မြစ်ရေကြီးမှုကြောင့် မန္တလေး၊ စစ်ကိုင်း နှင့် အင်းဝမြို့ဟောင်းရှိရေဘေးသင့်ပြည်သူများ အကူအညီများ လိုအပ်နေ

မြန်မာနိုင်ငံ အထက်ပိုင်းတွင် မိုးရွာသွန်းမှု များပြား ခဲ့ခြင်းကြောင့် နေ့ စဉ် မြစ်ရေမြင့် တက်လျက်ရှိရာ မန္တလေး၊ စစ်ကိုင်း နှင့် အင်းဝမြို့ဟောင်း ရှိ ရေဘေးသင့်ပြည်သူများ အကူအညီ လိုအပ်လျက်ရှိကြောင်း သိရသည်။

” တစ်နေ့လုပ် တစ်နေ့စားဆိုတော့ ပြောင်းလိုက် ရွှေ့လိုက် လုပ်နေရတာ မလွယ်ပါဘူး၊ နေရာတစ်ခုကနေ အခြားနေရာတစ်ခုကို ပြောင်းဖို့ လိုအပ်တဲ့ သက်ကယ်၊ ၀ါး ၀ယ်လို့ ရတဲ့ ၀င်ငွေနဲ့က အနိုင်နိုင်ပါ၊ လက်ရှိနေနေတဲ့ အိမ်ကို ရေက ဘယ်အချိန်ကျော်မယ် မသိနိုင်တော့ အလုပ်လဲ သွားမလုပ်နိုင်ဘူး၊ ရစု မှတ်စုနဲ့ပဲ ဖြစ်သလို စားသောက်နေရပါတယ် ” ဟု မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကန်သစ်ကုန်းကျေးရွာ ဧရာဝတီမြစ်ဘေး တွင် နှစ်(၂၀)ကျော် နေထိုင်သူ ဦးမောင်မောင် က ပြောသည်။

ဧရာဝတီမြစ်ရေ အနီရောင်အဆင့် သတ်မှတ်ခဲ့သော (၂၀၁၆)ခုနှစ် ဇူလိုင်(၂၉)ရက်နေ့မှစတင်၍ မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေးတွင် မြို့နယ်ပရဟိတအသင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်း၍ ရေကင်း(၉)ဖွဲ့ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို (၂၄)နာရီ ဆောင်ရွက်နေလျက် ရှိသည်။

ရေဘေးသင့်ပြည်သူများအတွက် နေရာအချို့တွင်သာ ထမင်းထုပ်ဝေခြင်းများရှိနေခြင်းကြောင့် နေရာအများစုတွင် စားဝတ်နေရေး အခက်အခဲ ရင်ဆိုင်နေရရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် အရပ်ဖက် ပရဟိတအဖွဲ့များ၏ ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်။

မန္တလေးမြို့ ဧရာဝတီမြစ်ဘေးရှိ ရေဘေးကယ်ဆယ်ရေး (၂၄)နာရီ စောင့်ကြည့်ပေးနေသော ရေကင်းအဖွဲ့(၉)ဖွဲ့သည် အရေးပေါ် ရေကျော်ခဲ့ပါက သဲအိတ်များဖြင့် ကာနိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်း၊ ၀မ်းရောဂါမဖြစ်ပေါ်စေရေး ၊ သွေးလွန်တုပ်ကွေးမဖြစ်ပေါ်စေရး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်။

ရေကင်းအဖွဲ့ တစ်ဖွဲ့လျှင် အရေးပေါ် ကယ်ဆယ်ရေးယာဉ် (၄)စီးထားရှိပေးထားပြီး အရေးပေါ် လိုအပ်ပါက မြို့နယ်အလိုက် ပရဟိတအဖွဲ့များအား ချိတ်ဆက်ပြီး အချိန်မှီ ကယ်ဆယ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး ရေဘေးသင့်ပြည်သူများ ယာယီနေထိုင်နိုင်ရန် နေရာများ ကြိုတင်သတ်မှတ်၍ စီစဉ်ထားကြောင်း သိရသည်။

 ” အိမ်က ရေထဲပါသွားလို့ အိမ်နားက ရေနည်းနည်းလွတ်တဲ့ မြင့်တဲ့နေရာမှာ စားသောက်ဖို့ ရှိတဲ့ငွေနဲပဲ နေလို့ရအောင် အဖြစ် တဲထိုးနေနေတာပါ၊ မိုးရာသီဆိုတော့ ပရံလုပ်ငန်းကလည်းတွေနားထားတဲ့အချိန်ဖြစ်တော့ အရင်က စုထားတဲ့ ငွေနဲ့ပဲ ဖြစ်အောင် နေရမှာပါ၊ ဒီနှစ် အခုလို ရေတက် လာတော့ နေဖို့ တဲပြန်ထိုးရတော့ စားဖို့ထဲက ဆောက် လိုက်တော့ အစားအသောက်အခဲအခက်ရှိပါတယ် ” ဟု အောင်မြေသာစံမြို့နယ် (၁၉)လမ်းအနောက်ဘက်ရှိ ဧရာဝတီမြစ်ကမ်းဘေးနေထိုင်သူ ပရံလုပ်သား ဦးအေးသိန်းက ပြောသည်။


ဧရာဝတီမြစ်ရေတက်လာခြင်းကြောင့် တံတားဦးမြိုကနယ်အတွင်းရှိ မြေငူ၊ ပုဏ္ဍားခြံ၊ ပေါက်တော၊ ပေါက်မြိုင်၊ လက်ဆောင်ယူ၊ ဥယျာဉ်၊ ကျီးပင်၊ ငါးရာပြား၊ ညောင်စဉ်၊ အိုးထုပ်တန်း၊ ရေနံတန်း စသည့် ကျေး ရွာများ ရေနစ်မြုပ်မှု ဖြစ်ပေါ်လျက်ရှိပြီး စာသင်ကျောင်းအချို့ ပိတ်ထားရသည်။

” ရေက တလုံးတစ်ခဲထဲ တက်နေတာမဟုတ်ပဲ တဖြည်းဖြည်းနဲ့ တက်နေတော့ တစ်ရက်ကို တစ်နေရာ ရွှေ့လိုက်၊ ပြောင်းလိုက် လုပ်နေရပါတယ်၊ ညဆိုရင်လည်း ရေစောင့်ကြည့်ရင် ရင်တထိတ်ထိတ်နဲ့ အိမ်နေရတယ်၊ တာဝန်ရှိသူတွေ လာကြည့်ပေမယ် အခုလို ကူညီမှုတွေ မရသေးပါဘူး၊ ရေက မယ်နုအုတ်ကျောင်းသွားတဲ့ ကားလမ်းကို ရေမြုပ်နေပြီး မကြာခင်ရက်ပိုင်းအတွင်း ကုန်းတွင်းပိုင်းထိ ရေတက် လာရင် ပြေးဖို့ နေ ရာမရှိတော့ပါဘူး၊ အကူအညီလာဖို့ မျှော်လင့်နေပါတယ် ” ဟု အင်းဝမြို့ဟောင်း အိုးထုပ်တန်းကျေးရွာမှာ ရက်(၂၀)ကျော် ကြာ နေ့စဉ် ရွှေ့ပြောင်းနေ ရသူ မသူဇာမြင့်က ပြောသည်။


ဧရာဝတီမြစ်ရေကြီးခြင်းကြောင့် မြစ်ရေအခြေအနေ မှတ်တမ်းများအရ ကသာ (၁၀၂၁ စင်တီမီတာ)၊ သပိတ်ကျင်း (၁၅၂၉ စင်တီမီတာ)၊ မန္တလေး (၁၃၁၉ စင်တီမီတာ)၊ စစ်ကိုင်း (၁၂၀၉ စင်တီမီတာ)၊ မြင်းမူ (၁၁၇၈ စင်တီမီတာ)၊ ညောင်ဦး (၂၂၂၀ စင်တီမီတာ) စသည့် ရှိသည်။

ဇူလိုင်(၃၀)ရက် ညပိုင်းမှ တစ်ညလုံးနီးပါး နှင့် ဇူလိုင်(၃၁)ရက် တစ်နေကုန် မိုးရွာသွန်းမှုကြောင့် မန္တလေးမြို့ပေါ် အဓိက လမ်းမများတွင် ရေကြီးေ ရလျှံမှု များ ဖြစ်ပေါ်လျက်ရှိပြီး မန္တလေးမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် (၁၂၆၀) ရှိရာ ဇူလိုင်(၃၁)ရက် နေ့လည်ပိုင်း တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက် (၁.၉၇)ပေတွင် ရပ်တန့်လျက်ရှိသည်။

မန္တလေးမြို့ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း ဦးပိန်တံ တားပေါ် ရေရောက် ရှိရန် သုံးပေခန့် လိုပြီး ဧရာဝတီမြစ်ရေ သည် ရွှေကြက်ယက် ကမ်းနားလမ်းပေါ်သို့ ရေရောက်ရှိရန် တစ်ပေခန့်သာ လိုပြီး မန္တလေးမြို့ ဧရာဝတီမြစ်ကမ်း (၃၅)လမ်းထောင့် မြေပြင်နှင့် တပြေးညီ ဖြစ်ရန် (၆)ပေခန့်သာ လိုတော့ကြောင်း သိရသည်။

AXE

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.