အမျိုးသား လိင်လုပ်သားတစ်ဦးရဲ့ အတွင်းကျကျ ဘ၀အကြောင်း

လိင်ဖျော်ဖြေရေးလုပ်နေသူတွေအတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ စောင့်ရှောက်မှုတွေ

လိုအပ်နေသလို အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဖန်တီးပေးသင့်တယ်လို့လည်း

ကိုကျော်ဇေယျာဆွေက တောင်းဆိုလိုက်ပါတယ်။
သူက သားနှစ်ယောက်ရဲ့ဖခင်ဖြစ်ပြီး ၀င်ငွေကောင်းပါတယ်။ အင်္ဂလိပ်လို ကောင်းကောင်း

ပြောဆိုတတ်ပြီး နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းတစ်ခုက အိပ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ် 

တိုက်ဖျက်တဲ့လုပ်ငန်းတစ်ခုမှာ ဦးဆောင်လုပ်ကိုင်နေပါတယ်။
အမျိုးသားအချင်းချင်း လိင်ဝန်ဆောင်မှုပေးတဲ့ လိင်လုပ်သားတစ်ယောက်ဖြစ်သလို 

တခြားလိင်အလုပ်သမတွေ၊ လိင်လုပ်သားတွေရဲ့ ဈေးကွက်တွေကို အစိုးရကို အကြောင်းကြားရတဲ့

သတင်းပေးသမားတစ်ယောက်လည်း ဖြစ်ခဲ့ဖူးပါတယ်။
ဝင်ငွေကောင်းပေမဲ့ ရှက်ရွံ့ဖို့ကောင်းတဲ့ သူ့ဘ၀အကြောင်းကို ရင်ဖွင့်စရာ လူမရှိတဲ့အတွက် အရက်နဲ့ 

မူးယစ်ဆေးဝါးတွေကိုလည်း သုံးစွဲခဲ့ဖူးပါတယ်။
အခု .. သူက သူ့အကြောင်းတွေကို ဝေမျှပြောပြချင်နေပါတယ်။
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ကိုကျော်ဇေယျာဆွေက သူ့ဘ၀မှာ ဖြစ်ပျက်မှုတွေအားလုံးရဲ့ အခြေခံက 

ဆင်းရဲမွဲတေမှုကြောင့်လို့ပြောပါတယ်။
သူ့အသက် ၁၅ နှစ်မှာ စစ်သားအဖေနဲ့ မှီခိုအမေတို့က ကျောင်းစရိတ် မထောက်ပံ့နိုင်တော့တာမို့ 

သားအကြီးဆုံး ကိုကျော်ဇေယျာဆွေကို ကျောင်းကနေ နုတ်ခဲ့ပါတယ်။
ဆယ်ကျော်သက်ကောင်လေးဟာ နာမည်ကျော် တရုတ်စားသောက်ဆိုင်တစ်ဆိုင်မှာ စားစရိတ်ငြိမ်း

စားပွဲထိုးအဖြစ် အလုပ်ဝင်လုပ်ခဲ့ပါတယ်။
အဲဒီဆိုင်မှာ နေ့လယ်စာကို ပေါက်စီတစ်လုံးပဲစားရပြီး အဲဒီအတွက် လခထဲက ပြန်ဖြတ်တဲ့အပြင် 

တခြားဖိနှိပ်ခွဲခြားမှုတွေကိုလည်း နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရပါတယ်။
နောက်တော့ အဲဒီအလုပ်က ထွက်လိုက်ပြီး တခြားတောက်တိုမည်ရအလုပ်တွေ ၀င်လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ အရောင်းဝန်ထမ်းကိုတောင် အနိမ့်ဆုံးပညာအရည်အချင်း ၁၀ တန်း သတ်မှတ်ထားတဲ့အတွက်

ပညာအရည်အချင်းနည်းရှာတဲ့ ကျော်ဇေယျာဆွေအတွက် ၀င်ငွေကောင်းကောင်းရရှိဖို့ဆိုတာ 

ခက်ခဲ လွန်းလှပါတယ်။
အသက် ၁၇ နှစ်မှာ ရုတ်တရက် အိမ်ထောင်ကျသွားခဲ့ပြီး ၀င်ငွေရဖို့အတွက် ဘာပဲလုပ်ရလုပ်ရဆိုတဲ့

စိတ်ဖိစီးမှုက သူ့ကို ကြီးစိုးထားပါတော့တယ်။
“ဗိုလ်ချုပ်ဈေးက ပန်းဆိုင်တစ်ဆိုင်မှာ ကျွန်တော် အလုပ်ဝင်လုပ်နေတုန်း ဈေးကိုလာနေကျ 

မျက်မှန်းတန်းမိနေတဲ့ နိုင်ငံခြားသားနှစ်ယောက်က အင်္ကျီတွေ လက်ဆောင်ဝယ်ပေးခဲ့တယ်။ 

တစ်ခါမှ လက်ဆောင်မရခဲ့ဖူးတော့ အရမ်းအံ့ဩပြီး ပျော်ခဲ့ပါတယ်”လို့ သူ့ငယ်ဘ၀အကြောင်းကို 

ကိုကျော်ဇေယျာဆွေက ပြောပြပါတယ်။
အဲဒီနိုင်ငံခြားသားနှစ်ယောက်ကပဲ ဘီယာအတူသောက်ဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် လိုက်သွားခဲ့ပြီး 

ဘီယာမူးလာတဲ့အချိန်မှာ သူတို့တည်းခိုရာ ဟိုတယ်ကို ခေါ်သွားခဲ့ပြီး လိင်မှုကိစ္စအတွက်

တောင်းဆိုခဲ့ပါတယ်။
“တစ်ခါမှမကြုံဖူးတော့ ကျွန်တော် အရမ်းလန့်သွားခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုအတွက် 

ကျွန်တော့်အိမ်က ပိုက်ဆံအရမ်းလိုနေတာလည်း ကိုယ်တိုင် အသိဆုံးဆိုတော့ လက်ခံဖို့

ဆုံးဖြတ်ချက်ချခဲ့တယ်”လို့ ရှပ်အင်္ကျီ လက်ရှည်နဲ့ စတိုင်ဘောင်းဘီကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့

ကိုကျော်ဇေယျာဆွေက ခပ်ဝေးဝေးကိုကြည့်ရင်း ပြောပါတယ်။
ဒီလိုနဲ့ သူ့မှာ အဆက်အသွယ်တွေ ပိုများလာခဲ့သလို ၀င်ငွေတွေလည်း များလာခဲ့ပြီး လိင်တူချစ်သူ

အမျိုးသားတွေအတွက် လိင်မှုဆိုင်ရာဝန်ဆောင်မှုပေးသူ တစ်ယောက်အဖြစ်

ပြောင်းလဲရပ်တည်ခဲ့ပါတယ်။
နိုင်ငံခြားသားဖောက်သည်တွေက ပြည်တွင်းက တောင်းဆိုလာသူတွေထက် အခကြေးငွေ

ပိုပေးတာကြောင့် ကိုကျော်ဇေယျာဆွေ တစ်ယောက် အင်္ဂလိပ်စာကို သေချာလေ့လာဖို့

ဆုံးဖြတ်ခဲ့ပါတယ်။
ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေးနဲ့ ဆူးလေဘုရားလမ်းတို့မှာ ဘ၀တူ အမျိုးသားလိင်လုပ်သားတွေ

ရှိနေကြောင်းကို တဖြည်းဖြည်းသိလာခဲ့ပြီး ၀န်ဆောင်မှုပေးတဲ့အလုပ်အပြင် သွက်လက်တဲ့

သူ့စရိုက်ကြောင့် တခြား ဖောက်သည်တွေကိုပါ ချိတ်ဆက်ပေးတဲ့ အလုပ်တွေပါ လုပ်ကိုင်ခဲ့ပါတယ်။
ဒီတော့ ၀င်ငွေက နှစ်ခုဖြစ်လာပါတယ်။ မိသားစုစားဝတ်နေရေးကလည်း ချမ်းချမ်းသာသာကြီး

မဟုတ်တောင် မကျပ်တည်းတော့ဘူးလို့ ဆိုပါတယ်။
ဒီလိုနဲ့ ၀န်ဆောင်မှုလောကထဲမှာ ကျင်လည်ခဲ့တာ ၁၀ နှစ်ဝန်းကျင် လောက်ကာလ ၂၀၀၃ ခုနှစ်မှာ

ကိုကျော်ဇေယျာဆွေ၊ သူ့ သူငယ်ချင်းတစ်ဦးနဲ့ နိုင်ငံခြားသား နှစ်ယောက်ဟာ ပုဒ်မ ၃၇၇ (ဓမ္မတာနှင့်

ဆန့်ကျင်သော ပြစ်မှု)နဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ်နှစ်နှစ်ခွဲ ကျခံခဲ့ရပါတယ်။
အဲဒီအချိန်ကျမှ ကိုကျော်ဇေယျာဆွေရဲ့ မိဘနဲ့ဇနီးတို့က သူဖုံးကွယ်ထားတဲ့ အခြေအနေတစ်ခုကို 

သိလိုက်ရပါတော့တယ်။
ဒါပေမဲ့လည်း ကိုကျော်ဇေယျာဆွေရဲ့ ၀င်ငွေကြောင့် သူ့မိဘ၊ ဇနီးသည်နဲ့ သားလေးတို့

ချောင်ချောင်လည်လည် နေထိုင်ကြရသလို တက္ကသိုလ်တက်နေတဲ့ အစ်မနဲ့ အထက်တန်းကျောင်းသား

ညီလေးတို့ဟာလည်း ကိုကျော်ဇေယျာဆွေရဲ့ ထောက်ပံ့မှုနဲ့ ကျောင်းတက်နေကြရတာဖြစ်ပါတယ်။
ဇနီးသည်ဟာ သူ့အလုပ်ကို သိလိုက်ရတဲ့အချိန်မှာ ထိတ်လန့်သွားခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ 

နားလည်နိုင်ဖို့ ကြိုးစားခဲ့တယ်လို့ ကိုကျော်ဇေယျာဆွေက ပြောပြပါတယ်။
အကျဉ်းထောင်က ပြန်ထွက်လာချိန်မှာတော့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ

သူ့အိမ်ကိုရောက်လာခဲ့ပြီး ရန်ကုန်လိင်ဈေးကွက်အတွင်းက အတွင်းသတင်းတွေကို ပြန်ဖလှယ်ပေးတဲ့

သတင်းပေးတစ်ယောက်အဖြစ် လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီအတွက် သူ့ကို အခကြေးငွေလည်း မြိုးမြိုးမြက်မြက်လေးပေးပါတယ်။
သူ့ရဲ့သတင်းပေးမှုကြောင့် လုပ်ငန်းတူသူငယ်ချင်းတွေ အကျဉ်းထောင်ထဲ ရောက်ခဲ့ရပေမဲ့ သူကတော့

ဝင်ငွေကောင်းခဲ့ပါတယ်။
“တစ်ရက်ကို တစ်သောင်းလောက် ရခဲ့တာ။ အဲဒီအချိန်တုန်းက အရမ်းများတဲ့ ၀င်ငွေပဲ။ ဒါပေမဲ့ 

ဘ၀တူတွေ ဘယ်လိုအကျပ်အတည်းတွေကြောင့် ဒီအလုပ်လုပ်ဖြစ်ခဲ့တယ်ဆိုတာလည်း 

အသိဆုံးဆိုတော့ သတင်းပေးဆက်မလုပ်တော့ဘူး။ နောက်ဆုံးတော့ သူတို့ဆီ ပြန်သွားပြီး

ဒီအလုပ်ပဲ ဆက်လုပ်ဖြစ်ခဲ့တယ်”လို့ ကိုကျော်ဇေယျာဆွေက ပြောပါတယ်။
အမျိုးသားပြည့်တန်ဆာတွေဖြစ်လာရတဲ့ အကြောင်းရင်းကလည်း အမျိုးသမီးတွေလိုပါပဲ။
ဆင်းရဲမွဲတေမှု၊ ပညာရေးအားနည်းမှုနဲ့ ခွဲခြား ဆက်ဆံခံရမှုတွေကို ခံရကြုံရပြီးတဲ့နောက်မှာ

ငွေရလွယ်တဲ့ ဒီအလုပ်ကို လုပ်ဖြစ်သွားကြတာပါလို့လည်း သူ့လုပ်ငန်းဖော်တွေနဲ့ 

သူ့အတွေ့ အကြုံအပေါ် အခြေခံပြီး ကိုကျော်ဇေယျာဆွေက ပြောပြပါတယ်။
“ဒီအလုပ်လုပ်နေတဲ့ နယ်ကတက်လာတဲ့ သူငယ်ချင်းတွေဆို တကယ်ကို သူတို့မှာ အိပ်မက်တွေ

အပြည့်နဲ့ပဲ။ ဒီအလုပ်လုပ်မယ်လို့ ဘယ်သူမှ ကြိုမစဉ်းစားခဲ့ကြဘူး။ ပြီးတော့ ဒီငွေကြောင့် 

ကျွန်တော်တို့ မချမ်းသာကြပါဘူး။ မိသားစုကို ကောင်းကောင်းထားချင်ကြတဲ့စိတ် အခြေခံတာပါ”လို့ 

ဆိုပါတယ်။
ဝင်ငွေရတယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ အမျိုးသားအချင်းချင်း ဖျော်ဖြေတဲ့ အလုပ်ကို လုပ်ရတာကြောင့်

ကိုယ်တိုင်စိတ်ပါလာအောင် အရက်နဲ့ မူးယစ်ဆေး အလွန်အကျွံသောက်သုံးခဲ့ရတာတွေ ရှိသလို

အမြဲသိမ်ငယ်တဲ့စိတ်နဲ့ နေထိုင်ကြရတယ်လို့လည်း ကိုကျော်ဇေယျာဆွေက ပြောပါတယ်။
“ဒီနေ့ ဘယ်လိုစိတ်ဖိစီးခဲ့တယ်၊ ဒေါသထွက်ခဲ့တယ်၊ မကျေမနပ်တွေ ဖြစ်ခဲ့တယ်ဆိုတာကို 

မိသားစုဝင်ပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ ထုတ်မပြောရဲကြဘူး။ အဲဒီတော့ ကျွန်တော်တို့စိတ်တွေက 

အမြဲ ပြဿနာရှာချင်နေတတ်ကြတယ်”လို့ သူက ဆိုပါတယ်။
တစ်နေ့မှာတော့ မြန်မာနိုင်ငံကို အလည်ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးနဲ့ 

တွေ့ဆုံခဲ့ရပါတယ်။
ဒီနိုင်ငံခြားသားကတော့ သူ့ဘ၀အတွက် ကယ်တင်ရှင်လို့လည်း ပြောလို့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟာ လိင်အလုပ်သမားတွေအတွက် ကျန်းမာရေးနဲ့ အသိပညာကာကွယ်မှု 

လုပ်ငန်းလုပ်ကိုင်ဖို့ မြန်မာနိုင်ငံကို ရောက်လာခဲ့သူဖြစ်ပြီး ကိုကျော်ဇေယျာဆွေကို အချိန်ပိုင်း

ဝန်ထမ်းအဖြစ် ၀င်လုပ်ပေးဖို့ အကူအညီတောင်းခဲ့ရာက အရပ်ဘက်အဖွဲ့အစည်းတစ်ခုကို 

အတူတူဦးဆောင်ပြီး လုပ်ဖြစ်ခဲ့ပါတော့တယ်။
လိင်ဖျော်ဖြေရေးလုပ်နေသူတွေအတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ စောင့်ရှောက်မှုတွေ

လိုအပ်နေသလို အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဖန်တီးပေးသင့်တယ်လို့လည်း

ကိုကျော်ဇေယျာဆွေက တောင်းဆိုလိုက်ပါတယ်။
ခေါင်းဆောင်နိုင်မှုအပါအ၀င် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်နိုင်မယ့် စွမ်းအားမြှင့်

သင်တန်းတွေလည်း လိုအပ်ပါတယ်လို့လည်း သူက ထောက်ပြပြောဆိုပါတယ်။
“ကျွန်တော် ဧည့်သည်တွေနဲ့တွေ့တဲ့အခါ ကွန်ဒုံးဘယ်လို သုံးရမလဲတောင် မသိခဲ့ပါဘူး။ ဒါပေမဲ့

ကံကောင်းချင်တော့ အိပ်ခ်ျအိုင်ဗီပိုး မကူးစက်ခံခဲ့ရဘူး။ ဒီအလုပ်တွေမှာ လိုက်နာသည်ဖြစ်စေ၊

မလိုက်နာသည်ဖြစ်စေ ကျန်းမာရေးအသိရှိဖို့က အဓိကပဲ”လို့ သူက ဆိုပါတယ်။
ဒါပေမဲ့လည်း အိုင်တီခေတ်ကို ရောက်လာတဲ့အခါမှာ ရန်ကုန်မြို့က အမျိုးသားလိင်ဝန်ဆောင်မှု

လုပ်ဆောင်သူတွေရဲ့ ဈေးကွက်နဲ့အနေအထားကလည်း လိုက်ပါပြောင်းလဲလာခဲ့ပါတယ်။
အရင်ကလို လမ်းပေါ်မှာ မတ်တတ်ရပ်အချိန်ဖြုန်းပြီး ဖောက်သည်ရှာတာမျိုး မလုပ်ကြတော့ဘဲ 

အင်တာနက်ကနေတစ်ဆင့် အချိတ်အဆက်တွေ ပြောင်းလုပ်လာကြပါတယ်။
ဒါကြောင့်မို့ အရင်ကဆို ရန်ကုန်မြို့တစ်ခွင်လမ်းတွေပေါ်မှာ ၀န်ဆောင်မှုပေးသူ ၅၀ လောက်ကို

တစ်ပြိုင်နက်တည်း တွေ့နိုင်လောက်တဲ့ အနေအထားကနေ ခုချိန်မှာတော့ အယောက် ၃၀ လောက်က

အင်တာနက်သုံးပြီး ချိတ်ဆက်ကြတာမို့ အယောက် ၂၀ ၀န်းကျင်လောက်ပဲလမ်းပေါ်ထွက်လာကြပါတော့တယ်။

လူ့အခွင့်အရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ Equality Myanmar အဖွဲ့အစည်းကဒါရိုက်တာ ဦးအောင်မျိုးမင်းက အမျိုးသားလိင်ဖျော်ဖြေရေး လုပ်ဆောင်သူတွေဟာ သီးသန့်ခွဲခြားနေထိုင်ကြတဲ့အတွက် ဆက်သွယ် ပူးပေါင်းဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

လိင်ဖျော်ဖြေရေးပြုလုပ်တဲ့ အမျိုးသမီးနဲ့ မိန်းမလျာအဖွဲ့အစည်းတွေအတွက် ကျန်းမာရေး 

အသိပေးအစီအစဉ်တွေရှိပေမဲ့ အမျိုးသားတွေကတော့ သီးခြားခွဲနေလေ့ရှိကြပြီး နောက်ဆုံးမူးယစ်ဆေးရဲ့သားကောင်တွေ ဖြစ်သွားကြတယ်လို့ သူက ပြောပါတယ်။

“ပိုက်ဆံရလို့ လုပ်တာချည်းပဲ ဖြစ်နေတော့ သူတို့အလုပ်အပေါ် သူတို့ အရမ်းရှက်ကြတယ်၊ ဘယ်တော့မှ လူကြားထဲ မျက်နှာလည်း မပြချင်ဘူး၊ အချင်းချင်းကြားထဲမှာတောင် ဖောက်သည်လုတဲ့ပြဿနာတွေလည်း ရှိနေတယ်”လို့ ဦးအောင်မျိုး မင်းက ပြောပါတယ်။

အမျိုးသမီးတွေနဲ့ မိန်းမလျာပြည့်တန်ဆာတွေမှာ လုပ်ငန်းအတွင်း ခေါင်းပုံဖြတ်ခံရမှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှုနဲ့ အတင်းအကျပ်ဖိအားပေး ခိုင်းစေမှုတွေရှိနေပေမဲ့ အမျိုးသားလုပ်ငန်းတွေမှာတော့ ၀င်ငွေရချင်တဲ့စိတ်နဲ့ မတူညီတဲ့ပုံစံအဖြစ် ရပ်တည်ကြတယ်လို့လည်း သူက ဆိုပါတယ်။

“၀င်ငွေ လိုအပ်မှုကြောင့် ဖောက်သည်တွေကိုတောင် တစ်ခါတလေ လုယက်မှုတွေရှိနေတတ်ကြတော့ အကောင်းဆုံးကတော့ သိမ်ငယ်တယ်လို့ ထင်ရတဲ့ ကိုယ်မကြိုက်တဲ့ အလုပ်ကနေ ရအောင်ရုန်းထွက်လိုက်ဖို့ပါပဲ။ ၀င်ငွေနည်းပေမဲ့ စိတ်ဖိစီးမှုနည်းတဲ့ တခြားအလုပ်တွေကိုပြောင်းလုပ်သင့်တယ်”လို့ ဦးအောင်မျိုးမင်းက အကြံပြုပါတယ်။နိုင်ငံတကာအခြေစိုက် အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် လျှော့ချရေး ပညာပေးလုပ်ငန်းမှာကျန်းမာရေး ၀န်ဆောင်မှုတွေအတွက် ဦးဆောင်ပါဝင်နေတဲ့ ဆရာဝန်တစ်ဦးကလည်း အမျိုးသားလိင်လုပ်သားတွေကို ချိတ်ဆက်ဖို့ အလွန်ခက်ခဲတယ်လို့ ဆိုပါတယ်။

“၀န်ဆောင်မှုယူတဲ့သူရော၊ ၀န်ဆောင်မှု ပြုတဲ့သူပါ နှစ်ဖက်စလုံးက ကျန်းမာရေးအသိရှိဖို့ အလွန်ကိုအရေးကြီးပါတယ်။ ခု ကျွန်တော်တို့ ဆီမှာလည်း နားခိုစရာနေရာတွေ၊ အဖွဲ့အစည်းတွေ၊

ဒရင်ဖွင့်စရာလူတွေ၊ အခမဲ့ယူနိုင်တဲ့ဆေးဝါးတွေ အများကြီး ထောက်ပံ့ပေးထားပြီဆိုတော့သူတို့ခံစားရသမျှ ထုတ်ပြောနိုင်ပါပြီ။ စောင့်ရှောက်မှုကိုလည်း ခံယူစေချင်ပါတယ်”လို့ ၎င်းဆရာဝန်က ပြောပါတယ်။

ကုလသမဂ္ဂ ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးအဖွဲ့ (UNAIDS) ရဲ့ ၂၀၁၃ ခုနှစ် စစ်တမ်းအရမြန်မာနိုင်ငံမှာ လိင်ဖျော်ဖြေရေး ၀န်ဆောင်မှုပေးသူပေါင်း ၇၀,၀၀၀ ၀န်းကျင် ရှိနေပြီး အဲဒီထဲက
ရှစ်ရာခိုင်နှုန်းကတော့ အိပ်ခ်ျအိုင်ဗီပိုး သယ်ဆောင်ထားပြီးကြတဲ့သူတွေ ဖြစ်ပါတယ်။အမျိုးသားလိင်လုပ်သားတွေအတွက် သီးသန့်ထုတ်ပြန်တဲ့ စစ်တမ်းကတော့ ခုချိန်ထိ မရှိသေးပါဘူး။

ကိုကျော်ဇေယျာဆွေကတော့ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် လိင်လုပ်သားဘ၀ကနေ မရုန်းထွက်နိုင်သေးပါဘူး။
ဒါပေမဲ့လည်း ဘ၀တူလုပ်ဖော်ကိုင်ဖက်တွေကို သူတတ်နိုင်တဲ့ ဘက်ကနေ ကြိုးစားကူညီနေသူအဖြစ် ရပ်တည်နေပါတယ်။
အဆိုးထဲက အကောင်းကတော့ သူ့ဇနီးသည်ဟာလည်း အိပ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ရောဂါပိုးရှိသူတွေကို အားပေးနှစ်သိမ့်သူအဖြစ် ပါဝင်လုပ်ကိုင်လာပြီး ခင်ပွန်းသည်အတွက် စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေလည်း ပြုလုပ်ပေးသူ ဖြစ်လာတာပါပဲ။

ငြိမ်းအိအိထွေး – Myanmar Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.