မှင်စာ

aq25.jpg

( ဖြစ်ရပ်မှန် )

မနေ့က ကျနော် facebook ထိုင်ကြည့်ရင်း စာဝင်လာသံကြားရတော့ ဖွင့်ကြည့်မိလေသည် …။ စာက မိတ်ဆက်စာ…။ ညီလေးတစ်ယောက်မှ အခုလို မိတ်ဆွေဖြစ်ရတာ ဝမ်းသာကြောင်း ၊ ရေးတဲ့စာများကို ဖတ်ရှုရကြောင်း ၊
အမြဲအားပေးနေကြောင်း စသည်ဖြင့် ပြောလာသည်ကို တွေ့
ရပါသည် …။ ကျနော်ကလည်း ထပ်တူဝမ်းသာကြောင်း ပြန်
ပြောရင်း ညီလေးက သူ့အတွေ့အကြုံ တစ်ချို့နဲ့ သူသိချင်သည်
များကို မေးမြန်းလာပါသည်…။ သရဲ တစ္ဆေ စတဲ့ ဂမ္ဘီရအကြောင်း ရေးသားသူဆိုတော့ အခုလို လာရောက်မေးမြန်း
ကြတာက မထူးဆန်း…။

သို့သော်…ညီလေး မေးမြန်းတာက စိတ်ဝင်စားစဖွယ် ဖြစ်နေ
ပါသည်…။ သူက တစ်ခါ သရဲအခြောက်မခံဘူးကြောင်း ၊ အခု
ထိလည်း မမြင်ဘူးသေးကြောင်း ၊ သို့သော်…မှင်စာကိုတော့
ကိုယ်တွေ့ ကြုံ ဘူးကြောင်း ပြောပါသည်…။ မှင်စာ ဘယ်နှစ်မျိုးရှိလဲ…သူကြုံတွေ့ဘူးတဲ့ မှင်စာက စာမှာ ဖတ်ဘူးသလို
မဟုတ်ကြောင်း ၊ ဘာကြောင့် မတူရသလဲ…စသည်ဖြင့် မေး
မြန်းပါသည်…။ ဘယ်လို ကြုံတွေ့ဘူးသလဲ…ဆိုပြီး ကျနော်က
မေးမြန်းကြည့်လိုက်တော့ သူကိုယ်တွေ့ ကြုံ ခဲ့ဘူးတဲ့ မှင်စာ
အကြောင်းကို ပြောပြပါသည်…။

” အစ်ကို စိတ်ဝင်စားလား…စိတ်ဝင်စားတယ်ဆိုရင် ကျနော်
ပြောပြမယ်…”

“အေး…ပြောပြကွာ…အစ်ကိုလည်း သိရတာပေါ့…”

သို့နှင့် ညီလေးက သူ့အတွေ့အကြုံ ကို အောက်ပါအတိုင်း
ုပြန်လည် ပြောပြပါသည်…။ သူ့အတွေ့အကြုံကို ကျနော် ဆီ
လျော်အောင် ပြန်ရေးလိုက်ပါသည်…။

*****

ကျနော့်နာမည် နိုင်လင်းဦး…။ သူငယ်ချင်းတွေကတော့ ကျနော့်ကို ဒိုကြီးလို့ပဲ ခေါ်ကြတယ်…။ ကျနော့်အလုပ်က လမ်းဖောက် dozer စက်ကြီးကို မောင်းနေတော့ အလွယ်ခေါ်ကြ
တာပါ…။
အခုဖြစ်ရပ်က 2003- 2004 ခုနှစ်မှာ ကြုံတွေ့ခဲ့ရတာ…။
အဲဒီတုန်းက ကျနော် ပဲခူးရိုးမ ၊ အုတ်တွင်းအနောက်ဘက်မှာ
သစ်ထုတ်စခန်းမှာ အလုပ်လုပ်ခဲ့တယ်…။ အခုတော့ အနား
ယူသွားပါပြီ…။
ကျနော်အပါအဝင် လူအတော်များများက သရဲတစ္ဆေအကြောင်း ကြားဘူးကြပေမယ့် မကြုံ တွေ့ဘူးကြလို့ ယုံကြည်ပါ
တယ်…။ အခုထိလည်း သရဲတစ္ဆေ မကြုံ ဘူးသေးပါဘူးဗျာ..။
သရဲတစ္ဆေ မကြုံ တွေ့ဘူးပေမယ့် မှင်စာကိုတော့ တကယ်
လက်တွေ့ကြုံ ဘူးတယ်ဗျ…။ သရဲပေတ လောကမှာ မြန်မာ
အခေါ်အဝေါ်တွေက အများသား…။ သရဲ ၊ တစ္ဆေ ၊ ဘုတ်(ဖုတ်) ၊ ပြိတ္တာ ၊ ဘီလူး ၊ သဘက် ၊ မှင်စာ ၊ ကျတ် စသည်ဖြင့်ပေါ့ဗျာ
…။ အခု ပြောပြမှာက မှင်စာ အကြောင်းပါ …။
ကျနော်ဖတ်ဘူးသမျှ စာအုပ်တွေနဲ့ ပြောရရင် မှင်စာက သရဲတစ္ဆေ မျိုးနွယ်ဝင်ပါပဲ…။ မှင်စာ အမျိုးအစား ဘယ်နှစ်မျိုးရှိ
မှန်း ကျနော်မသိပါဘူး…။ ကလေးသရဲကို မှင်စာလို့ ခေါ်ကြတာတော့ သိတယ် …။ မှင်စာ ၊ သရဲ တစ္ဆေ ၊ သဘက်၊
ဘီလူး ဆိုပြီး အစဉ်လိုက် သက်တမ်းရင့်ရင် ရင့်သလို ပြောင်း
လဲသွားတတ်ကြတယ်လို့လည်း သိရတယ်…။
ဒါပေမယ့် စာအုပ်ထဲမှာ ရေးထားတာတွေက မှင်စာဆိုတာ က လူပုံစံလို အကောင်သေးသေး ၊ မျက်လုံးပြူးပြူး ၊ နားရွက်ချွန်ကားကား လို့ရေးထားတာ တွေ့ရပါတယ်…။
လူကို ဒုက္ခမပေးပေမယ့် စတတ် ၊ နောက်တတ်ကြတယ်လို့ ကြားဘူးတယ်…။များသောအားဖြင့် ညောင်ညို ပင်ကြီးတွေ ၊ ကုက္ကို ပင်ကြီးတွေမှာ နေထိုင်တတ်ကြောင်း သိရပါတယ်…။
တစ်ခါတစ်လေ ပင်လယ်သမုဒ္ဒရာထဲ လှေစီး ငါးဖမ်းထွက်
ကြတဲ့ တံငါသယ်တွေလည်း သူတို့လှေထဲမှာ မှင်စာလေးတွေကို တွေ့တတ်တယ်လို့ ကြားဘူးတယ်…။ကျနော်ကြုံတွေ့ဘူးတဲ့ မှင်စာကျတော့ အဲဒီလို ပုံစံမဟုတ်ဘူးခင်ဗျ…။
ဒီလိုပါ…။
2003-2004 ခုနှစ်ဝန်းကျင်မှာ ကျနော် ပဲခူးရိုးမ ၊ အုတ်တွင်း အနောက်ဘက် သစ်ထုတ်လုပ်ရေး စခန်းမှာ အလုပ်လုပ်ခဲ့
တယ်…။ အခုဖြစ်ရပ်က သစ်ထုတ်လုပ်ရေးစခန်း လုပ်ကွက်
(1.11) အရိုးတောင်မှာ ကြုံ တွေ့ခဲ့တာပါ…။
ကျနော်တို့ သစ်ထုတ်လုပ်ရေး စခန်းမှာ သစ်ထုတ်တဲ့ စခန်းကြီး ၊ စက်ကြီးစခန်း ၊ ဆင်စခန်းများဆိုပြီး သူ့စခန်းနဲ့သူ အလုပ်လုပ်ကြတယ်…။ ကျနော်ကတော့ စက်ကြီးခန်းမှာ အလုပ်လုပ်တယ်…။
တစ်ညမှာပေါ့ဗျာ…။
အဲဒီညမှာ ကျနော်တို့ ညမိုးချုပ်ခါနီးအချိန် အလုပ်နားပြီးတာနဲ့ အမောပြေဆိုပြီး အရက်ထိုင်သောက်ကြတယ်…။ အရက်သောက်ပြီးတာနဲ့ ချက်ပြုတ်စားဖို့သောက်ဖို့ဆိုပြီး ရိက္ခာကြည့်လိုက်တော့ ရိက္ခာပြတ်နေတာ တွေ့ရတယ်…။ မစားမသောက်နဲ့ အငတ်ခံလို့လည်း မဖြစ်ဘူး…။
ရိုးမတောမှာက မိုးချုပ်ခါနီးအချိန်ရောက်တာနဲ့ မှောင်နေပြီ…။ စားဖို့သောက်ဖို့အတွက် ရိက္ခာက မသွားယူလို့လည်း မဖြစ်ဘူး…။
ဒါနဲ့ ကျနော်လည်း ဆင်စခန်းမှာ ရိက္ခာသွားယူဖို့ဆိုပြီး စက်ကြီးစခန်းကနေ ထွက်လာလိုက်တယ်…။ ကျနော်တို့ စက်ကြီးစခန်းနဲ့ ဆင်စခန်းက သုံးမိုင်လောက်ဝေးတယ်…။ အဲဒီ
လမ်းခရီးက ဒေသခံကရင်တွေက ကြမ်းတယ်လို့လည်း ပြော
ကြတယ်…။ ကျနော်က တော်ရုံ အယုံအကြည်ရှိတဲ့သူမဟုတ်
ဘူးလေ…။ လက်တွေ့ကျကျ စမ်းသပ်မှ ယုံတတ်တယ်…။ သူတို့က ကြမ်းတယ်လို့ ပြောတာနဲ့ ကျနော်က ကြောက်ရမှာ
လားဗျာ…။ ဒါနဲ့ ကျနော်လည်း လိုရမယ်ရ လမ်းခရီးမှာ တစ်ခုခုဖြစ်ရင် ကာကွယ်နိုင်ဖို့ဆိုပြီး တူမီးသေနတ်နဲ့ ခါးမှာဆောင်ထားတဲ့ ဓားကို လွယ်ပြီး ဆင်စခန်းကို ထွက်လာခဲ့တယ်…။
ညမှောင်နေပြီ…။ အဲဒီည လ ကလည်း သာနေတယ်…။
အဲဒီလိုနဲ့ဗျာ…။ ကျနော် ဆင်စခန်းကို ထွက်လာရင်း
ဆင်စခန်းရောက်ခါနီးအလို သစ်ပုံကြီးဘေး တစ်နေရာမှာ
ရောက်လာတော့ ကြောင်ကြီးတစ်ကောင်ကို တွေ့မြင်လိုက်တယ်…။ ခန္ဓာကိုယ်က ခွေးလောက်နီးပါး ထွားကြိုင်းနေတယ်
…။ အမွေးအရောင်က အဖြူ အနီ အကြားနဲ့ဗျ …။ ညမှောင်နေ
တော့ သိပ်မသဲကွဲဘူး…။ လူက မူးနေတာလည်း ပါတာပေါ့..။
ဒါနဲ့ ကျနော်လည်း အဲဒီအကောင်ကို မြင်လည်း မြင်ရော..။
ဟုတ်ပြီ…ဆိုပြီးပါလာတဲ့ တူမီးသေနတ်နဲ့ ‘ဒိုင်း ‘ခနဲ ဆော်ထည့်လိုက်တယ် ။မထိဘူးဗျ …။ ရှောင်လိုက်တာ လှစ်ခနဲပဲ…။ အတော်မြန်တယ်…။ ဒါပေမယ့်…..ဒီကောင်က ကျနော် ဒီလောက် တူမီးသေနတ်နဲ့ပစ်တာ လုံးဝမပြေးဘူး…။
လှစ်ခနဲ ရှောင်ပြီး မလှမ်းမကမ်းမှာ ရပ်နေတယ်…။ သာမန် တိရိစ္ဆာန်သတ္တဝါကြောင်တစ်ကောင်ဆို ဘယ်နေမလဲ…။ ကျနော်လည်း နောက်ထပ်’ ဒိုင်း’ခနဲ ထပ်ပစ်လိုက်တယ်…။ ထပ်ရှောင်ပြီး ရပ်ကြည့်နေပြန်တယ်…။
ဟာ…ဒီလောက် ဖြစ်တဲ့ကောင်ကွာ ဆိုပြီး တစ်ဒိုင်းဒိုင်းနဲ့
ထပ်ဆော်လိုက်တယ်…။ သကောင့်သားလည်း ရှောင်လိုက်တာ လှစ်ခနဲ လှစ်ခနဲပဲ…။ ပြေးလည်း မပြေးဘူး…။ လူကို ပြောင်ပြနေသလို ဖြစ်နေတယ်…။မြန်တာတော့ အတော်မြန်
တယ်…။
နောက်ဆုံး ကျနော့် တူမီးသေနတ် ယမ်းကုန်သွားတဲ့အထိပဲဗျ…။ ယမ်းကုန်တော့ လူက အတော်ကြီးကို စိတ်တိုနေပြီ…။ ဒါနဲ့ သေနတ်မရှိတော့ ခါးမှာ ပါလာတဲ့ ဓားနဲ့ အဲဒီအကောင်ကို လိုက်ခုတ်နေလိုက်တယ်…။ ဒီကောင်က တကယ့်ကောင်ဗျာ…။ ကျနော့်ဓားချက်ကို လှစ်ခနဲ လှစ်ခနဲ ရှောင်ပြီး ပတ်ပြေးနေတယ်…။ ဝေးဝေးလည်း မပြေးဘူးဗျ …။ လူကို ပြောင်ပြနေသလို ဟိုနားပတ်ပြေး ၊ ဒီနားပတ်ပြေးနဲ့…။
သူအဲဒီလိုလုပ်ပြလေလေ ကျနော်စိတ်မရိုးမရွဖြစ်လေလေပဲ…။ စိတ်တိုတာ မကတော့ဘူး…။ အသေရရ အရှင်ရရ
ဆိုပြီး ကျနော်အဲဒီအကောင်နောက်ကို သဲကြီးမဲကြီး လိုက်နေ
မိတယ်…။
ကြာတော့ ဒီကောင်ပတ်ပြေးရင်းနဲ့ သစ်ပုံကြားတစ်ခုမှာ
ဝင်ပြေးလိုက်တယ်…။ ဖြစ်ချင်တော့ အဲဒီသစ်ပုံကြီးက ရှေ့မှာ
ဆက်တိုးလို့ မရဘူးဖြစ်နေတယ်…။ သူ့ခန္ဓာကိုယ်က အထဲဝင်နေပြီး ခြေထောက်နှစ်ခုက အပြင်မှာ ပေါ်နေတယ်…။
ဒါနဲ့ ကျနော်လည်း ‘မင်း ဘယ်ပြေးမလဲ ‘ဆိုပြီး သူ့ခြေထောက်ကို ဆွဲထုတ်လိုက်တယ်…။ သူက အတင်းရုန်းတာ
ပေါ့…။ တော်ရုံနဲ့ ဆွဲထုတ်လို့ မရဘူး…။
အဲဒီ အချိန်မှာပဲ ဆင်စခန်းက ဆင်ထိန်းတွေ ရောက်လာပြီး ” ဒိုကြီး…လွတ်လိုက်…လွတ်လိုက်…”ဆိုပြီး အတင်း
အော်ပြောနေကြတယ်…။
ကျနော်ကလည်း စိတ်တိုတိုနဲ့ လိုက်ဖမ်းနေရတဲ့သူဆိုတော့ “ဟာ…ဘာလို့ လွတ်ရမှာလဲဟ…ဒီမှာ ကြောင်ကြီးတစ်
ကောင် မိနေပြီ…ဝိုင်းကူဆွဲထုတ်ကြဦး…”ဆိုပြီး ပြန်ပြောလိုက်တယ်…။
ဆင်ထိန်း ဆင်ဦးစီးတွေက
“ဒိုကြီး…လွတ်လိုက်…အဲဒါ ကြောင်ကြီးမဟုတ်ဘူး…
မှင်စာ…မှင်စာ…..မင်း သူ့ကို သတ်ရင် မင်းလည်း သေလိမ့်မယ်…မင်း သူ့မျက်နှာကို အသေအချာကြည့်…”ဆိုပြီး အော်
ပြောကြတယ်…။
ဒါနဲ့ သူတို့တွေ ပြောထားတဲ့အတိုင်းပဲ အဲဒီအကောင်ကို
ရအောင် ဆွဲထုတ်ပြီး လရောင်အောက်မှာ အသေအချာ ကြည့်လိုက်တော့… လား…လား…။အခုမှ အဲဒီအကောင်မျက်နှာကို အသေအချာမြင်ရတော့ ကျနော်မှာ ကြက်သီးဖျန်းဖျန်းထပြီး တကယ်ကိုလန့်သွားတယ်…။ အမူးတွေ ပြေပြီး ဘာဖြစ်သွားမှန်း မသိဘူးဗျာ…။
အဲဒီအကောင်က လူမျက်နှာနဲ့ဗျ …။ ခန္ဓာကိုယ်က ခွေးခန္ဓာကိုယ်…။ ခြေထောက်က နွားခြေထောက်နဲ့…။ အခုမှ
အသေအချာ ကြည့်မိတယ်…။ ရုတ်တရက် ကြောင်ကြီးတစ်
ကောင်လို့ ထင်ရပေမယ့် ကြောင်ကြီးမဟုတ်ပဲ ဆင်ထိန်းတွေ
ပြောသလို မှင်စာ ဖြစ်နေတယ်…။ တကယ့်ကို ထူးဆန်းတဲ့ သတ္တဝါတစ်မျိုးပဲဗျာ…။ တစ်သက်နဲ့တစ်ကိုယ် ကျနော်တစ်ခါမှ မမြင်ဘူး ၊ မတွေ့ဘူး ၊ မကြုံဘူးတဲ့ သတ္တဝါ…။ ရှိတယ်လို့တောင် မထင်တဲ့ သတ္တဝါတစ်မျိုးပါ…။ တကယ့်ကို အံ့သြစရာ
သတ္တဝါပဲဗျာ…။
ဒါနဲ့ ကျနော်လည်း ပြန်လွတ်လိုက်တော့ ကျနော့်ရှေ့ကနေ
လှစ်ခနဲ သစ်ပုံကြီးဘေးကနေ တောထဲ ဝင်ပြေးသွားတယ်…။
ဆင်ထိန်းတွေ ပြောတော့မှ မှင်စာဆိုတာ ဒီလိုသတ္တဝါမျိုးပါလား ဆိုပြီး သိလိုက်ရတယ်ဗျာ…။ သူ့ကို သတ်လို့မရဘူးတဲ့…။ သတ်ရင် သတ်တဲ့သူလည်း မကြာခင်မှာပဲ အကြောင်းတစ်ခုခုကြောင့်သေသွားကြရတယ်တဲ့ဗျာ…။ အဲဒါပါပဲ…။ ကျနော်ကြုံတွေ့ဘူး
တဲ့ မှင်စာက…။ အဲဒီည ဖြစ်ရပ်ကို ကျနော် လုံးဝ မေ့လို့မရဘူး
ဗျာ…။

*****

“အဲဒီ အဖြစ်က ဖြစ်ရပ်မှန်လား …”

“ဖြစ်ရပ်မှန်ပေါ့ အစ်ကိုရ…ကျနော်ကိုယ်တိုင် ကြုံ တွေ့ရတာပါ…”

“ဪ…..”

“မယုံတဲ့သူဆိုရင် ကျနော်ဆီကို ကိုယ်တိုင်လာမေးလို့
ရတယ်…မလာနိုင်ဘူးဆိုရင် ဖုန်းနံပါတ်ပေးလိုက်မယ်…
097842732(- )…အဲဒီဖုန်းနံပါတ်ကို ဆက်လိုက်ပါ အစ်ကို ”

“ရပါပြီညီရေ…အဲဒီလောက်လည်း မလိုပါဘူးကွာ…”

“အမြဲအားပေးလျှက်ပါ…စာရေးဆရာတွေ မှန်သမျှ လေးစားပါတယ်….”

အထက်ပါ အကြောင်းအရာကို ကျနော့် facebook chat
box ကနေ ညီလေး ဒိုကြီးခေါ် နိုင်လင်းဦးကနေ လာရောက်
ပြောပြခြင်း ဖြစ်၏ …။
သည်ဖြစ်ရပ်က မဖြစ်နိုင်စရာ အကြောင်းမရှိချေ …။ တစ်လောကမှ facebook ပေါ်တွင် မျက်လုံးတစ်လုံးသာ ပါလာပြီး
မွေဖွားလာသော ကလေးငယ် ။ နိုင်ငံခြား ကားလမ်းဘေးတွင် အမည်မသိ လူလိုလို ၊ လိပ်လိုလို ၊ ဖွတ်လိုလို
သတ္တဝါ …စသည်ဖြင့် ကျနော်တို့ လူလောကတွင် ဆန်းကြယ်
သော သတ္တဝါမျိုးစုံ ရှိနေကြပါသည်…။
မြတ်ဗုဒ္ဓ၏ ဒေသနာတော်တွင်လည်း ဆန်းကြယ်သော ကံတရားကြောင့် ဘဝခန္ဓာထူးဆန်းထွေပြားစွာ ရရှိလာကြ
သော မြင်အပ် ၊ မမြင်အပ်သော သတ္တဝါမျိုးစုံအကြောင်း ရှိနေ
ပါသည်…။ မြင်အပ်သော သတ္တဝါထက် မမြင်အပ်သော သတ္တဝါတွေ မျိုးစုံရှိကြောင်းလည်း ပေတဝတ္ထု များတွင် ဖတ်ရှု
လေ့လာရပါသည်…။ လူ့ခန္ဓာကိုယ်နှင့် ဝက်ခေါင်းပြိတ္တာများ ၊
မြွေခန္ဓာကိုယ်နှင့် လူပြိတ္တာများ ၊ စသည်ဖြင့် မျိုးစုံရှိနေကြလေ
သည် …။ မှင်စာ ဆိုတာကလည်း ပေတမျိုးနွယ်ဝင်ဖြစ်ပြီး
ကံတရားအလျောက် ခန္ဓာကိုယ်တည်ဆောက်ပုံ မျိုးစုံရှိနေကြ
မည်သာ ဖြစ်၏…။
မြတ်ဗုဒ္ဓ၏ တရားသဘောအရ ဤသို့ ဘဝခန္ဓာရရှိလာနေ
ကြသည်မှာ အတိတ်ဘဝမှ ပြုစုပျိုးထောင်သော ကာယကံ ၊
ဝစီကံ ၊ မနောကံ တည်းဟူသော ကံတရား၏ အကျိုးပေး ရောင်ပြန်ဟပ်မှုကြောင့် ဖြစ်နေရကြောင်း မှတ်သားရဘူးပါ
သည်…။့  ကံ ၊ ကံ၏ အကျိုးပေးမှုကြောင့် သံသရာ
အထပ်ထပ် ကျင်လည် ၊ ဘဝခန္ဓာတွေ မျိုးစုံရရှိ ခံစားနေရ့ပြီး ကံတရားကြောင့် သံသရာလည်မဆုံး ဖြစ်နေရကြလေသည် …။ ကံတရား၏ အဆုံးသတ်ရေးမှာ ထက်မြက်သောဝိပဿ နာလမ်းစဉ်မှလွဲ၍ တစ်ခြားလမ်းစဉ်ဟူ၍ မရှိပါချေ …။အကြောင်းကံတရားရှိနေသေးသ၍ အကျိုးခန္ဓာ ရရှိနေကြဦးမည်သာ ဖြစ်နေကြတော့၏ …။ပုထုဇဉ် ပုဂ္ဂိုလ် သတ္တဝါများသည် အကြောင်းကံတရားတည်းဟူသော ပြဿ နာရင်းအမြစ်ကို အသေမသတ်နိုင်သေးသမျှ
အကြောင်းတိုက်ဆိုင်၍ အကျိုးပေးချိန်ကြုံတွေ့ရပါက ဤသို့
သော ဘဝခန္ဓာမျိုး မရရှိနိုင်ဟု အာမခံချက် မရှိကြချေ …။
ကံတရား၏ ဆန်းကြယ်မှု ၊ လောကကြီး၏ ဆန်းကြယ်မှုကား
သာမန်ဉာဏ်အမြင်ဖြင့် မည်သို့ ကြံစည်စိတ်ကူး၍ ရနိုင်ပါမည်
နည်း…။

( ပြီး )

မင်းကံစည်ဝင်း

Credit’ ဆရာ မင်းကံစည်ဝင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.