှုံယက္ကန်းထည်တွေကို မုံရွာအထိ ယူသွားပြီး ရောင်းချပေးသည်..။
ဆယ်တန်း အောင်ပြီး စာပေးစာယူတက်နေသည့် တက္ကသိုလ်ကျောင်းသား ပွဲစားလေး ခင်မောင်ကျော် ၏ ဟွန်ဒါဆိုင်ကယ်လေးကို အမြဲတမ်းလိုလို ခင်မှုံတို့အိမ်ရှေ့မှာ တွေလာရသည်..။
အသားဖြူဖြူ ထောင်ထောင်မောင်းမောင်းနှင့် မြို့သားပညာတတ်ပွဲစားလေးကို ဒေါ်ပန်းအိကလည်း သူ့သမီး ခင်မှုံနှင့်သဘောတူနေသည်လို့ ရွာကလူတော်တော်များများကလည်း ယူဆကြသည်။
တစ်ခါတစ်ရံ ခင်မောင်ကျော် ဆိုင်ကယ်နောက်မှာ ခင်မှုံ ပါပါသွားတာပါ တွေ့လာရတော့ ရွာက ဘယ်တော့ နားဖောက်မှာလဲ လို့တောင် မေးလာကြတဲ့အဆင့်ရောက်လာပါလေရော..။
တစ်နေ့ ခင်မောင်ကျော် အိမ်လာလည်တဲ့အချိန် ဒေါ်ပန်းအိ နှင့်တွေ့သည်.. ဒေါ်ပန်းအိက လူငယ်ချင်း ရည်ငံ့နေလျှင် သူ့သမီးကို မိသားဖသားပီပီ လာတောင်းရမ်းဖို့…..ပြောတော့ ခင်မောင်ကျော်က ရယ်ရယ်မောမောနှင့် ပြန်ပြောသည်..။
“အန်တီရယ်….ကျွန်တော် ဘွဲ့ရပြီးမှ လက်ထပ်ကြဖို့ ခင်မှုံ ကို လည်းပြောထားပြီးသားပါဗျ”
“မဟုတ်ဘူး..မောင်ကျော်..ခင်မှုံ မှာ မင်းနဲ့ မင်းနဲ့………………..”
“ဟားဟား အန်တီရာ လာမနောက်ပါနဲ့ ကျွန်တော် ဦးနှောက်မရှိတဲ့ကောင်မဟုတ်ဘူး.. တစ်ပတ်မှ တစ်ရက်လောက် ဒီရွာကိုလာတဲ့ ကျွန်တော်က ဘယ်နှယ့် ခင်မှုံ ကိစ္စရဲ့ လက်သည် ဖြစ်ရမှာလဲဗျ..ဟားဟား အန်တီ ဦးနှောက်မရှိတဲ့ကောင်တွေကို တန်ပိုးတင်လို့ရမယ် ကျွန်တော့်ကိုတော့ လာမလုပ်နဲ့..ခင်မောင်ကျော် က စာတတ်တယ်ဗျ..ဦးနှောက်ရှိတယ်….”
ခင်မောင်ကျော်က ပြောပြောဆိုဆိုနှင့်  ဆိုင်ကယ်ပေါ်တက်ခွပြီး ဝေါခနဲ မောင်းထွက်သွားသည်…။
ဒီတစ်ခါတော့ ဒေါ်ပန်းအိ ဘာမှမပြောတော့…………………
မျက်ရည်တွေ တလိမ့်လိမ့်ကျရင်း ခင်မောင်ကျော် ထွက်ခွာသွားရာလမ်းကို မျက်ထောင့်နီကြီးနှင့် စိုက်ကြည့်ရင်း………….မြေကြီးကို ဖနောင့်နှင့် တစ်ချက်ပေါက်လိုက်သည်…………….။
ဒီတစ်ခါတော့ အဖြစ်ကဆိုးသည်…………………
ဒေါ်ပန်းအိ မသိလိုက်ခင်မှာပဲ…..ရွာထိပ် ချောင်းရိုးလေးမှာ ခင်မှုံ့ အလောင်းပေါ်လာသည်…..
ခင်မောင်ကျော် နှင့် ရရှိသည့် ကိုယ်ဝန်အတွက် ခင်မှုံ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပြီ….။
နောက်ပိုင်းမှ သတင်းတွေတဖြည်းဖြည်းကြားရသည်…….. ခင်မောင်ကျော်က မုံရွာမှာ မယားကြီးနှင့် ကလေး(၃)ယောက် ရှိပါလျက်ခင်မှုံ အား ကျောရရုံကြံခဲ့ခြင်းတဲ့…………..။
ခင်မှုံဆုံးပြီး တစ်နှစ်ကျော်ကြာသည်အထိ………….ဒေါ်ပန်းအိနှင့် အငယ်မ ခင်သုန်တို့အိမ်ထဲက သိပ်မထွက်တော့..ရွာနှင့်လည်း အဆက်အဆံသိပ်မလုပ်တော့…….။
ရွာခံလူတွေကလည်း မြို့သားခင်မောင်ကျော် ဘာများဖြစ်မလဲ နားစွင့်နေသော်လည်း ခင်မောင်ကျော် ကတော့ ဒေါ်ပန်းအိတို့ရွာမှလွဲပြီး ကျန်တဲ့ရွာတွေဆီမှာ ပွဲစားလုပ်နေစမြဲ……………။
ဒေါ်ပန်းအိ နှင့် အငယ်မ ခင်သုန် မုံရွာတက်သွားသည် ဆိုတဲ့ သတင်းကြားတော့ တစ်ရွာလုံးက စိတ်ဝင် စားကြသည်………….ဘာလုပ်ကြမလို့လဲပေါ့………….။
နှစ်ရက်ကြာတော့……….သားအမိနှစ်ယောက် ပြန်လာသည်……….။
ခင်မောင်ကျော် လည်း အရင်လိုပဲ ရွာနီးချုပ်စပ်မှာ ကူးသန်းရောင်းဝယ်နေဆဲ..ဘာမှမဖြစ်..။
ရွာက အံသြကြသည်..ဒီတစ်ခါ ဒေါ်ပန်းအိ ခင်မောင်ကျော် ကိုဘာမှ မလုပ်ဘူးလား..ဒါမှမဟုတ်အရင် တုန်းက အုန်းမြင့် နှင့် မစန်းခင် သေသည့်ကိစ္စတွေက တိုက်ဆိုင်မှုများလား သို့လော သို့လော ဖြစ်နေကြသည်.
ရွာသားတွေ ကြာကြာမအံသြရတော့ပါ…………။
တစ်ခုသော ညနေခင်း မှာ ခင်မောင်ကျော် ဒေါ်ပန်းအိ တို့အိမ်ရှေ့ ရောက်လာပါပြီ………………
ဒီတစ်ခေါက်လာခြင်းကတော့ ငှက်ကြီးတောင် ဓါး ကို စလွယ်သိုင်းပြီး လာခြင်း……….
“စုန်းမကြီး….ဒေါ်ပန်းအိ……..ခင်ဗျား သိပ်စွမ်းတယ်ပေါ့…..ဟုတ်လား..
လာဗျာ မိစ္ဆာမကြီး ခင်ဗျား ထွက်လာခဲ့………… ခင်ဗျားနဲ့ကျုပ် စားရင်းရှင်းကြရအောင်..”
ရုတ်တရက် ခင်မောင်ကျော် ၏ အော်သံကြောင့်……ဒေါ်ပန်းအိတို့အိမ် ပြတင်းတံခါးပွင့်သွားသည်..။
ဒေါ်ပန်းအိကို မြင်တော့ ခင်မောင်ကျော်က
“ဘီလူးမကြီး ခင်ဗျားဆင်းခဲ့လေ….ခင်ဗျား ပြုစားလို့ အခု ကျုပ် ကလေး(၂)ယောက် သေပြီဗျ.. လာ ကျုပ် ကလေး(၂)ယောက်လို့ ခင်ဗျားလည်း သေရမယ်…လာ ခင်ဗျား သတ္တိရှိရင် တံခါးလာဖွင့်လေ အောက်လမ်းမကြီး..”
ဟုတ်သည် ဒေါ်ပန်းအိ နှင့် ခင်သုန် မုံရွာတက်ပြီးနောက်.. ခင်မောင်ကျော်အိမ်ကို သွားသည်.. ခင်မောင်ကျော်ကတော့ ထုံးစံအတိုင်း ရွာစဉ်လှည့် ပွဲစားလုပ်နေသည် ။ ဒေါ်ပန်းအိတို့က ခင်မောင်ကျော့် မိတ်ဆွေတွေပါလို့ ခင်မောင်ကျော့် မိန်းမကို ပြောပြီး..ခင်မောင်ကျော် မရှိဘူးဆိုတော့ ချက်ချင်း အိမ်ပေါ်က ပြန်ဆင်းလာခဲ့ကြသည်..။ ဒေါ်ပန်းအိ တို့သားအမိတွေ ပြန်သွားပြီး နှစ်ရက် အကြာမှ ခင်မောင်ကျော့် သမီး အငယ်မလေး ခေါင်းမူးတယ် ခေါင်းမူးတယ်ဟု ပြောကာ ရုတ်တရက် ဆုံးသွားသည် ။ အငယ်မလေး ရက်လည်ပြီး နောက်နေ့တွင် အကြီးဆုံးသမီး ကလည်း ခေါင်းမူးတယ် မူးတယ် ဟု ပြောသဖြင့် ဆေးခန်းလိုက်ပို့ရာ လမ်းတွင်ပင် ဆုံးသွားရှာသည် ။ ကလေးငယ်နှစ်ယောက်လုံး၏ ရင်ခွဲ စစ်ဆေးချက်များအရ ကလေးတွေမှာ ဦးနှောက်ဆဲလ်တွေပျက်စီးသေဆုံးခြင်း ဟု အဖြေထွက်သည် ။
ဒီတော့မှ ခင်မောင်ကျော် တစ်စုံတစ်ရာကို သွားသတိရသည်..။
တစ်ခါက သူဖျက်ဆီးခဲ့သော ခင်မှုံ၏ အမေ ဒေါ်ပန်းအိကို ပြောခဲ့မိသောစကား
” အန်တီ ဦးနှောက်မရှိတဲ့ကောင်တွေကို တန်ပိုးတင်လို့ရမယ် ကျွန်တော့်ကိုတော့ လာမလုပ်နဲ့..ခင်မောင်ကျော် က စာတတ်တယ်ဗျ..ဦးနှောက်ရှိတယ်….”
အခု သမီးလေးနှစ်ယောက်လုံး ဦးနှောက်တွေပျက်စီးပြီးသေရပြီ……………။
ပြီးတော့ ဒေါ်ပန်းအိ ဆိုတာ တိမ်ညွန့်စားနေတဲ့ စုန်းမကြီးလို့..ယောနယ်တ၀ိုက်က ကောလဟလတွေ..
လွန်ခဲ့သည့်ရက်ပိုင်းက ဒေါ်ပန်းအိတို့ သားအမိ သူမရှိတုန်း သူ့အိမ်ကို လာသွားတာနှင့် ဆက်စပ် တွေးမိပြီး……..အခုလို ဒေါ်ပန်းအိ အိမ်ရှေ့သို့ ငှက်ကြီးတောင်ဖြင့် ခင်မောင်ကျော် ရောက်လာခြင်းဖြစ်သည်။
ဒေါ်ပန်းအိ အိမ်အပေါ်ထပ်မှ တည်တည်ငြိမ်ငြိမ်ဆင်းလာသည်………ရွာသူရွာသားများကလည်း ခင်မောင်ကျော်လက်ထဲတွင် ငှက်ကြီးတောင်ဓါးရှိနေသဖြင့် အရမ်းမ၀င်ရဲ… ရွာလူကြီး ဦးဝင်းမော် နှင့် ကာလသားခေါင်း မောင်လွင်တို့ကို သွားခေါ်သူ က သွားခေါ်နေကြသည်..။
ဒေါ်ပန်းအိ ခြံတံခါးကိုအဖွင့်……………..
ပိုင်းချလိုက်သည်…………………ခင်မောင်ကျော် ၏ ငှက်ကြီးတောင် က ဒေါ်ပန်းအိ ခေါင်းပေါ်ကနေ ပြန်ကန်ထွက်လာသည်………သွေးတွေရဲခနဲ
နောက်တစ်ချက်……….
ဒေါ်ပန်းအိ လည်ပင်းကို ဓါးချက်တွေကျလာသည်…….
ရွာသူ ရွာသားတွေ အော်သံဆူညံသွားသည်………………….။
သွေးအိုင်ထဲတွင် လဲနေသော ဒေါ်ပန်းအိ ကို ကြည့်ရင်း ခင်မောင်ကျော် ကြောင်ရပ်နေမိသည်..။
ဖြောင်း…ဖောင်း..ဖောင်း
ကာလသားအုပ်စုက ခင်မောင်ကျော်အား လေးခွများဖြင့် ၀ိုင်းပစ် ခဲများဖြင့် ၀ိုင်းထုပြီး ဖမ်းဆီးလိုက်ကြသည်………
သွေးအိုင်ထဲမှာ ဒေါ်ပန်းအိဘေးတွင် ခင်မောင်ကျော်အား ၀ိုင်းလုံးထွေးပြီး ဖမ်းလိုက်ကြသည်။
ခင်မောင်ကျော်အား မြို့ရဲစခန်းသို့ပို့ရန် ကြိုးများတုတ်နေစဉ် ဒေါ်ပန်းအိတို့ ခြံတံခါးမှ တစ်စုံတစ်ယောက် ပေါ်လာသည်…………..။
ခင်သုန်
သူ့အမေအား ခင်မောင်ကျော်ခုတ်ခဲ့သည့် ငှက်ကြီးတောင်အား ကောက်ကိုင်လိုက်သည်…..။
………………..အရင်လို ဆံတောက်ဝိုင်းစစဆံထုံးနှင့် မြီးကောင်ပေါက်ခင်သုန်ကား……….
ယခု ယောနယ်၏ နွားရိုင်းသွင်းချိန် မှောင်ရီဝိုးတ၀ါး နေရောင်ခြည်အောက်တွင်…… ဆံပင်ကို ဖားလျားချပြီး ထမိန်ကို တိုတိုဖြင့် သွေးပေနေသော ငှက်ကြီးတောင် ဓါး ကို ကိုင်ကာ ခင်မောင်ကျော် အား စိမ်းစိမ်းကြီး ရပ်ကြည့်နေပုံက အရင်က အပျိုပေါက်လး ခင်သုန် ဟုတ်ပါလေစ
မြင်ရသူတိုင်း ထိတ်လန့်စရာ…………..
ခင်သုန် ၏ အစိမ်းရောင်ဘက်လုနေသော ပါးမို့ဖြူဖြူတို့သည် ဆည်းဆာနေရောင်အောက်တွင် လှပ နုမွတ်နေသလောက် ခင်သုန် မျက်လုံးအိမ်ကတော့ မီးတောက်မတတ် အခိုးအငွေ့တို့ထွက်နေသလား မှတ်ထင်ရသည်.။
“ခွေး…………………မျိုး………..
နင့် ကလေးတွေကို ငါ…………လုပ်တာ……………..
အေး…………..နင့်ကလေးတွေကို အမေလုပ်တာမဟုတ်ဘူး……….ငါလုပ်တာ…..ခွေးမျိုး “
“အေး မမ ခင်မှုံ လို နင့် မိသားစု သေရမယ်……….ပြီးရင် အမေသေသလို…နင်သေရမယ်…
ခွေးမျိုး……………နင်………….ခွေးလိုသေရမယ်…………”
သွေးညှီနံ့တို့သင်းသင်းထနေသော ရွာလေး၏ ညနေတွင် ထိတ်လန့်ဖွယ်ရာ အက်ကွဲကွဲနှင့် ခင်သုန်၏ အသံကြောင့် ခင်မောင်ကျော် သာမက ကြားရသူတိုင်းက ကြက်သီးတဖြန်းဖြန်းထကြသည်………
ခင်သုန်က ဒေါ်ပန်းအိ အလောင်းရှိရာသို့ လှမ်းလာပြီး…..ငှက်ကြီးတောင် ဓါး ဖြင့် စည်းဝိုင်းဝိုင်း လိုက်သည်……………ထို့နောက် ဒေါ်ပန်းအိ ၏ နဖူးမှ ဆံနွယ်စများအတွင်းရှိ ဦးရည်ပြားအား ငှက်ကြီးတောင် ဖြင့် ဖိထိုးလိုက်သည်……….
အားလုံး က ခင်သုန် ဘာလုပ်မလဲကြည့်နေကြသည်……….။
ခင်သုန်က ငှက်ကြီးတောင် ဓါး ကို ဆွဲထုတ်လိုက်ပြီး………ဓါးထိပ်ဖျားတွင် ပေကျံနေသော သွေးများ အား လျှာဖြင့် လျက်ကာ မြိုချလိုက်သည်………….။
ခင်သုန့် မျက်ဝန်းတွင် မျက်ရည်များ တစစီ စီးကျနေသလို..ခင်သုန့်၏ နီရဲစိုမည့်နေသော နှုတ်ခမ်း ဖူးဖူးတွင်လည်း ဒေါ်ပန်းအိ ၏ သွေးစက်တစ်ချို့က စီးကျနေသည်………
“ကိုကြီး မောင်လွင်… အမေ့အလောင်းကို ရွာအပြင်မှာပဲ ထားလိုက်ပါ……..အမေ့ကို မီးသဂြိုလ်ပေးပါ.. ကျွန်မ မလာဘူး……ရက်မလည်ဘူး………အမေသေပြီး(၁၀)ရက်မြောက်နေ့မှ ကျွန်မ အိမ်ထဲက ထွက်မလာရင် အိမ်တံခါးဖြတ်ပြီး ၀င်ခဲ့ကြပါ”
ခင်သုန် က ခင်မောင်ကျော် အား ကြိုးဖြင့်တုပ်ရင် သူ့အား ကြောင်ကြည့်နေသော ကာလသားခေါင်း မောင်လွင် အား ကြည့်ကာ……အမိန့်ဆန်ဆန်ပြောဆိုမှုကြောင့် မောင်လွင် ပါ တုန်တက်သွား သည်………..။
ခင်သုန်က အားလုံးကို ကျောခိုင်းပြီး ခြံအတွင်း ပြန်ဝင်သွားသည်…….။
သေခြင်ရင် စိန်မစားနဲ့ ဆိုသော ဒေါ်ပန်းအိ ကတော့ သွေးအိုင်ထဲတွင် ငြိမ်သက်လျက်..
ခင်မောင်ကျော်က တော့ ခေါင်းငိုက်စိုက်လျက်………………………………
အဲ့ဒီညက ရွာကလေးက ထူးထူးခြားခြား ခြောက်ခြားဖွယ်ကောင်းအောင် တိတ်ဆိတ်နေတော့သည် ။
(၄)
“ဆယ်ရက်မြောက်တော့ မမ ခင်သုန် ပြန်ထွက်လာလား”
“ဟိုကောင် ဟိုကောင် ခင်မောင်ကျော်ရော..ဘာဖြစ်သွားလဲ”
ရဲဖြိုး နှင့် အာကာ ၏ အမေးကို ယောသား ၀င်းထိုက် က လက်ကာပြပြီး ၀ီစကီပုလင်းကို ခွက်ထဲ ငှဲ့ ထည့်လိုက်သည်…။
“ဆက်ပြောမယ်………..ခဏလေးပါဟ.. ငါလခွီး…ချီးမှပဲ”
ယောသား ၀င်းထိုက်က သူတို့ရွာက ဆယ့်နှစ်ကြိုး စုန်းမ မမခင်သုန် အကြောင်းဟု အစချီက အရက်ဝိုင်းတွင် ပြောပြနေသည်ကို ရဲဖြိုး နှင့် အာကာ က စိတ်ဝင်စားနေသလို.. ခုတင်ပေါ်တွင် စာဖတ်နေသော ခက်ဇော် ပါ စိတ်ဝင်တစား လာနားထောင်သည်..။
“အေး……….(၁၀)ရက်မြောက်နေ့မှာ မမခင်သုန် ပြန်ထွက်လာပြီး သူ့အမေဂူကို သွားတယ်ကွ…
ရွာဦးကျောင်းဘုန်းကြီး ဦးဝါယမနဲ့ ရွာလူကြီးတွေ က မမခင်သုန် ကို သချိုင်းအထိလိုက်လာပြီး ရက်လည်လုပ်ပေးဖို့ ပြောတယ်……….
မမ ခင်သုန်က ဘာမှမပြောဘူး…..ဆရာတော်ကို တောင် ခပ်စိမ်းစိမ်းတစ်ချက်ကြည့်ပြီး ပြန်လှည့်ထွက် သွားတော့တာပါပဲကွာ……
“ခင်မောင်ကျော် ကတော့…………. မခင်သုန် အိမ်ထဲပြန်ထွက်လာတဲ့နေ့မှာပဲ မုံရွာအချုပ်မှာ ဆုံးတယ်.. ထူးဆန်းတာက အချုပ်ထဲမှာ ခွေးရူးပြန်သလိုဖြစ်ပြီး သူ့လက်တွေ ခြေတွေကို သူ့ကိုယ်သူ ပြန်ကိုင်တယ်တဲ့…ပြီးတော့…..အချုပ်ခန်းသံတိုင်ကို ရဲတွေအလစ်မှာ ခေါင်းနဲ့ပြေးဆောင့်တာ ပွဲခြင်းပြီးပဲတဲ့ကွာ”
အဲဒီနေ့က စပြီး ရွာနီးချုပ်စပ် မှာ ပြောကြတဲ့ သတင်းတစ်ခုကတော့…………
မခင်မှုံ ဆုံးပြီးတဲ့နောက် ဒေါ်ပန်းအိ ဟာ ခင်သုန် ကို ဘူးသွင်းပေးခဲ့ တယ် “
အာကာက “ဘာ ဘူးသွင်းတာတုန်းဟ”
‘ဘူးသွင်းတယ်ဆိုတာက ပညာအမွေပေးတာပေါ့ကွာ… စုန်းပညာတတ်မြောက်တဲ့ သူတစ်ယောက် ဟာ သူ့ ပညာရပ်ကို သူ့သားသမီးတွေထဲက တစ်ယောက် ကို ဘူးသွင်းတဲ့နည်းနဲ့ အမွေဆက်ခံခွင့်ပေးလို့ရတယ်ကွ.. ဘူးသွင်းတယ်ဆိုတာက စုန်းတစ်ယောက်ဟာ သူကွယ်လွန်ခါနီး ဒါမှမဟုတ် သူ့ပညာရပ်တွေကို ရှေ့အဆင့်တွေ ဆက်မတက်တော့ဘဲ.. ရပ်နားခါနီးဆို.. သူ့အတတ်ပညာနဲ့ စီရင်ထားတဲ့ ဘူးပင်တစ်ပင်ကို စစိုက်တယ်… အဲ့ဒီ ဘူးပင်ကို စိုက်တဲ့အခါ သင်္ချိုင်းက မြေကြီးကို ယူရတယ်.. ပြီးတာနဲ့ ပညာအမွေပေးမယ့် စုန်းပညာသည်ရဲ့ ညာဘက်လက်ညှိးက လက်သဲခွံ ရယ်… နောက်စေ့တည့်တည့်နေရာမှာ ပေါက်နေတဲ့ ဆံပင်စရယ်ကို ဖြတ်ပြီး မြေကြီးထဲမှာ ဘူးစေ့နဲ့အတူ ထည့်ပြီး အဲ့ဒီမြေကြီးမှာ မြှပ်စိုက်ရတယ်’
‘ခုနှစ်ရက်မြောက်တဲ့နေ့မှာ အဲ့ဒီ မြေနေရာကို တံစက်ပြန်ရေ နှင့် လောင်းရတယ်”
‘တံစက်ပြန်ရေ ဆိုတာ ဘာလဲဟ”
“တံစက်ပြန်ရေဆိုတာ…. အိမ်ခေါင်မိုးတံစက်မြိတ်အောက်မှာ မတ်တပ်ရပ်ပြီး ရေကို နောက်ပြန် ပတ်တင်လိုက်..ပြီးရင် တံစက်မြိတ်က ပြန်ကျလာတဲ့ ရေကို ခေါ်တာကွ.. အဲဒီရေက စုန်းပညာခန်းတတ်ရာမှာ စုန်းပညာစီရင်ရာမှာ အရမ်းကို အသုံးဝင်တဲ့ရေပေါ့ကွာ”
“အဲ့ဒီလို ပျိုးထောင်ထားတဲ့ ဘူးပင်လေးက ပထမဆုံး သီးလာတဲ့ ဘူးသီးကို လကွယ်ည မှာ နက္ခတ်ကြည့် အချိန်ကိုက်ပြီးမှ တစ်ခြမ်းလှီးယူလိုက်ရ တယ်”
အဲ့ဒီ တစ်ခြမ်းကို သားသမီး (၃)ယောက်ရှိရင် (၃)စိတ်၊ (၄)ယောက်ရှိရင် (၄)စိတ် စိတ်ပြီးတဲ့နောက်..
အိမ်အနောက်ဘက် ကွက်လပ်မှာ သင်္ချိုင်းရှိရာအရပ်ဆီကို မျက်နှာမူပြီး အမွှေးတိုင်ကို ဘူးသီးစိတ် အရေအတွက်အတိုင်း စိုက်ပြီး……..လင်ဗန်းနဲ့ ချထားရတယ်…။
ပြီးရင် ပညာသွင်းပေးမယ့် စုန်းပညာသည် က အမျိုးသားဆို ဆံပင်ကို မဖီးမသင် အမျိုးသမီးဆို ဆံပင်ကို ဖားလျားချပြီး ငှက်ကြီးတောင်ဓါးနဲ့ သူ့ လက်ဖျံသွေးကို ဖောက်ပြီး ဘူးသီးစိတ်တွေကို ပက်ဖြန်းရတယ်….။
ပြီးတာနဲ့…………..
သားသမီးတွေကို ခေါ်ပြီး ကိုယ့်ကြိုက်ရာ ဘူသီးစိတ်ကို ရွေးယူပြီး စားခိုင်းရတယ်ကွ..
အဲဒီသားသမီးတွေထဲကမှ စုန်းအထုံ ပါတဲ့ တစ်ယောက်ထဲကို အခြေခံအောက်လမ်းစုန်းပညာ တွေ ရောက်သွားရော……
အခြေခံစုန်းပညာသူ့ဝမ်းထဲကို ရောက်သွားတဲ့ သားသမီး ကို (၇)အကြာမှ အဲ့ဒီ စုန်းပညာသည် မိခင် (သို့) ဖခင် က သိရတယ်.. တကယ်လို့ စုန်းပညာရှင်ဟာ စုန်းအဆင့်(၁၂)ကြိုးကို အောင်ထားတဲ့ တိမ်တောက် စားကဝေအဆင့် ကဝေ ဆိုရင် သူ့သားသမီး စုန်းပညာရမရ (၃)ရက်အကြာမှာ သိတယ်… အေး မောက်လုံး အဆင့်ဆိုရင်တော့…….ချက်ခြင်းသိတယ်ကွ….. မောက်ပြားနဲ့ ဇော်ဂနီအဆင့်ကတော့ ဘူးသွင်းတဲ့ နေရာ မှာပဲ ချက်ချင်းသိတယ်………”
“‘ဒါဆို ကျန်တဲ့ သားသမီးတွေကရော…စုန်းပညာ မရနိုင်ဘူးလား’
‘ အေးကွ စုန်းမျိုးဆက်တစ်ခုမှာ သူ့အလိုလို ၀မ်းတွင်းပညာပါလာတာမဟုတ်ရင် မျိုးဆက် တစ်ယောက်ကိုပဲ ပညာလက်ဆင့်ကမ်းခွင့်ရှိတယ်ကွ..ဒါ စုန်းပညာရဲ့ ရှေးကတည်းက နည်းလမ်းပဲ”
ယောသား ၀င်းထိုက်က စုန်းအကြောင်း စိတ်ပါလက်ပါရှင်းပြနေတော့ ခက်ဇော်က လှမ်းမေးလိုက်သည် ။
“နေစမ်းပါအုံး ၀င်းထိုက်.. မင်းက ဒီလောက်သိနေရအောင် မင်းတို့က စုန်းမျိုးလားကွ”
‘ အေး အဲလိုဆိုလည်းရတယ် ငါ့တို့ယောနယ်မှာ အရင်က စုန်းကဝေဆိုတာ မိသားစုထဲမှာ တစ်ယောက်တော့ ပါစမြဲပဲတဲ့..ငါ့အဘွားရဲ့ အမေက စုန်းပညာရှင်ကွ ငါ့အဘွားလက်ထက်မှာ ပညာလုံးဝ ကန်းအောင် သရဏဂုံတည်ပစ်လိုက်တာ…ငါ့အဘွားကို သူ့အမေက ဘူးသွင်းပြီး ပညာထည့်ပေးခဲ့ဖူးတယ်တဲ့ အဘွား ပြောပြလို့ ငါနှိုက်နှိုက်ချွတ်ချွတ် ဒီလောက်သိတာ”
“အော် ဒါဆို…စုန်းတွေက သရဏဂုံ မတည်ဘူးပေါ့ ဟုတ်လား”
“ဟုတ်တယ်ကွ….စုန်း ကဝေ အောက်လမ်းပညာရှင်မှန်သမျှဟာ သရဏဂုံမတည်ရဘူး.. ဘုရား တရား သံဃာကို မကိုးကွယ်ရဘူး…သူတို့ကိုးကွယ်ရာက ဇော်ဂနက်မယ်တော်ကြီးပဲ… သူတို့က ဒီပညာသင်ယူတာနဲ့ တပြိုင်နက် အ၀ီစိမှာ နှစ်(၈)သောင်းခံဖို့ ကျိန်းသေသွားပြီလို့ ငါ့အဘွားကပြောဖူးတယ်ကွ”
” ဒါနဲ့ မင်း မမခင်သုန် က အခုထိ ရှိနေသေးလား”
“ရှိတယ်ကွ..အခုဆို အသက်(၃၀)ရှိပြီ..တစ်ကိုယ်တည်းအပျိုကြီးပဲ…(၁၂)ကြိုးခင်သုန် ဆို တစ်ရွာလုံး ကဖိန့်ဖိန့်တုန်အောင်ကြောက်ရတာကွ”
“မမခင်သုန်က လှရော လှလား”
“ချောချက်က ငါ့ကောင် မေ၀င်းမောင် အတိုင်းပဲ”
” ငါစိတ်ဝင်စားတယ် မင်းပြောတာတွေကို..ဒီတစ်ခေါက်ရွာပြန်ရင် ငါတို့ မင်းတို့ရွာကိုလိုက်မယ်.. မမခင်သုန်ကိုတွေ့ချင်တယ်ကွာ”
ခက်ဇော် ပြောလိုက်သောစကားကြောင့် အားလုံးက ခက်ဇော်ကို တအံတသြ၀ိုင်းကြည့်လိုက်ကြသည်။
(၅)
၁၉၈၆ ခုနှစ် ၊ မတ်လ
စာမေးပွဲပြီးသည်နှင့် မန္တလေးတက္ကသိုလ်မှ ခက်ဇော် ၊ ရဲဖြိုး အာကာ တို့ ယောသား ၀င်းထိုက် နှင့်အတူ မုံရွာသို့ ဆင်းခဲ့ကြသည် ။ မုံရွာမှ တဆင့် ချင်းတွင်းမြစ်ကို ဖြတ်ကာ ယောနယ်သို့ ထွက်ခဲ့ကြသည်..
ဝင်းထိုက် တို့ရွာဝင်ဝင်း ချင်း ခက်ဇော်က ထနောင်းပင်တန်းအရိပ်အောက်မှ ဖုံတထောင်းထောင်း ထနေသည့် လမ်းလေးကို ငေးရင်း..ဒီအလှအပတွေနှင့် လုံးဝမသက်ဆိုင်သည့် စုန်းကဝေအတတ်ပညာများ ဒီမြေ ဒီရေမှာ ရှိနေသည်ဆိုသည်ကို အံသြနေမိသည် ။
ရဲဖြိုးကတော့ ဟိုးအဝေးက ထန်းပင်အုပ်အုပ်တွေကိုကြည့်ရင်း နောက်နေ့ ထန်းရည်နှင့်ကြွက်ကြော် လိုက်တိုက်ရန် ၀င်းထိုက် ကို ပြောနေသည်..
သပ်သပ်ရပ်ရပ်ရှိသည့် ခြံဝန်းလေးများရှေ့တွင် ၀ါနယ်နေကြသည့် ကောင်မလေးများကိုကြည့်ကာ ၀င်းထိုက်က ယောသူတို့ရွာ သီချင်းအလိုက်ကို လေတချွန်ချွန်နှင့်ပါလာသည်..။
ဝင်းထိုက် တို့အိမ်က နှစ်ထပ်ပျဉ်ထောင်အိမ်အလတ်စားလေးဖြစ်သည် ။ အိမ်ရှေ့တွင် ကွပ်ပြစ် အကျယ်ကြီးခင်းထားပြီး နွားဖြင့် ဆီကြိတ်ရသော ဆီစုံလည်လေးကလည်း Country ဆန်ဆန်အငွေ့အသက် လေးဖြစ်နေသဖြင့် ခက်ဇော် သဘောကျမိနေတော့သည်။
ဝင်းထိုက် အဖေနှင့် ၀င်းထိုက်ညီမလေးက သူတို့ကို အားရ၀မ်းသာထွက်ကြိုကြသည်…. ဘာပဲဖြစ်ဖြစ် အတွေ့အကြုံအသစ်အဆန်းတွေအတွက် ခက်ဇော် တို့အုပ်စု ရင်ဖိုမိတာ..အမှန်..
ပြီးတော့ မန္တလေးတက္ကသိုလ်မှာတုန်းက ၀င်းထိုက်၏ ဇာတ်လမ်းများထဲမှ ဇာတ်လိုက်ကျော် မမခင်သုန် ဆိုတာကလည်း ခက်ဇော် စိတ်ထဲ လွှမ်းမိုးထားပြန်သည် ..။
အဲ့ဒီနေ့ညနေက ၀င်းထိုက် ညီမ၏ လက်ရာ ယောနယ်မှ နာမည်ကြီးနွားနောက်သားဆီပြန် နှင့် လယ်ကန်စွန်းချဉ်ရည်ဟင်းတို့က ခရီးပန်းလာသော သူတို့(၄)ယောက်အတွက်တော့..နတ်သုဒ္ဒါ….။
ခက်ဇော် အကျင့် က မနက်ဆို အစောကြီးထတတ်သည်…။
ဟို(၃)ကောင်ကတော့ ပိုးလိုးပက်လက် အိပ်နေဆဲ…။
နာရီကြည့်လိုက်တော့ မနက်(၆)နာရီ….
ကြက်တွန်သံတွေ..လှည်းဝင်ရိုးသံတွေ..တစ်ချက်တစ်ချက် စက်ဘီးဘဲလ်တီးသံများကြားနေရသည်။
ခက်ဇော်ကပါလာသော သွားပွတ်တံ ၊ သွားတိုက်ဆေးကို ထုတ်ပြီး မျက်နှာသစ်ဖို့ အပြင်ထွက်လိုက် သည် ။
အပြင်ဘက် စဥ့်အိုး ထဲက ရေဖြင့်သွားတိုက်မျက်နှာသစ်ပြီး အိမ်ရှေ့ လမ်းမဘက်ကို ငေးနေမိသည်..။
မနေ့က သူတို့လှည်းဖြင့်လာခဲ့သည့် ထနောင်းပင်တန်းအရိပ်အတိုင်း စက်ဘီးတစ်စင်း တရွေ့ရွေ့လာ နေသည်..။
လမ်းတစ်ဖက်မှ နွားကျောင်းသားလေးက အုပ်ကွဲနေပုံရသော သူ့နွားပေါက်စလေးတစ်ကောင်ကို ထနောင်းရိပ်တစ်ဖက် စားကျက်ဆီသို့ အတင်းနှင်လွှတ်ရာ နွားကလေးက စက်ဘီးစီးလာသူထံသို့ တည့်တည့် ၀င်တိုးမိပြီး………စက်ဘီးမှောက်သွားတာတွေ့လိုက်ရသည်..။
နွားကျောင်းသားလေးက စက်ဘီးမှောက်သွားသူထံပြေးသွားသည်..အနားရောက်မှ အနောက်ကို အသဲအသန်ပြန်လှည့်ပြေးသည်ကို ခက်ဇော်တွေ့လိုရသည်….
စက်ဘီးမှောက်သွားသူက မိန်းကလေးဖြစ်ဟန်တူပြီး မထနိုင်….
ဒါနဲ့ပဲ ခက်ဇော် ထနောင်း၇ိပ်လမ်းလေးအတိုင်း အပြေးလေးသွားမိသည်…
စက်ဘီးမှောက်သူက မိန်းကလေးတစ်ယောက်…
“အစ်မ ဘာဖြစ်သွားလဲ….”
“အား..ခြေထောက်..ခြေထောက် ခေါက်သွားတာ”
မိန်းကလေးက သူ့ကိုမော့မကြည့်ဘဲ သူ့ခြေထောက်တွေကိုသာ ကိုင်ပြီး ညည်းညူလျက်ရှိသဖြင့် သူမ ၏ ဆံပင်နက်မှောင်မှောင်ရှည်ရှည်က သူမမျက်နှာကို ဖုံးလွှမ်းနေသည်…
“ဆံပင်တွေက လှလိုက်တာ” အနက်ရောင်ဆေးခြယ်ထားသော ပိတ်ကားပေါ်တွင် နံနက်ခင်း နေရောင်ခြည်နုနုထိုးလိုက်သလိုမျိုးဖြစ်နေသည့် ဆံပင်အုံမှောင်မှောင်များကို ခက်ဇော် ငေးကြည့်နေစဉ် ..
” အ.. လုပ်ပါအုံး ရှင်…ထူပါအုံး….ကျွန်မ ခြေထောက်…အ”
မိန်းကလေးအသံကြားမှ ခက်ဇော်သတိဝင်လာကာ လက်မောင်းမှ ဆွဲထူလိုက်သည်…
“အစ်မ…အိမ် ဘယ်နားလဲ.. ကျွန်တော် လိုက်ပို့ပေးမယ်လေ”
လမ်းမပေါ်တွင် ရွာသား သုံးလေးဦးခန့်ရှိသော်လည်း တစ်ယောက်မှ လာမကူညီသဖြင့် ဒီရွာခံလူတွေ ကို ခက်ဇော် တော်တော်အံသြသွားသည် ။
မိန်းကလေး၏ လက်က ခက်ဇော် ပုခုံးကို ဖတ်အားပြုရင်း..ထနောင်းရိပ်လမ်းအတိုင်း လျှောက်လာခဲ့ ကြသည်..
ထနောင်းရိပ်လမ်းအဆုံး လမ်းတစ်ဖက်ကို ချိုးလိုက်တော့ ရေနံဝနေသော နှစ်ထပ်အိမ်မည်းကြီးကို တွေ့လိုက်သည်..။
“အဲ့ အိမ်ပဲ ရှင့် ကျွန်မ အိမ်”
ခက်ဇော်က အိမ်ရှေ့ရောက်တော့ အမျိုးသမီးကို တွဲထားရင်း ခြံတံခါးကို တွန်းဖွင့်လိုက်သည်။
“အိမ်ရှင်တို့..ဒီမှာ အစ်မ စက်ဘီးမှောက်လာလို့”
“ခေါ်မနေပါနဲ့..ဒီအိမ်မှာ ကျွန်မ တစ်ယောက်တည်းနေတာ”
“ဗျာ”
ခက်ဇော်က မိန်းကလေးကို အိမ်ရှေ့ကွပ်ပျစ်ပေါ် ထိုင်ခိုင်းလိုက်သည် ။
“အစ်မ…….အိမ်မှာ ပတ်တီးတို့ ဆေးတို့ရှိလားဗျ”
“အင်း အပေါ်ထက်လှေကားတက်တက်ချင်း စင်ပေါ်မှာတော့ အမေရှိတုန်းကထားတဲ့ ကြက်ခြေနီ သေတ္တာရှိတယ်..အဲ့ထဲမှာ ရှိတယ်…ကူညီပေးပါအုံး”
ခုမှ ခက်ဇော် မိန်းကလေးအား သေသေချာချာကြည့်မိသည်….
အညိုရောင်ဖျင်ထည်အင်္ကျီလက်ပြတ်နှင့် အညိုရောင်ယောထမီဝမ်းဆက်ကို ၀တ်ထားသောကြောင့် သူမ၏ အစိမ်းရောင်ဘက်သန်းနေသော ၀င်းဖန့်ဖန့်လက်မောင်းသားဖြူဖြူများက ပိုမိုပေါ်လွင်နေသည်..
ခုနက သူငေးကြည့်မိသော ဆံပင်အုံမှောင်မှောင်များကြားတွင် မျက်ခုံးမှောင်မှောင်လေးနှစ်တန်း အောက်မှ မျက်လုံးတွေက ၀ိုင်းစက်စက်လေးနှင့် ညို့အားကောင်းလွန်းသည်…. နှုတ်ခမ်းနီနီဖူးဖူးလေးတွေ၏ အထက်နားတွင် အစိမ်းရောင်မွှေးညှင်းလေးမျာ ခပ်ရေးရေးသန်းနေပုံက သူမ အလှကို ပိုမိုကောက်ကြောင်း ထင်စေသည်..။
ပါးစပ်ကြီးဟပြီးကြည့်နေသော ခက်ဇော်ကြောင့်…သူမ နေရခက်လာဟန်တူသည်..
“ဒီမယ်..ပတ်တီး သွားယူပေးပါ့ရှင့်..”
ဒီတော့မှ ခက်ဇော် ရှက်ရှက်နှင့် အိမ်လှေကားအတိုင်းပြေးတက်ပြီး တန်းပေါ်မှ ဆေးသေတ္တာကို လှမ်းအယူ……….
အိမ်ခေါင်းရင်းဘက်တွင် တွေ့လိုက်ရသော တစ်စုံတစ်ခုကြောင့်…..လန့်ဖြန့်သွားတော့သည်..။
ဟုတ်သည်……..
အိမ်ခေါင်းရင်းတွင် ဆောင့်ကြောင့်ထိုင်နေသော လူအရွယ်အစား မိန်းမရုပ်ထုတစ်ခု..
မိန်းမရုပ်ထုက ဆစ်ဆေးသုတ်ထားသဖြင့် မဲမှောင်နေပြီး ခန္ဒာကိုယ်အချိုးအစားနှင့် ဆံပင်ပုံစံအရသာ မိန်းမရုပ်ဟု သတ်မှတ်ရခြင်းဖြစ်သည်..
ရုပ်ထုပုံစံက မိန်းမတစ်ယောက်စောင့်ကြောင့်ထိုင်ပြီး လက်နှစ်ဘက်ကို လည်း တံတောင်ဆစ်မှ ကွေးပြီး လက်သီးဆုပ်ထောင်ထားပုံဖြစ်သည်..
ယင်းရုပ်ထုရှေ့တွင် အမွှေးတိုင်များ ထွန်းထားသည်ကိုတွေ့ရသည်..။
ခက်ဇော် အောက်သို့ အမြန်ပြန်ဆင်းလာခဲ့သည်… ဆေးသေတ္တာအတွင်းတွင်တွေ့သော ဒဏ်ကြေ လိမ်းဆေးဖြင့် သူမ၏ ခြေထောက်များကို လိမ်းပေးဖို့ပြင်လိုက်စဉ်..
“ရှင်….ပြန်တော့..”
“ဗျာ”
“ရှင်..ပြန်တော့…ဆို”
မိမိအား ကူညီသူတစ်ယောက်ကို အမိန့်ဆန်ဆန်အထက်စီးမှ ပြောလာသော မိန်းမချောမမ အား ခက်ဇော် တအံတသြကြည့်မိသည်…
“ဟုတ်တယ်..ဒီအိမ်မှာ ကျွန်မတစ်ယောက်တည်းနေတာ..မသင့်တော်ဘူး”
“ဒါဆို အစ်မ ခြေထောက်က “
“ရတယ်..ကျွန်မ ဘာသာ ဆေးလိမ်ြး့ပီး ပတ်တီးစီးလိုက်မယ်..ရှင်သာပြန်”
“ကျွန်တော့်ကို မယုံဘူးဆိုရင်လည်း ကျွန်တော်ပြန်ပါ့မယ်..အစ်မ..ဂရုစိုက်နော်”
သူ့ကို ကူညီခဲ့သော သူ့ထက်ငယ်ပုံရသော ကောင်လေးက ယောင်နနဖြင့် အဲ့လိုလေးပြောလာတော့ သူမ စိတ်မကောင်းဖြစ်ရပါသည်..
ကောင်လေးက အသားလတ်လတ်၊ အရပ်မြင့်မြင့်နှင့် ရွာမှာတော့ တစ်ခါမှ မမြင်ဘူး..ဧည့်သည်ဖြစ်မည်.. ကောင်လေးက နှုတ်ခမ်းတွေတင်းတင်းစိပြီး သူ့ကို ခေါင်းညိတ်ကာ လှည့်ထွက် သွားသည်..ကောင်လေး မေးစေ့မှ အချိုင့်လေးတစ်ခုကို သူမ မြင်ဖြစ်အောင် လှမ်းမြင့်လိုက်သေးသည်…
စိတ်တော့မကောင်း…သူမ ဘယ်သူဆိုတာ ကောင်လေးသိရင်ဖြင့်..ယခုလို အိမ်ထဲတောင် ၀င်လိုက်ရဲမှာ မဟုတ်……….
သူမ သက်ပြင်းကို ချရင်း……………..ဒဏ်ကြေလိမ်းဆေးကိုနာနာဖိလိမ်းလိုက်သည်။
(၆)
“ဟေ…မင်း…တွေ့ခဲ့တာ..မမသုန် ပဲ ကွ ခက်ဇော်”
“ဘာ..သူက မင်းပြောပြောနေတဲ့ မခင်သုန် ဟုတ်လား”
ခက်ဇော် အံသြသွားသည်… ၀င်းထိုက် ၏ ဇာတ်လမ်းတွေထဲမှ စုန်းမခင်သုန်ဆိုတာ လှတယ် ချောတယ်လို့ ကြားဖူးသော်လည်း.. ဒီလောက်ချောမယ်မထင်……..ဒီမမကတော့……
” စုန်းမလေးရယ်…..
ညှိ့ချက်တွေ ပစ်ပစ်ထည့်ထားတဲ့ အပင်း..
ငါ့ရင်ထဲ ဆံချည်မျှင်တွေ တင်းလှပြီ…
ဖြေမလျော့လိုက်ပါနဲ့…တိုးလို့တွယ်နှောင်”
“ကဲ ဖီလင်တွေလျော့…မိုးလင်းတစ်ခွက် စီးပွားတက်.. ဒိုးမယ်ဟေ့ ၀င်းထိုက် ရဲ့ ယောထန်းတော ကို.. နွားနောက်သား နဲ့ ပင်ကျရည်လေး.. လာ ခက်ဇော် လစ်မယ်ကွ”
အာကာက အတင်းဆော်သြသဖြင့် သူတို့(၄)ယောက် ထနောင်းပင်တန်းလမ်းအတိုင်း ထန်းတော ဆီသို့ ထွက်ခဲ့ကြသည်..
မနက်က မမခင်သုန် နှင့် သူတွေ့သည့်နေရာရောက်တော့
“ဟာ.. ဟိုမှာ မနက်က မခင်သုန် လဲကျထားတဲ့ စက်ဘီး…”
ခက်ဇော်က ပြောပြောဆိုဆိုနှင့် မြေကြီးပေါ်တွင် အနေအထားမပျက် လဲလျောင်းနေရှာသော စက်ဘီး လေးအား သွားထူရင်း…
“ဟိတ်ကောင်တွေ သွားနှင့်ကွာ… ငါ မမခင်သုန် စက်ဘီး သွားပြန်ပို့ပေးလိုက်အုံမယ်”
အသံက နောက်မှ.. လူက စက်ဘီးနင်းပြီး ခင်သုန်တို့အိမ်ဘက်ထွက်သွားပြီ…။

” ကလင်..ကလင်…အိမ်ရှင်တို့…အိမ်ရှင်တို့..”
စက်ဘီး ဘဲလ် တီးသံကြောင့် အိမ်ပေါ်ထပ် ပြတင်းတံခါးပွင့်လာသည် ။
“မင်း..ဘာလာလုပ်ပြန်တာလဲ”
“မနက်က စက်ဘီးကို လမ်းလယ်မှာ ဒီတိုင်းလဲနေတာတွေ့လို့ ကျွန်တော် လာပို့တာပါ မမသုန်”
သူ့မောင်လေး အရွယ်လောက်ရှိသော ကောင်လေးက သူ့ကို မမသုန်ဟု ရင်းရင်းနှီးနှီးခေါ်လိုက်သော ကြောင့် ခင်သုန် ရင်ထဲ နွေးထွေးသွားသည်..
အမေဆုံးပြီး အဖြစ်ဆိုးတွေကြုံပြီးကတည်းက ဒီရွာထဲမှာ သူ့ကို ရင်းရင်းနှီးနှီးပေါင်းသင်းမည့်သူမရှိ..။
တစ်ရွာလုံးက ခင်သုန်နှင့် ဆက်ဆံရေးတွင် အတိမ်းအစောင်းအပွန်းအရှမရှိအောင်နေခဲ့ကြရာမှ တဖြည်းဖြည်း အဆက်အဆံမလုပ်သည့်အဆင့်ဖြစ်သွားပြီး ခင်သုန်တစ်ယောက်တည်းအထီးကျန်ခဲ့ရသည်.. အပျိုအရွယ်ဖြစ်ကတည်းက မေးထူးခေါ်ပြောအဆင့်သာရှိကြပြီး ရင်းရင်းနှီးနှီးပေါင်းဖော်မည့် အပျိုဘော် မိန်းကလေးပင်မရှိခဲ့…………….
အခုတော့……..ခင်သုန့် ကို သူက မမသုန် တဲ့……….။
“အေး ခြံတံခါး ဖွင့်ထားတယ်”
“ဟုတ်ကဲ့…မမသုန်”
“မမသုန်…….ကျွန်တော့်ကို အိမ်ပေါ်တက်ခွင့်တောင်မပေးတော့ဘူးလားဗျာ”
ကောင်လေးက မေးစေ့အချိုင့်လေးပေါ်အောင် ပြုံးရင်းမေးတော့…….ခင်သုန်စိတ်တွေ အရည်ပျော်ကျ သွားသည်။ .
………………………….ခက်လှချည်ကော……ငါ့မောင်ရယ်………..။
အဲ့ဒီနေ့ကစပြီး ဆယ်စုနှစ်တစ်စုကျော်ကျော် ဘယ်သူမှ မနင်းဘူးတဲ့ စုန်းကဝေ မခင်သုန်ရဲ့ အိမ်လေး ထဲကို မန္တလေးတက္ကသိုလ်က လူငယ်လေးတစ်ယောက် ချောင်းပေါက်အောင် ရောက်ခဲ့လေရဲ့….
ခက်ဇော် နဲ့ ခင်သုန် တို့ရဲ့ ကြားက သံယောဇဉ်တွေက တဖြည်းဖြည်း အရောင်ရင့်မှည့်လာကြသည်။
နဂိုကတည်းက ခင်သုန် ဇာတ်လမ်းကို စိတ်ဝင်စားကြသော အာကာ ၊ ရဲဖြိုး နဲ့ ရွာခံ ၀င်းထိုက် သူ့ညီမ.. ၀င်းဝါ တို့ပါ ခင်သုန် အိမ်သို့ ၀င်ထွက်လာကြသည်…..။
ခက်ဇော် နဲ့ အမှတ်မထင် ခင်မင်မိရာမှ ခင်သုန် ဘ၀ လေးစိုပြည်လာတာအမှန်….
တစ်နေ့……….
ခက်ဇော် နဲ့ ခင်သုန် တို့ ရွာချောင်းလေးနှစ်ဘေး စက်ဘီးတွန်းရင်း လမ်းလျှောက်လာကြသည်..
” မမသုန် ကို ကျွန်တော် မေးစရာရှိလို့..”
ခင်သုန် က ခေါင်ညိမ့်ပြသည်……။
“မမသုန်က ဟိုပညာတွေတတ်တယ်ဆိုတာ တကယ်ပဲလားဟင်”
“မမသုန် ဘာမှ မဖြေခင်…မင်းထင်တာတွေ မင်းကြားတာတွေ ပြောကြည့်ပါအုံး”
“ရွာထဲကလူတွေပြောတတော့….မမသုန် ကို မမသုန်အမေက ဘူးသွင်းပြီး စုန်းပညာသင်ပေးခဲ့တာဆို”
“ဟား..ဟား….ဟား”
“ငါ့မောင်ပြောတာ တ၀က်မှန်တယ် တ၀က်မှားတယ်.. မမသုန်က စုန်းပညာသည်ဆိုတာမှန်တယ်..
ဒါပေမယ့် မမ ကို အမေက ဘူးသွင်းပြီး စုန်းပညာပေးခဲ့တာမဟုတ်ဘူး”
“ဗျာ………….”
“ဟုတ်တယ် ငါ့မောင်….မင်းစုန်းတွေအကြောင်းဘယ်လောက်သိလဲ”
“ကျွန်တော်ကတော့ အဲ့လောက်ပဲ သိတာပါဗျာ”
အေး…မင်းကို မမ အရမ်းသံယောဇဉ်ရှိလို့ ပြောပြမယ်”
(၇)
အဲ့ဒီနေ့ညက…………..
လကွယ်နေ့ည……….
မမ အမေ ဒေါ်ပန်းအိ က မမကို အိပ်ရာထဲက နေလာနှိုးတယ်….
ပြီးတော့ အိမ်နောက်ဘေးကွက်လပ်ကို ခေါ်သွားပြီး…….ဘူးသီးစိတ်(၁)စိတ်ကို ကျွေးတယ်…။
အမေက သူ့ပညာတွေ မမကို ပေးမလို့ ပေါ့……။
ဒါပေမယ့် အမေ အမကို သူ့ပညာရပ်ဖြစ်တဲ့ ဆယ့်နှစ်ကြိုးအဆင့်ကို မပေးနိုင်ခဲ့ဘူး..ဘာဖြစ်လို့လဲ ဆိုတော့…
အစ်မက ဘူးသီးစိတ်ကို စားခါနီး မှာ……….အစ်မ ခံတွင်းက…အလင်းရောင်တွေထွက်လာပြီး ဘူးသီးစိတ်ဟာ လက်ထဲတင် အရည်ပျော်သွားတယ်…………
“ဗျာ…”
“ဟုတ်တယ်..မောင်လေး..အဲ့ဒီအခါမှာ မေမေ ဟာ အရမ်းအံသြသွားတယ်… ဘာလို့လဲဆိုတော့.. အဲ့ဒီလိုအဖြစ်မျိုးဟာ..စုန်း ကဝေ ဇော်ဂနီ ဆိုတဲ့ အဆင့်တွေရှိတဲ့ထဲက မွေးရာပါ စုန်းအဆင့်(၁၂)ကြိုးလုံး ပါလာခဲ့တဲ့ ၀မ်းတွင်းစုန်း တစ်နည်းအားဖြင့် ၀မ်းတွင်းကဝေ ဖြစ်နေလို့ပဲ”
ဟုတ်တယ်…မမ ဒီပညာကို တတ်မြောက်နေတယ်ဆိုတာ ၁၃ နှစ်သမီးလောက်ကတည်းက သိနေခဲ့တာ………… ဒါကို မေမေ လုံးဝ မရိပ်မိခဲ့ဘူး…. မမစိတ်ထဲမှာ လူတစ်ယောက်ကို မကျေနပ်လို့ စိတ်ထဲက ကျိန်စာတိုက်ပြီး စိုက်ကြည့်လိုက်တယ်ဆိုတာနဲ့ အဲ့ဒီသူမှာ ကျိန်ဆဲတဲ့အတိုင်းမဖြစ်တောင် တစ်ခုခု ဖြစ်တော့တာပဲ..။
ဒီတော့ ၀မ်းတွင်းစုန်းဆိုတာ အမိဝမ်းထဲက လာကတည်းက သူတစ်ပါးအကျိုးယုတ်စေဖို့တန်ခိုး တစ်ခုပါလာတဲ့ လူတစ်မျိုးပဲ……….
မမ ဒီဘ၀ ကို စိတ်ကုန်တယ်…….. မမဒေါသကြောင့် လူတွေ ဒုက္ခရောက်တာမြင်တိုင်း စိတ်ဆင်းရဲရ တယ်………….. အဲ့ဒီပညာရပ်ကြောင့်ပဲ မမကို လူ့ပတ်ဝန်းကျင်က ဖယ်ကြည်ခြင်းခံခဲ့ရတယ်… ဒီဝဋ်ကြွေး ကြီး ကုန်ဖို့ နည်းလမ်းကို လည်း မမ မသိဘူး……….
“ဒါဆို မမ စုန်းပညာ ဆိုတာ ဘူးသွင်းရင်သွင်း မသွင်းရင် ၀မ်းတွင်းပါဖြစ် ဒါမှမဟုတ်ရင် သင်ယူလို့ မရဘူးပေါ့”
‘ ၀မ်းတွင်းစုန်း ဆိုတာ စုန်းပညာသည် တစ်ထောင်မှာ တစ်ယောက်ပါခဲတယ်…စုန်းပညာကို အစက သင်ယူမယ်ဆို အဆင့်တွေအများရှိတယ်…..သူတစ်ပါးကို အစာထဲ အပင်းသွင်းပြုစားတဲ့ ပညာ ရွာသူအဆင့်၊ သူတစ်ပါးကို နာနာရုပ်နဲ့ တိုက်ခိုက်ရတဲ့ အတိုက်အဆင့်……. သူတစ်ပါးကို အောက်လမ်းပစ္စည်းတွေနဲ့ တိုက်ခိုက်ပြုစားရတဲ့ ပြုစုန်းအဆင့်.. ညသန်းခေါင်း အညစ်အကြေးတွေကို စားပြီးမှ ကိုယ့်တန်ခိုးကို ရယူတဲ့ ကျင်းစားအဆင့်.. အဲ့ဒီကနေ ဆယ့်နှစ်ကြိုးအဆင့်အထိ……..ကျော်ဖြတ်ပြီးမှ ကဝေ..ဇော်ဂနီအဆင့် အဆင့်ဆင့်ကိုဖြတ်ရမယ်…..မောင်လေး..”
‘ပြီးတော့ စုန်းပညာရပ် ကို စသင်ပြီဆိုတာနဲ့ (၁) သရဏံဂုဏ် တည်ခွင့်မရှိတော့ဘူး (၂) တည်ပြီးသာ သရဏံဂုံလည်းပျက်စီးမယ် (၃) ကိုယ်မိရိုးဖလာ ဘာသာဘုရားတွေအစား ဇော်ဂနက်မယ်တော်ကြီးကို သာ ပသကိုးကွယ်ရမယ်…. အဲ့ဒီအတွက် စုန်းတွေရဲ့ လားရာဟာ မဟာအ၀ိစီပဲ….”
“ကျွန်တော် စုန်းပညာ သင်ချင်တယ်…………မမသုန်”
“ဟင်……………”
ခင်သုန်က ခက်ဇော်ကို အံသြတကြီး စိုက်ကြည့်လိုက်သည်…….။
……………………………………………………………………………………………………
(၈)
“ဘယ်လိုပြောလိုက်တာလဲ ခက်ဇော်ရယ်… စုန်းပညာ ဆိုတာ အပါယ်လားဖို့ ကျိန်းသေအာမခံထားတဲ့ ပညာရပ်ပါလို့ မမ ခုနက ပြောခဲ့ရဲ့သားနဲ့….မင်းက ဘာလို့သင်ချင်ရတာလဲ”
“မဟုတ်ဘူး..မမ..ကျွန်တော်ဒီကိုလာတဲ့ရည်ရွယ်ချက် နံပါတ်(၁)က အဲ့ဒီ စုန်းပညာကိုသင်ချင်လို့ပဲ… နံပါတ်(၂)ကတော့ မမခင်သုန် ကို တွေ့ချင်လို့ပဲ………မမ…ကျွန်တော့်ကို စုန်းပညာ သင်ပေးလို့ရလား..မမ”
“မမ…..မင်းကို လုံးဝ မသင်ပေးနိုင်ဘူး…..ခက်ဇော်… ဒီအကြောင်း မင်းဆက်ပြောမယ်ဆိုရင် မမ အိမ် မင်းဘယ်တော့မှ မလာနဲ့တော့….ဒါ….မမ မင်းကို သံယောဇဉ်ရှိလွန်းလို့ ပြောရတာပါ…သိလား”
“ကျွန်တော်က စုန်းပညာကို စိတ်ဝင်စားတယ်…ပြီးတော့…အဝေစိ ဆိုလည်း ဘာဖြစ်လဲ..မမသုန် ပါတာပဲ…နှစ်ယောက်အတူတူ သွားကြတာပေါ့ဗျာ……မမသုန်ပါရင် ကျွန်တော် အဝေစိလည်း မကြောက်ဘူး”
ခက်ဇော် ၏ စကားလုံးတွေကြောင့် ခင်သုန်တစ်ကိုယ်လုံး နွေးထွေးသွားသလို..အရင်လို တစ်ကောင်ကြွက် ခင်သုန် မဟုတ်တော့ပါလား ဆိုသည့် အတွေးမျိုးကြောင့် အားရှိသွားမိတာတော့ အမှန်..
အ၀ိစိကိုတောင် အတူလိုက်မတဲ့လား…..ကောင်လေးရယ်..။
အဲ့ဒီနေ့ကစပြီး ခက်ဇော် နှင့် စကားအတိုက်အခံမပြောချင်သဖြင့် ခင်သုန်တစ်ယောက် ရှောင်နေခဲ့သည် …….. ခြေထောက်ကလည်း သက်သာလာပြီဖြစ်သဖြင့် စက်ဘီးဖြင့် တစ်ဖက်ရွာက စာရင်းငှားချထားသည့် လယ်တွေဆီ တစ်နေကုန် လျှောက်သွားနေမိသည်………….။
မမခင်သုန်……လို ဘ၀ မျိုး မင်းမရောက်ချင်ပါနဲ့……ခက်ဇော်ရယ်…။
မမခင်သုန် ဆုတောင်းမပြည့်ခဲ့ပါ………………….။
…………………………………………………………..
ခက်ဇော် က ၀င်းထိုက်အဖေနှင့်အတူ နွားနောက်မွေးသည့်ခြံများဘက် ခြေဦးလှည့်နေသည်… ယောနယ်က ချင်းပြည်နယ်နှင့်ကပ်နေသောကြောင့် နွားနောက်များဖြစ်ထွန်းသည်….ဘာပဲဖြစ်ဖြစ် နွားနောက်ခြံ တွေဆီ လာရောက်ခြင်းက ခက်ဇော်၏ ကံကြမ္မာအတွက် အဆိုးအကောင်း..ဆုံးဖြတ်စေခဲ့တော့သည် ။
ဝင်းထိုက် အဖေ နွားခြံမှာ အလုပ်လုပ်သည့် ဘကြီးမိုး နှင့် ခက်ဇော်တို့ စကားလက်ဆုံကျရင်း ရှေ့မှီနောက်မှီ ဘကြီးမိုး ကို တစ်ချိန်က ယောနယ်တွင် မှော်ပညာထွန်းကားခဲ့သည့်အကြောင်းများ မေးမြန်းမိသည်..။
“ဘကြီးတို့ခေတ်တုန်းက…ယောပြန် ဆောပြန် ဆရာ ဆိုရင် အောက်ပြည်က တော်ရုံမှော်ပညာရှင် တွေ စုန်းတွေ..အမှောက်ပယောဂ တွေ က လေးစားကြတယ်ကွ.. အဲ့ဒီလို လေးစားအောင်လည်း ယောပြန် ဆရာတွေက ပညာတွေကို စနစ်တကျအမွေပေး အမွေခံ ထိန်းသိမ်းခဲ့ကြတာကိုး.”
“နေပါအုံး ဘကြီးမိုးရဲ့ စုန်းပညာသင်တဲ့နေရာမှာ သွေးသာရင်းဆိုရင် ဘူးသွင်းပြီး ပညာလက်ဆင့်ကမ်း တယ်လို့ ကျွန်တော်ကြားဖူးတယ်..သွေးသားမတော်စပ်တဲ့သူကိုကျတော့ရော ပညာသင်ပေးလို့မရဘူးလား”
“အင်း…စုန်း က ဆန္ဒရှိလို့ရှိရင် သူ ပေးချင်သူကို ပညာသင်ပေးလို့ရတယ်…နောက်တစ်ခုက စုန်းပညာသင်ယူချင်တဲ့သူဟာ စုန်းပညာသင်ချင်တယ်ဆိုရင် လပြည့် နေ့ ညနေနေ၀င်ရီတရောမှာ စုန်းရှိတဲ့ခြံဝန်းရဲ့ အနောက်ထောင့်ဘက်ကနေ နနွင်းနယ်ထားတဲ့ ဆန်တစ်ဇလုံ ထဲမှာ ကြွက်မြီးမပါတဲ့ အုန်းသီးကိုထည့်..၀ါးနဲ့လုပ်ထားတဲ့ စက္ကူတံခွန်တိုင်လေးချောင်းကို ထိုးပြီး..ခေါင်းပေါ်ရွက်သွားရတယ်.. သူ အနောက်ထောင့်ဘက်ကနေ စုန်းပညာသည်ရဲ့ ခြံရှေ့တည့်တည့်ကို ရပ်မိပြီဆိုရင်…စုန်းပညာသည်ဟာ သူ့ကို ပညာအမွေခံ တပည့်အဖြစ် ပညာမဖြစ်မနေသင်ပေးရတော့မယ်ကွယ်…..ဒါ မြန်မာ့ရိုးရာစုန်းအတတ်ပညာရဲ့ ရှေးစည်းကမ်းပဲ……….
ဒီစည်းကမ်းဓလေ့ရဲ့ အဓိပ္ဖါယ်က ဘာကိုဆိုလိုတာလဲဆိုတော့ လပြည့်နေ့တွေဟာ စုန်းတွေရဲ့ ပညာအဆင့်တတ်တဲ့နေ့..တစ်ခါတစ်ရံ စုန်းအချင်းချင်း ပညာပြိုင်ရာနေ..စုန်းတောက်စားရာနေ့တွေပဲ…
ဒီလိုနေ့မျိုးမှာ နနွင်းနယ်ထားတဲ့ဆန်နဲ့ ကြွက်မြီးမပါတဲ့အုန်းသီးကို သယ်လာသူက စုန်းရှေ့ရောက်လာတာ ဟာ စုန်းရဲ့ ပညာခန်းကို ရှေ့တစ်ဆင့်တက်ဖို့လိုအပ်တဲ့ ဒီအစီအရင်တွေနဲ့ လာကူညီပါတယ်ဆိုတဲ့ အဓိပ္ဖါယ် နဲ့ အတူ အဲ့ဒီလိုကူညီသူကို စုန်း က သူ့ပညာအခြေခံကို ကျေးဇူးဆပ်တဲ့အနေနဲ့ သင်ပေးရမယ်လို့ ရှိသကွဲ့…”
“အဲ့ဒီလို မိမိနဲ့ သွေးမတော်သားမစပ်လူမျိုးကို စုန်းပညာသင်ပေးမယ်ဆိုရင်လည်း ဘူးသွင်းသလိုမျိုး ဘူးသီးစိတ်ထဲ ပညာရပ်ထည့်ပြီး ကျွေးရုံနဲ့ စုန်းပညာကို မရဘူး….. အဲ့ဒီလပြည့်ညပြီးလို ပထမဆုံး လကွယ်ည မှာ အရမ်းကို အောက်တန်းကျ ညစ်ညမ်းလှတဲ့ အစီအရင်တွေပါတဲ့ အခြေခံတွေ ကိုစသင်ပြီး အဆင့်ဆင့် ခက်ခက်ခဲခဲသင်ယူရတယ်…. အဲ့ဒီအစီရင်တွေကို သင်ယူသူကိုယ်တိုင်က ချိုးဖောက်ခွင့်မရှိသလို… သင်ပေးတဲ့ စုန်းကလည်း ချိုးဖောက်ခွင့်မရှိဘူး……. အစကနေ အဆုံးအထိသင်ပေးရတယ်…. အစီအရင်တွေက အရမ်းကို ကြောက်စရာကောင်းပြီး ညစ်ညမ်းတဲ့အတွက် ဆက်မသင်ချင်လို့မရဘူး..အဲ့လိုပဲ..စုန်းပညာရှင်ကလည်း ဆက်မသင်ပေးချင်လို့မရဘူး…ဖောက်ဖျက်တဲ့သူကို ဇော်ဂနက်မယ်တော်ကြီးရဲ့ အစေအပါးကဝေတွေက ၀ိညာဉ်နုတ်ပစ်တယ.. ဒါကြောင့် ဒီပညာဟာ အရမ်းကြောက်စရာကောင်းတဲ့ ကျိန်စာတစ်မျိုးပါပဲ…လူလေး”
ဘကြီးမိုး နွားခြံမှ ပြန်လာပြီးနောက် ခက်ဇော် စဉ်းစားနေသည်….. သဘက်ခါသည် လပြည့်နေ့ည…
သူ………ဘာလုပ်ရမလဲ…………..။
(၉)
ခြံရှေ့တွင်……ဆန်ဇလုံးကို ရွက်လျက် မတ်တပ်ရပ်နေသည့် ခက်ဇော် ကို ကြည့်ပြီး ခင်သုန် ပါးစပ် အဟောင်းသားဖြစ်သွားသည်………..။
“ခက်ဇော်….မင်း………..မင်း…မင်းကွာ…….”
“ဟုတ်တယ် မမသုန်…. ကျွန်တော့်ကို ဒီနေ့ကစပြီး တပည့်အဖြစ်လက်ခံပါတော့”
“မင်းကို မမ အတန်တန်တားရက်နဲ့…အေး မင်းထိုက်နဲ့မင်းကံပဲ မင်းက လူမိစ္ဆာဖြစ်ချင်နေမှတော့…
အေး နောက်ဆယ့်ငါးရက်တိတိ လကွယ်ည(၁၁)နာရီကျရင် မင်း..ဒီအိမ်ရှေ့ကို ပြန်လာခဲ့….
ငါ မင်း ဆရာဖြစ်သွားပြီ………….မင်းကို ငါ့ဆယ့်နှစ်ကြိုးပြီးတဲ့အထိ…ပညာဂိုဏ်းတက်ရတော့မယ်”
“မမသုန်…….ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ”
ခင်သုန်က ခြံဝန်းတံခါးကို ၀ုန်းခနဲ့ ဆောင့်ပိတ်ပစ်လိုက်သည်…………..
မမသုန် ခြံရှေ့ ဗာဒံပင် အောက်က ခုံတန်းလေးမှာ ခက်ဇော် ခေါင်းငိုက်စိုက်ချ ထိုင်နေလိုက်သည်..။
မမသုန် ရေ……………….ခွင့်လွှတ်ပါဗျာ………..
ကျွန်တော် ဒီပညာတတ်မှ ဖြစ်မှာပါ…. ဒီပညာတတ်မှ ကျွန်တော့်အမေကို အပင်းသွင်းပြီး ပြုစားခဲ့ တယ်ဆိုတဲ့…. လူတွေကို ကလဲ့စားချေနိုင်မှာ……ကျွန်တော်…..မမသုန် စေတနာကို နားလည်ပါတယ်.. ဒါပေမယ့်……….
မမသုန်……….ကျွန်တော် ကိစ္စတွေပြီး၇င်တော့…….မမသုန် ရှိရာ ကျွန်တော်ပြန်လာပြီး..ဒီအိမ်လေးမှာ.. ကျွန်တော်တို့………………
ခက်ဇော် က မမသုန်ရှိနေမည့် အိမ်ပြတင်းလေးအား ငေးပြီး တွေးနေခိုက်…..
မခင်သုန်၏ ခြံဝန်းအတွင်းမှ ” ၀ုန်း ” ဆိုသည့် အသံအုပ်အုပ်ဖြင့် မီးလုံးကြီးတစ်လုံး ကောင်းကင်ပေါ်သို့ ထိုးတက်သွားတာမြင်လိုက်ရသည်..။
ခက်ဇော် ပါးစပ်အဟောင်းသားဖြင့်ကြည့်နေခိုက်… မီးလုံးကြီးက ဟိုးအမြင့်ကြီးကို အ ရှိန်ဖြင့် ထိုးတက် သွားရာမှ..ခက်ဇော်ထိုနေသော ဗန်ဒါပင် တည့်တည့်သို့ အရှိန်ဖြင့် ထိုးဆင်းလာသည်…
ခက်ဇော်ကြောက်လန့်ပြီး ဗန်ဒါပင်အောက်က ပြေးထွက်တော့မှ မီးလုံးကြီးက ကောင်းကင်ပေါ်ပြန်ထိုး တက်သွားသည်…………. မီးလုံးကြီး ထိုးတက်သွားသည့်အရပ်က ရွာအရှေ့ဘက်ကောင်းကင်ဆီသို့ဖြစ်သည်..
အရှေ့ဘက်ကောင်ကင်ကို ခက်ဇော်လိုက်ကြည့်နေခိုက်……………အခြားမီးလုံးတစ်လုံးလည်း ထပ်တက်လာပြီး မီးလုံး(၂)လုံး ကောင်းကင်တွင် လှည့်ပတ်နေကြသည်……….. လပြည့်ည၏ အလင်းရောင်အောက်ဝယ်.. မီးလုံး ကြီးတွေ (၄)(၅)လုံးဖြစ်လာတာကို ခက်ဇော် အံသြတကြီး ငေးမောနေမိတော့သည် ။
အိမ်ရောက်တော့ ၀င်းထိုက်အဖေကို သူ မမခင်သုန်ထံ ဆန်ဇလုံထမ်းသွားသည့် ကိစ္စကိုမပြောဘဲ မီးလုံးကြီး တွေကိစ္စပြောပြလိုက်သည်…။
“အေး…ငါ့တူပြောပုံအရဆို မီးလုံးကြီး(၄)(၅)လုံးဆိုတော့ မကြာခင် စုန်းပညာသည်အသစ်တစ်ယောက် ပေါ်လာဖို့များပြီကွာ.. တို့ရွာကလူ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပေါ့”
“ဦးလေး နည်းနည်းရှင်းပြပါအုံး..အဲ့မီးလုံးတွေနဲ့ စုန်းတစ်ယောက်ပေါ်မှာနဲ့ ဘာဆိုင်လို့တုန်း”
“အဲဒါကို စုန်းတောက်တယ်လို့ခေါ်တယ်.. လပြည့်ညတွေဆို (၁၂)ကြိုးကဝေအဆင့် စုန်းတွေက ကောင်းကင်တိမ်ညွန့်တက်စားရင်း စုန်းတောက်ကြသလို အောက်အဆင့်စုန်းဖြစ်တဲ့ စုန်းတွေက မစင်တွင်းတွေထဲ.. အိမ်ကြို အိမ်ကြားတွေ..တောတောင်တွေထဲ စုန်းတောက်ကြရတယ်”
“တစ်ခါတစ်ရံ (၁၂)ကြိုးစုန်း အချင်းချည်း မတည့်တဲ့ အခါတို့ နယ်လုတဲ့အခါမျိုးဆို.. ကောင်းကင် မှာ စုန်းတောက်ရင်း ပညာပြိုင်ကြတယ်…. ပညာခန်းဖလှယ်ကြတယ်… အဲ အခုလို စုန်း (၄)(၅)ယောက် စုဝေးပြီး စုန်းတောက်တာကတော့… နယ်အတွင်းမှာရှိတဲ့ အဆင့်မြင့် ၁၂ ကြိုးစုန်းအချင်းချင်း တွေ့ပြီးတော့.. ငါ့ (၁၂)ကြိုးအဆင့်ကို လူတစ်ယောက်ကို ပညာခန်းတက်ပေးတော့မယ် ဆိုတာကို အသိပေးညှိနှိုင်းတဲ့ သဘော ကွ………. ဒီနယ်တ၀ိုက်မှာတော့ ဦး ကြားဖူးသလောက် ဆယ့်နှစ်ကြိုးအဆင့်ဆိုလို ဒီနယ်တစ်ဝိုက်မှာ ဦးတို့ရွာက မယ်ပန်းအိသမီး ခင်သုန် နဲ့ တောင်ဘက်ပိုင်းရွာတွေက (၃)ယောက်လောက်သာရှိတာ… အေးကွာ.. ငါ့တူလည်း မိုးချုပ်ပြီ..အိပ်တော့..ခင်သုန် ဆီ စိတ်စွဲနေရင်တော့..တိမ်ညွှန့်စားနိုင်အောင်ကြိုးစားပေါ့ ငါတူရာ”
ဝင်းထိုက် အဖေက နောက်ပြောင်ပြောသော်လည်း ညနေက သူဆန်ဗန်း ရွက်တာကို သိများ သိသွားသလားဆိုပြီး ခက်ဇော်တွန့်သွားသည်.. ။

(၁၀)
လမိုက်ည………
ခက်ဇော် နှင့် ခင်သုန် တို့အတွက်……….ပိုမှောင်နေသည့်ည…..။
(၁၁)နာရီတိတိတွင် ခင်သုန် ခြံတံခါးပွင့်လာသည်…..
“လာ..ခက်ဇော်…..မသုန် နောက်လိုက်ခဲ့”
လမိုက်ညအမှောင်ထဲတွင် ခင်သုန်က ရေနံဆီမီးတုတ်ကို ကိုင်ရင်း အိမ်ခြံအနောက်ဘက်သို့ သွားသည်။
ရေနံဆီမီးတုတ် အလင်းရောင် အောက်တွင် ဆံပင်ဖားလျားချပြီး သူ့ရှေ့က သွားနေသော ခင်သုန် ကို ကြည့်ပြီး ခက်ဇော်.. စိတ်တွေ နည်းနည်းရွံ့လာသည်…
သူ ဒီညက စပြီး စုန်းပညာ သင်ရတော့မှာပါလား..။
နောက်ဘေးခြံကွက်လပ်ရှိ စားပွဲခုံတစ်လုံးရှေ့တွင် ခင်သုန် က ရပ်လိုက်သည်..။
မီးတုတ်ကို မြေကြီးမှာ စိုက်လိုက်ပြီး… ..စားပွဲခုံပေါ်က ရေခွက်ကို ယူလိုက်သည်..။
“ခက်ဇော်.. မင်း ဟို အိမ်နောက်ဘက်က တံစက်မြိတ် နားမှာ မတ်တပ်သွား၇ပ်ပါ”
ခက်ဇော် က မီးတုတ်အလင်းရောင်ဖြင့် ခပ်ရေးရေးမြင်နေရသော ခင်သုန် အိမ်တံစက်မြိတ်တွင် မတ်တပ်သွားရပ်နေလိုက်သည်….
ခင်သုန် က စားပွဲခုံရှေ့တွင် ဒူးထောက်ပြီး ရေခွက် ကို ခေါင်းပေါ်တင်ပြီး တစ်စုံတစ်ရာကို ရွတ်ဆိုနေ သည်..။
ပြီးနောက် ခက်ဇော် ဆီ လျှောက်လာပြီး ရေခွက်ကို ကမ်းပေးသည်……….
“ကဲ….ခက်ဇော်.. မင်း ဒီရေခွက်ကို ကိုင်ပြီး တံစက်မြိတ်ပေါ် ရေကို နောက်ပြန် ပက်တင်လိုက်..
ပြီးရင် ပြန်ကျလာတဲ့ ရေကို မင်းဒီခွက်နဲ့ ပြန်ခံပြီးတာနဲ့ ချက်ခြင်း မော့သောက်ရမယ်..”
“ဒါဟာ စုန်းပညာရဲ့ အခြေခံဖြစ်တဲ့ တံစက်ပြန်ရေသွင်းတဲ့ အစီအရင်ပဲ.. တံစက်ပြန်ရေ ဟာ မင်းကို တစ်ခြား ပညာသည် စုန်းကဝေ တွေကို ပညာသည်မှန်း သိနိုင် မြင်နိုင်ပြီး အပင်းသွင်းခြင်း အမှောက် အတိုက် ပြုစားခြင်းကနေ ခံနိုင်ရည်ရှိအောင် ကူညီပေးလိမ့်မယ်..ကဲ..စတော့..။
ရေတွေကို မြိုချပြီးတော့……ခက်ဇော်မျက်စိထဲ….ပြာဝေသွားသည်..ပြီးတော့ ပတ်ဝန်းကျင်က အရင်လောက် မမှောင်တော့သလို ခံစားလာရသည်… မီးတုတ်အလင်းရောင်က ပြာလဲ့လဲ့ဖြစ်နေသည်ဟု လည်း ခံစားလိုက်ရသည်………မမသုန် ကိုကြည့်တော့ မီးရောင်လဲ့လဲ့တွင် စိမ်းပုပ်ပုပ်အရောင်တွေထွက်နေသလို ထင်ရသည်…
“ကဲ..အခြေခံအဆင့် ရပြီ…. ဒုတိယ အဆင့်အနေနဲ့ မင်း ဇော်ဂနက် မျက်ကွင်း လိမ်းရမယ်”
“လာ အိမ်ပေါ်လိုက်ခဲ့……….”
မမသုန် အိမ်လှေကားတစ်လျှောက် ဖယောင်းတိုင်မီးတွေ ထွန်းထားသည်….. အိမ်ပေါ်ရောက်ရောက် ခြင်း သူတွေလိုက်သည်က မမသုန်အိမ် ပထမဆုံးအကြိမ်စရောက်တုန်းက သူမြင်လိုက်ရသည့် မိန်းမရုပ်ထု..
သူနေ့ခင်းဘက်တွေ့တုန်းက မိန်းမရုပ်ထုက မဲနက်လို့နေသည်… အခု ညမှာတော့ မိန်းမရုပ်ထုက စိမ်းဖန့်ဖန့်အလင်းတွေထွက်နေသည်ကို တွေ့ရသဖြင့် ခက်ဇော် အံသြနေသည်..။
“မင်း အံသြနေသလား ငါ့မောင်….. မင်းအရင်တစ်ခေါက်လာတုန်းက ဇော်ဂနက်မယ်တော်ကြီး ရုပ်ထု ကို တွေ့သွားတာ ငါသိတယ်…အခု မယ်တော်ကြီးက အစိမ်းရောင်ဖြစ်နေလို့ မင်းအံသြနေတာမဟုတ်လား.. မအံ့သြပါနဲ့ကွာ… သာမန်လူတွေကြည့်လို့သာ အနက်ရောင်ဖြစ်တာ…စုန်းပညာသည်ခြင်းကြည့်ရင်.. အရောင်မတူဘူး… မင်းက ပညာသင်ဆိုပေမယ့် ခုန တံစက်ပြန်ရေအစွမ်းနဲ့ ဒီလိုမြင်ရတာပါ..”
ခင်သုန်ရှင်းပြမှ……. ခက်ဇော် သဘောပေါက်သွားသည်..ဒါဆို မမခင်သုန်ကို သူစိမ်းပုပ်ပုပ်အရောင်ကြီး မြင်နေတာ တံစက်ပြန်ရေတန်ခိုးပေါ့……..။
“လာ ဒီရှေ့မှာ ဒူးထောက်……………”
ဇော်ဂနက်မယ်တော်ရုပ်ထုရှေ့မှာ ခက်ဇော် ဒူးထောက်လိုက်သည်…
ခင်သုန်က သူ့တွင်ပါလာသော တံခွန်တိုင်လေးများကို ဇော်ဂနက်မယ်တော်ရုပ်ထုရှေ့ရှိ အမွှေးတိုင် အိုးတွင်ထိုးစိုက်လိုက်သည်………..ပြီးနောက် လောပန်အမွှေးခဲ(၁)ခဲကို မီးရှို့ပြီး အိုးထဲ ပစ်ထည့်လိုက်သည်..။
ပြီးနောက် ဇော်ဂနက်မယ်တော်ကြီးရုပ်ထု၏ အောက်ပိုင်းတွင် ပက်ထားသော ထမိန်ဆန်ဆန် အ၀တ်စ အား ဖြဲယူလိုက်သည်….
“မင်း မျက်စိမှိတ်ထား……ခက်ဇော်”
မင်းရဲ့မျက်စိ နှစ်လုံးကို အခုချိန်က စပြီး ဇော်ဂနက်မယ်တော်ကြီးရဲ့ ထမိန်နားအောက်ကို ပို့ဆောင်လိုက်ပြီ…………. မင်း မျက်စိ နှစ်လုံးဟာ ဇော်ဂနက်မယ်တော်ကြီးရဲ့ ပိုင်ရှင်ဖြစ်သွားပြီ…
ခင်သုန်က ပြောရင်းဖြင့် ထမိန်စကို ခက်ဇော်မျက်လုံးနှစ်ဖက်တွင် ပတ်စည်းလိုက်သည်..။
ခက်ဇော် တော်တော်စိတ်ညစ်သွားသည်..ရုပ်ထုပင်ဖြစ်သော်လည်း မိန်းမထမိန်စ ကို သူ့မျက်နှာ တွင် ယခုလို စီးပတ်ခံရသည့်အတွက် တော်တော်လေး ဘုန်းကံ နိမ့်သွားပြီဆိုတာ တွေးမိသည်..
“ခုမှတော့ ဘုန်းကံတွေဘာတွေ မတွေးနဲ့တော့ ငါ့မောင်…မသုန် အတန်တန်တားတဲ့ကြားက မင်းဒီလမ်းကို ရွေးခဲ့တာ…မင်းစခဲ့ပြီးပြီ .ဆက်မလျှောက်ရင်တော့………မင်းဒုက္ခတွေ့လိုက်မယ်”
မျက်လုံးကို ထမီစ အစီးခံပြီးနောက် အခန်းထဲမှာ တိတ်ဆိတ်သွားသည်…. … …
ခက်ဇော် မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်…
ဇော်ဂနက်မယ်တော်ကြီးက သူ့ကို စိုက်ကြည့်နေသည်..သူ့ညာဘက်ဘေးတွင် နဖူးမောက်မောက် နှင့် လူ(၁၀)ယောက်..သူတို့မျက်နှာတွေမှာ နဖူးတွေကမောက်ထွက်နေပြီး မျက်လုံးတွေက အထဲသို့ပင် ၀င်နေသည်…. အင်္ကျီအ၀တ်အစားမပါသော်လည်း ကိုယ်လုံးက ဘာမှမရှိဘဲ ပြောင်ချောကြီးတွေဖြစ်နေသည်.. အရောင်က ညှိပုပ်ပုပ်….
ဘယ်ဘက်ဘေးတွင်တော့ နဖူးပြင်ပြားချပ်နေသည့် ကြောက်မက်ဖွယ်မျက်နှာမှာ မညီမညာသွားများ ခေါထွက်နေသည့် လူ(၅)ယောက်လောက်ကို တွေ့ရသည်..အဲ့ဒီနောက်မှာတော့…မမခင်သုန်..မမခင်သုန် မျက်နှာ ချောမောလှပနေသ်ာလည်း မျက်လုံးတွေက အဖြူဆံတွေချည်းဖြစ်နေသည်..မမခင်သုန်လိုပဲ မျက်လုံး အဖြူဆန်နှင့် အမျိုးသမီး(၃)ယောက် နှင့် ပိန်ပိန်ပါးပါးလတ်လတ်ယောင်္ကျားတစ်ယောက်..ရပ်နေသည်။
သူတို့အကြည့်တွေအားလုံးက ခက်ဇော် မျက်လုံးတည့်တည့်ကို ကြောက်မက်ဖွယ်ရာ စိုက်ကြည့်နေကြသည်…။
ခက်ဇော် စိတ်ကို တင်းနေအောင်ထားပြီး..သူတို့အားလုံးကို ခပ်စိမ်းစိမ်းပြန်စိုက်ကြည့်လိုက်သည်..။
“မင်းတော်တယ် ခက်ဇော်”
မမခင်သုန်က အခုမှ သူ့မျက်လုံးတွေစီးထားသော ဇော်ဂနက်ထမီစကို ဖြည်ပေးလိုက်ခြင်းဖြစ်သည်.. ဒါဆိုခုနက…
“အေး ဒီအဆင့်ကတော့ ဇော်ဂနက်မျက်ကွင်းလိမ်းတာပဲ..ဇော်ဂနက်မယ်တော်ကြီးရဲ့ ထမီစမှာ အစီအရင်အင်းတစ်ခုကို ရေးထားတယ်.. ပြီးတော့ မင်းမျက်နှာကို စည်းလိုက်တဲ့အချိန်မှာ… မသုန် တို့ စုန်းလောကရဲ့ သက်ဆိုင်ရာနယ်မြေအပိုင်အဆင့်တွေအကုန်လုံးကို မင်းမြင်ရတယ်.. သူတို့က မင်းကို စုန်းပညာ သင်ပေး ဖို့ အရည်အချင်းရှိ မရှိ လာအကဲဖြတ်တာပဲ….
မင်းမြင်ခဲ့တာက အဆင့်မြင့်စုန်းပညာရှင်တွေဖြစ်တဲ့ မောက်လုံး မောက်ပြား နဲ့ ဆယ့်နှစ်ကြိုးကဝေ တို့ရဲ့ မူလပညာပရမတ်ရုပ်တွေပဲ…..မင်းလည်း ဒီပညာခန်းအဆင့်ဆင့်ကို (၆)နှစ်အတွင်းလေ့ကျင့်ပြီး (၁၂)ကြိုးအဆင့်ရောက်ရင် မသုန် တို့လို မူလပညာပရမတ်ရုပ်တွေ ဖြစ်လာလိမ့်မယ်”
ကဲ…ခက်ဇော်………..ဘယ်လိုလဲ..စုန်းဖြစ်ချင်သေးလား…
..စကားတင်းတင်းပြောနေသော်လည်း ခက်ဇော်ကို စိုက်ကြည့်နေသည့်မျက်လုံးတွေက အရည်လဲ့နေသည်…
မင်း…မိုက်လိုက်တာ မောင်လေးရယ်…
မမသုန် အသံက ရှိုက်သံပါလာသည်…. ခက်ဇော် မမသုန်ကို စိုက်ကြည့်နေမိသည်….
မမသုန် ရင်ခွင်ထဲ ခက်ဇော် ကလေးလေးတစ်ယောက်လို တိုးဝင်မိသည်..မမသုန်က ဒူးထောက်ထား သော ခက်ဇော် ကို မတ်တပ်ရပ်လျက်ကနေ ဖက်ထားသည်……….။
“မင်း..မင်း..စုန်းမဖြစ်ရဘူး…မောင်….
မင်းကို မမသုန် လူမိစ္ဆာဖြစ်ခွင့် မပေးနိုင်ဘူး”
“ဟာ မမသုန်.. အဲ့လိုမလုပ်နဲ့လေ.. စည်းကမ်းကို ဖောက်ဖျက်တဲ့ စုန်း ပညာသင်ကို ချိုးဖောက်တဲ့ စုန်း ဟာ ၀ိညာဉ်နှုတ်ခံရတယ်ဆို…မမ မလုပ်ပါနဲ့ဗျာ..ကျွန်တော့်ဘာသာ ဘာဖြစ်ဖြစ်..မမ ဘာမှမဖြစ်ဖို့လိုတယ်.. နော်..မမသုန်……ကဲ့ ပညာရပ်နောက်တစ်ခန်း ဆက်တက်မယ်..ကျွန်တော့်အတွက် စခဲ့ပြီးပဲ..ခုန မသုန်ပြောသလိုပေါ့”
မသုန်က မျက်ရည်တွေကို သုတ်လိုက်သည်…။
“မငိုနဲ့ မမသုန်..ကျွန်တော်တို့ အတူတူ ကျော်ဖြတ်ကြတာပေါ့”
ခင်သုန်က မျက်ရည်တွေကို သုတ်လိုက်သည်………..
အိမ်လှေကားအတိုင်း ဆင်းလာပြီးနောက်……..ခင်သုန် အိမ်နောက်ဘေးခြံဝန်းဘက်သို့ ပြန်လျှောက် သွားသည်…. အိမ်ခြံဝန်းအနောက်ဘက်တွင် တံခါးတစ်ပေါက်ရှိနေသေးသည်…..
ခင်သုန်က တံခါးကို ဖွင့်လိုက်တော့ ဟို လယ်ကန်သင်းတော တစ်မျှော်တစ်ခေါ်ကြီးကို မြင်ရသည်..
“ကဲ…မောင်လေး…အခုည(၂)နာရီိထိုးပြီ……ဟိုးအနောက်ဘက်တည့်တည့်ကိုတွေ့လား..လယ်ကွင်းတွေ.. အဲ့ဒီ လယ်ကွင်း တွေအတိုင်း အနောက်ဘက်တည့်တည့်ကို ရောင်နီမပြို့ခင် မင်းပြေးရမယ်.. ဟော့ဒီတံခွန်တိုင်လေးချောင်းကို မင်းလက်ကလည်း ကိုင် သွားရမယ်… လမ်းမှာ ဘာတွေ့တွေ့ ဘာမြင်မြင် မင်းမရပ်ရဘူး…ရပ်တာနဲ့ မင်းအတွက် အန္တရာယ်ရှိတယ်…အနောက်ဘက်တည့်တည့်ပြေးရင်း တစ်နေရာမှာ ဖယောင်းတိုင်ခုနှစ်တိုင်ထွန်းထားတဲ့ ဇကောတစ်ချက်တွေ့ရလိမ့်မယ် ..အဲ့ဒီဇကောထဲမှာ မင်းဟိုတစ်နေ့က….မသုန်အိမ်ရှေ့ကိုလာပေးသွားတဲ့ ဇလုံနဲ့ စားဖွယ်သောက်ဖွယ်တွေတွေ့ရမယ်….
ဒီတံခွန်တိုင်လေး (၄)ချောင်းကို အဲ့ဒီ ဇကောရဲ့ အရပ်လေးမျက်နှာမှာ မင်းစိုက်ပြီးတာနဲ့… ဇလုံထဲက ထမင်းကို မင်းကုန်အောင်စားရမယ်.. ဒီပညာရပ်ဟာ စုန်းပညာရဲ့ ပထမကြိုးပဲ ပထမအဆင့်ပေါ့ကွာ.. ဒီလကွယ်နေ့ရဲ့ နောက်ဆုံးသင်ခန်းစာလည်းဖြစ်တယ်.. နောက်လကွယ်နေတွေမှာမှ ဒုတိယကြိုးအဆင့်တွေ တက်မယ်….ကဲ…………..ပြေးတော့..မောင်လေး….
လမိုက်ည အမှောင်ထဲတွင် ခင်သုန်လက်ညှိုးထိုးပြရာလယ်ကွင်းတွေဘက်သို့ ခက်ဇော် အပြေးထွက် သွားသည်…..။
တစ်ရေးရေး ဝေးသွားသော ခက်ဇော် ၏ ကျောပြင်ကို ရီဝေသော မျက်လုံးအစုံဖြင့်စိုက်ကြည့်ကာ ခင်သုန် သက်ပြင်းချလိုက်သည်……….။
(၁၁)
မှောင်မဲနေသည့် လယ်ကွင်းတွေထဲ ခက်ဇော် ပြေးလာတာ အတော်ခရီးပေါက်ပြီ..
တစ်နေရာအရောက်တွင် အမေက မတ်တပ်ရင်းရင်း ခက်ဇော်ကို လှမ်းခေါ်နေတာတွေ့ရသည်.. ခက်ဇော် အမေ့ဆီ သွားဖို့ ပြင်လိုက်စဉ်….
ဟင်..အမေက သူများပြုစားလို့ ဆုံးသွားတာကြာပြီပဲ…….
သတိပြန်ဝင်လာပြီး ဆက်ပြေးသည်………….ခုန အမေက ခွေးနက်ကြီးဖြစ်ပြီး ခက်ဇော် နဘေးက ပြေးလိုက်လာသည်….. တစ်ချက်တစ်ချက် ခက်ဇော် လက်မောင်းကို လှမ်းဟပ်မလို လုပ်သေးသည်…
ခက်ဇော် မျက်စိမှိတ်ပြီး အနောက်ဘက်ကို မှန်းကာ ဆက်ပြေးသည်…..
မောနေပြီ….ချွေးများရွှဲနစ်နေပြီ……………
ပြေးနေရင်း ခက်ဇော်ရှေ့တွင် အမွှေးများဖြင့် ထူပိန်းနေသော ထန်းပင်အမြင့်ရှိ ခြေထောက်မဲမဲအရှည်ကြီးတစ်ချောင်း ကို တွေ့ရသည်………
ခက်ဇော် မော့မကြည့်ရဲ…….ခြေထောက်ခွကြားမှ ၀င်ပြေးသည်… နောက်က ခြေတံရှည်ကြီး လိုက်လာ သံကြားရသည်….
ခြေတံရှည်ကြီး အသံက တဖြည်းဖြည်း ဝေးဝေးကျန်ခဲ့သည်။
ပြေးနေရင်း သူ့ရှေ့တွင် ထမိန်စတစ်ခု တလွှလွှလွင့်လာသည်ကို မြင်ရပြန်သည်…
မိန်းမတစ်ယောက်…..လေထဲတွင် ထမီတလူလူ ဆံပင်ဖားလျားဖြင့် ပျံသန်းနေသည်..
မိန်းမ က သူနှင့်အနီးကပ်ပျံသန်းနေသဖြင့် မိန်းမ၏ ထမီစများက သူ့မျက်နှာကိုတစ်ချပ်ချပ် လာရိုက်ခတ်သည်..ညှီစို့စို့ပုပ်အက်အပ်အနံ့ဆိုးကြီးလည်း ထိုမိန်းမ ဆီက ရနေသည်…
ပြေးနေရင်း သူ့အပေါ်က ကပ်လျက် လိုက်ပျံနေသော မိန်းမကိုကြည့်လိုက်သည်…
“ဟင်…သူ မမသုန် အိမ်ပေါ်တွင် တွေ့ရသော ဇော်ဂနက်မယ်တော်ကြီး”
ခက်ဇော်မျက်စိမှိတ်ဆက်ပြေးသည်…………….
တွေ့ပါပြီ……………ရှေ့က ကုန်းကမူလေးတွင် ဖယောင်းတိုင်….ထွန်းထားသည့် စကောတစ်ချပ်…
ခက်ဇော် တော်တော်မောနေပြီ…
စကောထဲတွင်တော့……..မွှေးပျံနေသည့် ထမင်း နှင့် ကြက်ကောင်လုံးကြော် ၊ ၀က်သားတုံးကြီးများ စားချင်စဖွယ်………
ခက်ဇော် ရေဆာလာသည်………ရေမရှိ…..
ဗိုက်ဆာလာသည်………………………
လက်ထဲတွင် ကိုင်လာသည့် တံခွန်တိုင်(၄)ချောင်းကို ဇကောပတ်လည်တွင် ထိုးစိုက်လိုက်သည်…။
ပြီးနောက်…….ဇလုံထဲက ထမင်းကို စားရန်ပြင်လိုက်စဉ်…………..
“မောင်လေး……………မစားနဲ့”
“၀ုန်း”
ဘယ်ကနေပေါ်လာမှန်းမသိသော ခင်သုန်က ဇကောရှေ့တည့်တည့်မှ ပေါ်လာကာ ခက်ဇော်ကို လက်ညှိုးထိုးအော်လိုက်ရာ………..ခက်ဇော် တံခွန်တိုင်လေးချောင်းထောင်ထားသော စည်းဝိုင်းအတွင်းမှ လွင့်ထွက်သွားသည်…………
ရုတ်တရက် တံခွန်တိုင်လေးတိုင်သည် ကောင်းကင်ပေါ်မြောက်တက်သွားပြီး မီးလုံးကြီးတွေအဖြစ် ပြောင်းသွားသည်……………..
“မောင်လေး….ရှေ့ဘက်ကို ပြေး…..နောက်လှည့်မကြည့်နဲ့…ပြေး”
ခင်သုန်အသံကြောင့် ခက်ဇော် သတိဝင်လာကာ ခင်သုန်လက်ညှိးညွှန်ရာဘက်သို့ ဆက်ပြေးတော့ သည်။
ရုတ်တရက် မီးခိုးငွေ့များ ခင်သုန့်ခန္ဒာကိုယ်မှ ထွက်လာကာ မီးလုံးကြီးအဖြစ်ပြောင်းသွားသည်…။
ခင်သုန် စည်းဖောက်ပြီ………………
ဇော်ဂနက်မယ်တော်ကြီး၏ အစေအပါးပါးကွက်သားများက ခင်သုန့်ကို ၀ိညာဉ်ကို ၀ိုင်းနုတ်ယူနေကြ သည်…
ခင်သုန် ကလည်း စုန်းတောက်အဖြစ်ပြောင်းပြီး ပြန်တိုက်ခိုက်သည်….။
လမိုက်ညကောင်းကင်ယံတွေ မီးလုံးကြီး(၅)လုံး လုံးထွေးနေကြသည်……….
မီးလုံးကြီး (၂)လုံး မြေပြင်ပေါ်သို့ ထိုးကျသွားသည်…………..။
မီးလုံး (၁)လုံးနောက်သို့ ကျန်သည့် မီးလုံး(၂)လုံးက အရှိန်ဖြင့်လိုက်လာသည်…
မကြာမီ……………
အစိမ်းရောင်တောက်ပနေသော ဧရာမမီးလုံးကြီးတစ်လုံး ကောင်းကင်ပေါ်ထိုးတက်လာပြီး နောက်……………………………………..ခင်သုန် အသွင်ပြောင်းထားသော စုန်းတောက် မှာ…….မီးလုံး(၃)လုံး ၏ ၀ိုင်းဝန်းတိုက်ခိုက်မှုကြောင့် မြေကြီးပေါ်ထိုးကျသွားလေသည်………။
(၁၂)
ရောင်နီပြို့ပြီ…………..
ထနောင်းရိပ်လမ်းလေး၏ ရှေ့တွင် မှောက်ခုံလဲ သတိမေ့နေသော ခက်ဇော် အား ရွာလူငယ်တစ်ချို့က လှည်းဖြင့် တင်လာပြီး……………၀င်းထိုက် တို့အိမ်ကို ပို့ပေးကြသည်…
အာကာ..ရဲဖြိုး ၀င်းထိုက်တို့ တစ်မိသားစုလုံးနှင့် ရွာသူရွာသားတစ်ချို့..ခက်ဇော် ဘေးတွင် ၀ိုင်းနေကြသည်…….. ညက ဘာဖြစ်ခဲ့သည် မသိကြ….။
“မမခင်သုန်…မမ”
ခက်ဇော် သတိရလာသည်………..
“မမသုန်..မမသုန်ရော”
“ဟေ့ရောင် ခက်ဇော်..မင်း ဘာဖြစ်တာလဲ..ညက ဘယ်သွားတာလဲ”
“မမခင်သုန်…မမခင်သုန်”
ခက်ဇော် ထပြီး ပြေးသည်………သူ့နောက်က ၀င်းထိုက်တို့နှင့် ရွာသားများလည်း ပြေးလိုက်ကြသည်။
မမခင်သုန်တို့အိမ်ခြံဝင်းတံခါးက ပွင့်နေသည်….
ခက်ဇော်အိမ်ထဲဝင်လိုက်တော့ အနောက်ကလူတွေ တန့်သွားကြသည်…. ၀င်းထိုက်က ၀င်လိုက်မှ ကျန်တဲ့သူတွေလည်း လိုက်ဝင်ကြသည်…
ခက်ဇော်က ညက သူပြေးခဲ့သော အိမ်နောက်ဘေးအပေါက်ဆီသို့ သွားသည်….
ပြီးနောက် အနောက်ဘက်တန်းတန်းသို့ ပြေးတော့သည်…………
ရောက်ပါပြီ……………ည က သူ အသဲအသန်ပြေးခဲ့၇သော ပန်းတိုင်နေရာ…
ဒါပေမယ့် ညက နဲ့ မတူတော့……………
ညက သူရောက်ခဲ့သောနေရာမှာ မှတ်တိုင် ကျို့တို့ကျဲတဲများနှင့် သင်္ချိုင်းတစ်ခုဖြစ်နေသည်..
မြေပုံမို့မို့တစ်ခုထက်မှာ……….ဇကောတစ်ချပ်..ပြီးတော့ ဇလုံ……………….
ဇလုံးထဲတွင် မစင်တုံးများ… ပက်ကျိများ……လောက်ကောင်တွေတဖွားဖွားနှင့်………..
ဒါဆို ညက ညက သူမြင်ခဲ့တာတွေက………………………………………….
.သူစားမလို့လုပ်ခဲ့တာတွေက…..
ခက်ဇော် ကြာကြာမတွေးနိုင်…………….
ဇကောနှင့် ခပ်လှမ်းလှမ်းတွင် မမခင်သုန် လဲကျနေသည်………….
မမခင်သုန်ကို ခက်ဇော်ပြေးပွေ့လိုက်သည်….
သွားပြီ…………….မမခင်သုန်က ပြုံးပြုံးလေး လဲကျနေသည်..
ခက်ဇော်အတွက်….. သူ ၀ိညာဉ်အနှုတ်ခံလိုက်ရသည်ကို ကျေနပ်နေသလို…………
“မမ ခင်သုန်……………………”
ခက်ဇော်………………..က ပါးချင်းကပ်ပြီး အကျယ်ကြီး အော်ပစ်လိုက်သည်..။

ပြန့်ကျဲနေသော.ဇကောတစ်ချပ်ထဲမှ မစင်များ…. လောက်ကောင်များ ကို တစ်လှည့်….
မြေကြီးပေါ်တွင် လဲနေသော ဆယ့်နှစ်ကြိုးကဝေစုန်းမလေး ခင်သုန် ကို တစ်လှည့်..
ခင်သုန်ကို ဖက်ပြီး ငိုနေသော မန္တလေးတက္ကသိုလ်ကျောင်းသား ခက်ဇော် ကိုတစ်လှည့်…….
ရွာသားတွေ နားမလည်နိုင်စွာ ကြည့်နေကြသည်……………………………..
ရုတ်တရက်………….
ခင်သုန်….. မျက်စိပွင့်လာသည်…..
သို့သော်….မျက်စိသည် မျက်စံမပါ..အဖြူထည်ကြီး………။
“အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”
ရွာသားများ လန့်ပြီး နောက်ဆုတ်လိုက်ကြသည်…
မျက်လုံးများ ပြန်မှိတ်ပြီး..ခင်သုန် ဇာတ်ကျိုးကျသွားသည်..။
မွေးရာပါ ၀မ်းတွင်းစုန်းဖြစ်လာရသည့် သနားစရာ စုန်းကဝေမလေး ခင်သုန်..တစ်ယောက် .. အထီးကျန် သူ့ဘ၀ ထဲမှ တစ်ဦးတည်းသော အိုအေစစ်လေးဖြစ်ခဲ့သည့်….. မသင်အပ်မသင်ရာကို သင်ယူမိခဲ့သည့်
ချစ်သူ အား သူ့လို စုန်းကဝေလူ့မိစ္ဆာဘ၀ မဖြစ်စေ၇န်အတွက် သူ့….အသက်ကို ပြုံးပြုံးလေး ပေးသွားခဲ့လေပြီ….။

ပြီးပါပြီ ။
ဗြိတိသျှ ကိုကိုမောင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.