“လူဝင်စား”

Image may contain: text

“လူဝင်စား” [စ/ဆုံး]
~ ~ ~ ~ ~
{1}

တီးခေါင် တစ်ယောက် ကြောက်လွန်း၍ အခန်းထောင့်တွင် ငုတ်တုတ်ထိုင်လျက် ဒူးနှစ်လုံးပိုက်ကာ တစ်ဆတ်ဆတ် တုန်ခါနေသည်။သူ၏ တပည့်များလဲ တစ်ယောက်ပြီး တစ်ယောက် သေကုန်ကြပြီ။
ဒီည သူသေရမည့်အလှည့်ဆိုတာ သူအလိုလို သိနေသည်။ကြောက်လွန်း၍ ထိုနေရာမှ ရှောင်ပြေးခဲ့တာတောင် ထိုအရိပ်သည် သူ့နောက်သို့ ထပ်ချပ်မကွာလိုက်နေခဲ့သည်။
~ ~ ~

“.. ရှပ် .. ရှပ် .. ရှပ် ..”

တိတ်ဆိတ်လှသော ညဥ့်သန်းခေါင်ယံတွင် တစ်စုံတစ်ယောက်၏ ခြေသံကိုကြားလိုက်ရသောကြောင့် အသက်ပင်မရှုရဲလောက်အောင်
ပြူးကျယ်နေသော မျက်လုံးအစုံဖြင့် အခန်းဝသို့ ချောက်ချားစွာ ကြည့်နေမိစဉ် ..
သူတွေ့လိုက်ရသည်က အဖြူရောင်အင်္ကျီရင်ဘတ်တွင် သွေးများစိုရွဲနေပြီး လည်ပင်းမှတိတိရိရိ ပိုင်းပြတ်နေသော ဦးခေါင်းမပါသည့် ခန္တာကိုယ်ကြီးတစ်ခု

“ဟင် .. ထွန်း . ထွန်းခ မင်း .. မင်း သေပြီလေ”

ထိုခန္တာကိုယ်ကြီးသည် သူ့အနားသို့ လက်ကြီးနှစ်ဖက်ဆန့်တန်းလျက် တရွေ့ရွေ့တိုးကပ်လာလေသောအခါ

“သွားး ထွက်သွားး ထွန်းခ.. သရဲကြီးး မလာနဲ့ သွား အားးး”

××××××

ခြေလက်များကွေးကောက်ပြီး ပြတ်ထွက်နေသောဦးခေါင်းကြီးတွင် မသေခင်က အလွန်အမင်း ထိတ်လန့်နေခဲ့ဟန်တူသော မျက်လုံးကြီးများက ပြူးကျယ် ဝိုင်းစက်လျက် ပါးစပ်ကြီးဟကာ သေဆုံးနေသည့် ရဲတပ်ဖွဲ့မှအလိုရှိနေသော လူသတ် ဓားမြတိုက် ဒုစရိုက်သမား လူမိုက်ခေါင်းဆောင် တီးခေါင်တစ်ယောက်၏ဘဝ ဇာတ်သိမ်းသွားခဲ့လေပြီ။

• • • • • • •

{2}

ဇောတိရှမ်းရွာစုသည် လူဦးရေနည်းသော ရွာလေးတစ်ရွာဖြစ်သည်။ ထိုရွာမှ ခင်မောင်သည် တစ်ရွာလုံး၏ တောက်တိုမယ်ရ ခိုင်းဖက် တစ်ယောက်ဖြစ်သည်။ သို့သော် သူ၏ ရိုသားမှု့ကြောင့် တစ်ရွာလုံးက သူ့အပေါ်မေတ္တာရှိကာ ပေးစရာရှိပေး ကျွေးစရာရှိကျွေးပြီး ခိုင်းစရာရှိလဲ ခိုင်းကြလေသည်။

“ဟဲ့ .. ခင်မောင်”

“ဗျာ .. အရီးလေး”

“နင်ဘယ်သွားမို့တုန်း”

“ဗျာ .. ဟိုလေ .. အဟီးး”

“နင် မိအေးကိုလူပျိုသွားလှည့်အုံးမို့မလား”

“ဟာ .. အရီးလေးကလဲ”

အရီးလေးစကားက မှန်နေသည်မို့ ခင်မောင် ရှက်ကိုးရှက်ကန်းကြီး ဖြစ်သွားလေသည်။ မိအေးဘဝက ခင်မောင်နှင့်မခြား မိဘမဲ့ ဆင်းရဲလိုက်တာလဲ တာတေလန်လို့ သူ့နှင့်ဘဝတူ။သူ မိအေးကို တစ်ရက်မမြင်ရမနေနိုင် ထို့ကြောင့် ကောက်စိုက်သိမ်းချိန်တိုင်း မိအေး၏ မနီးမဝေးသို့ သွားသွားပြီး သူ့အားမြင်စေရန် လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် တစ်ရက် ၁ကြိမ်လောက်တော့ အယောင်သွားသွားပြသည်။
မိအေးများလှည့်ကြည့်လာလျှင် အပျော်လွန်ကာ
သူ အဲ့ည ထမင်းမစားတော့။

“ဟဲ့ ..ခင်မောင် အမလေး ရုပ်ကြီးကိုဖြီးပြီး ဘာဖြစ်နေတာတုန်းငါပြောတာကြားရဲ့လား”

“ဗျာ .. မကြား .. မကြားဘူး အရီးလေး”

“ရွာအနောက်ဘက်မှာ ငါ့နွားတွေသွားသိမ်းပေးစမ်းပါ အိမ်ကအကောင်က ဘယ်သဝေထိုးနေတယ်မသိဘူး ခုထိပြန်မလာဘူးရယ် .. ကဲ . သွားသွား မိုးချုပ်နေအုံးမယ်
အပြန်ကျ ငါ့ဆီက ဟင်းတစ်ခွက်ယူသွားချေ”

“ဟုတ် .. ဟုတ်ကဲ့ အရီးလေး”
. . . . .

အော်ဟစ်သံလိုလို သဲ့သဲ့မျှ ကြားမိသောကြောင့် ခင်မောင် လှည့်ပတ်ရှာကြည့်လိုက်တော့ သူနှင့် အတော်ခပ်ဝေးဝေး တောစပ်တွင် လူတစ်စုက မြေပေါ်မှ မည်သည့်အရာကို ဝိုင်းရိုက် နေကြသည်မသိ။ ထိုတောထဲတွင် မြို့မှ အမဲလိုက်သမားများ မကြာခဏဆိုသလို အမဲပစ်လာတတ်ကြသည်။
! မြို့သားတွေ သားကောင်မိတယ်ထင်တယ် !
သူတွေးရင်း အတောင့်ဆုံးနွားတစ်ကောင်အား ရွေး၍ ရှေ့ဆုံးသို့ဆွဲသွားကာ ထိုနွားပေါ်သို့တက်ထိုင်လိုက်ပြီး လေလေးချွန်လျက် နောက်မှနွားတစ်အုပ်အား ပြန်သိမ်းလာခဲ့လေတော့သည်။

• • • • •

{3}

“မိအေးရေ ငါတို့တဲလေးလဲ ပြိုတော့မယ် တော်ကြာ မိုးကျတော့မှာဟ ငါတောအရှေ့ခြမ်းမှာ သစ်လုံးတွေရသလောက်သွားခုတ်လိုက်အုံးမယ် ကလေးတွေကို ဂရုစိုက်”

“သွားမှာ သွားပါတော် .. တကထဲ”

မိအေးစိတ်မရှည်ဟန်ပြန်ဖြေလိုက်သည်။

“မေမေ သားဗိုက်ဆာတယ်”

သားငယ်၏အပြောကြောင့်
အိုးမဲများဂျွတ်ခေါက်တက်နေသည့် ပိန်ချိုင့်နေသော ထမင်းအိုးထဲမှ ဇကွဲတစ်ဝက် ဆန်းကြမ်းတစ်ဝက် ရောကျိုချက်ထားသော ထမင်းများအား သံပန်းကန်များအတွင်းသို့ အစီအရီခူးထည့်လိုက်ကာ မြေအိုးနှင့် ခပ်ကျဲကျဲကျိုထားသော ငပိရည်အိုးကို ဝါးကြမ်းခင်းပေါ်တွင် ဖြန့်ခင်းထားခဲ့ပြီး

“နေအုံးသား နှိုက်မစားထားနဲ့နော် မင်းအကိုတွေအမတွေကို ခေါ်လိုက်အုံးမယ်”

ဟုဆိုကာ ဝါးလုံးတစ်လုံးဆွဲရင်း ဘေးဘက်သရက်ပင်ပေါ်မှ သရက်သီးတစ်လုံးအား ခူးယူလိုက်လေသည်။ ပြီးနောက် အိမ်ရှေ့ မြေကွက်လပ်ကျဉ်းလေးပေါ်တွင် ကစားနေကြသော သားသမီးများအား

“သားတို့ သမီးတို့ရေ လက်ဆေးပြီး ထမင်းလာစားကြတော့”

အိမ်ရှေ့မြေကွက်လပ်သာဆိုတာ သူမတို့၏ယိုင်လဲလုလု တဲလေးသည် သူများအိမ်၏ နောက်ဖေးဘက်၌ ဆောက်ထားရသော တဲလေးသာဖြစ်သည်။ မိအေးတို့ဘဝသည်အလွန်ဆင်းရဲနုံချာလှသည်။
မိအေးမှာ မနက်လင်းသည်နှင့် ဈေးတောင်းခေါင်းရွက်ကာ ရွာထဲတွင် လည်ရောင်းရပြီး နေ့ဘက်တွင် အဝတ်လည်လျှော်လေသည်။ယောင်္ကျားဖြစ်သူ ကိုခင်မောင်မှာလဲ ကြုံရာကျပန်း အလုပ်မရွေး အကုန်လုပ်သည့်အပြင် တစ်ရွာလုံး၏ တောက်တိုမယ်ရ ဗာဟီရအလုပ်များလဲ ကြုံရင်ကြုံသလို ဝင်လုပ်ကာ ပိုက်ဆံရှာလေသည်။ လင်မယားနှစ်ယောက်လုံး မခိုကပ်ပဲ အလုပ်လုပ်တာတောင်မှ နေ့ဖို့ညစာက လောက်ရုံသာရှိသည်။ ဆင်းရဲနုံချာလွန်းသည့်အထဲ မွေးထားလိုက်သည့် ကလေးတွေကလဲ ၅ယောက်တောင်။

– – – – – – –

“တော့် ကိုခင်မောင် ရှင့် သစ်လုံးတွေက တိုလှချည်လား”

“ဟ မင်းကလဲ မြေကြီးပေါ်ကနေ လှမ်းတက်ရင် အိမ်ပေါ်ရောက်ပြီးရော ကလေးတွေလဲ မှီတာပေါ့ကွ”

မိအေး ယောင်္ကျားဖြစ်သူကို မျက်စောင်းခဲ ပါးစပ်ကြီးရွဲ့ပြလိုက်ပြီး

“သစ်ခုတ်မယ်ဆိုလို့ ဒီနှစ်တော့ ရေလွတ်ဗွက်လွတ် မြင့်မြင့်လေး နေရပြီမှတ်တယ် အဝိစိကကို မတက်နိုင်ဘူး”

ကိုခင်မောင် မကြားဟန်ဆောင်ကာ သစ်လုံးများအား ခဏအငှားယူခဲ့သော ကိုသာအေး၏ နွားလှည်းပေါ်မှ သယ်ချနေလေသည်။

“အမေ ကျောင်းတွေဖွင့်တော့မယ် သူများတွေကျောင်းအပ်ကုန်ပြီ သမီးကိုမအပ်ပေးသေးဘူးလား”

သားသမီးအကုန်လုံး၏ ကျောင်းစရိတ်အား မတတ်နိုင်သောကြောင့် အကြီးဆုံးသမီး ခင်မတစ်ယောက်ထဲကိုသာ ကျောင်းထားနိုင်ခဲ့သည်။

“အပ်ပေးမှာပေါ့သမီးရယ် ဒီလကုန်လောက်တော့အမေလိုက်အပ်ပေးပါမယ်”

မိအေးစကားကြောင့် ခင်မ ပြုံးသွားပြီးမှ ချက်ချင်း မျက်နှာလေးပြန်မဲ့ကာ

“သမီးအဖြူအစိမ်းတွေကလဲ နှစ်တိုင်းဝတ်လာရတော့ ဟောင်းနွမ်းနေပြီ သမီးရှက်တယ် ဒီနှစ်တော့ သမီးကို အဖြူနဲ့အစိမ်းအသစ်လေးတော့ ချုပ်ပေးပါအုံး အမေရယ်”

သမီးစကားကြောင့် မိအေး ကိုခင်မောင်အား လှမ်းကြည့်မိလိုက်လေသည်။ ဟုတ်တာပေါ့ သမီးကြီးက ၈တန်းတောင်တက်တော့မယ်။ အပျိုဖော်ဝင်စဆိုတော့ ရှက်ရှာလာပြီပေါ့။ သားသမီးများနှင့် မိအေးကိုကြည့်ပြီး
ကိုခင်မောင်စိတ်မကောင်း။

“ကဲ ..မိအေး မနက်ဖြန်စာ ဟင်းစားလေးရအောင် ငါဖားထွက်ရိုက်လိုက်အုံးမယ်”

ပြောပြောဆိုဆို ဓာတ်မီးစုတ်လေးအား ခါးကြားထိုး၍ ပလိုင်းနှင့် ဝါးရင်းတုတ်အား ကောက်ယူကာ ထွက်လာခဲ့သည်။

“ဒီမှာ တစ်ကောင် .. ဟော့ဒီမှာတစ်ကောင်ကွ .. လာစမ်းဟ.. နောက်တစ်ကောင် .. အောင်မာ ဟိုနှစ်ကောင်ကနပန်းတောင်လုံးနေသေး ကဲကွာ .. ကဲကွာ”

တစ်ကောင်ရိုက်လိုက် ပစ်ထည့်လိုက်ဖြင့် ပလိုင်းထဲငုံ့ကြည့်လိုက်တော့ အတော်ပင်များနေပြီ .
ရပြီ ဒါလောက်ဆို 2ရက်စာလောက်တော့ ဖူလုံပြီ …
ကိုခင်မောင် ပြန်မည်အပြု ဘေးဘီကြည့်လိုက်ရာ
!ဟာ .. ငါ ဖားရိုက်ရင်းနဲ့ အနောက်ဘက် တောစပ်တောင်ရောက်လာတာကိုး !!

“ဟင် . . ရှေ့က ဘယ်သူလဲဟ”

မိမိနှင့် မလှမ်းမကမ်းတွင် ရပ်နေသောလူအား ဓာတ်မီးစုတ်လေးနှင့်ထိုးကြည့်လိုက်တော့ အင်္ကျီဖြူလည်ကတုံး လက်ရှည်နှင့် လည်ပင်းကြီးက တိတိရိရိပြတ်နေပြီး ရင်ဘတ်တွင် သွေးများစိုရွဲနေသော ဦးခေါင်းမပါသည့် လူတစ်ယောက်

“ဟင် .. ဘာ .. ဘာကြီးတုံးဟ”

ကိုခင်မောင်သည် တော်ရုံမကြောက်တတ်
ယခုလို နဖူးတွေ့ ဒူးတွေ့ကြီး သရဲအခြောက်ခံနေရသောအခါ
ကြက်သီးများထလာပြီး တစ်ကိုယ်လုံးတုန်ယင်လာကာ ကြောင်၍ ကြည့်နေမိစဉ် ထိုခေါင်းပြတ်ကြီး၏ လက်တစ်ဖက်သည်မြောက်တက်လာပြီး နဘေးမှချုံပုပ်ကြီးအား တစ်ဆတ်ဆတ်တုန်ခါနေသော လက်ညှိုးကြီးဖြင့် ထိုးပြနေလေရာ

“အမလေး .. ခေါင်း ခေါင်းပြတ်ကြီး လိုက်ဆွဲနေလို့ပါဗျ .. ကယ်ကြပါအုံးဗျ”

ကိုခင်မောင်တစ်ယောက် ကြောက်အား လန့်အားဖြင့် အော်ဟစ်လျက် သရဲလိုက်လာမည်စိုးသောကြောင့် ဓာတ်မီးကိုနောက်ပြန်ထိုးပြီး မှောင်မဲနေသော ရှေ့သို့ ဇွတ်ပြေးလေတော့သည်။ အိမ်ရောက်သည်နှင့် မပြင်ရသေးသော ပြိုတော့မည့်တဲလေးပေါ်သို့ ဝုန်းကနဲ ခုန်တက်ကာ

“ဟောဟဲ .. ဟောဟဲ .. မိအေး ..ဟဲ့ .. မိအေး ငါ့ကို ရေတစ်ခွက် ပေးစမ်း .. ဟောဟဲ”

ကိုခင်မောင်၏ အော်သံ ယိုင်နဲ့သွားသော တဲလေး၏ လှုပ်ခါရမ်းမှုများကြောင့် ကလေးများလဲ နိုးလာကာ ကြောက်လန့်ပြီး တဲထောင့်သို့ပူးကပ်ကုန်လေတော့သည်။

“ရှင်ဘာဖြစ်လာတုန်း ကိုခင်မောင်
မထိတ်သာမလန့်သာရှိလိုက်တာ ဘာဖြစ်တာတုန်း”

မိအေး ယောင်္ကျားဖြစ်သူကို ပြူးပြူးပြာပြာမေးရင်း အိမ်ဘေးဘက် လမ်းကြားသို့လဲ လှမ်းကြည့် လိုက်သည်။ ကိုခင်မောင် ရေကို အမောတကောသောက်ကာ ပြောမယ်ကြံပြီးမှ

“ဘာမှမဖြစ်ပါဘူးကွာ မင်းတို့ အိပ်ကြတော့”

မိအေးနှင့် ကလေးများ ကြောက်မည်စိုးသောကြောင့် မပြောပဲ နှိုတ်ဆိတ်နေလိုက်တော့သည်။
ထိုစဉ်

“အူးး ဝု ..ဝူးးးးး”

ဆွဲဆွဲငင်ငင် ထအူလိုက်သော ခွေးအူသံကြီးက သူမတို့တဲနံဘေးမှ ကပ်အူလိုက်သကဲ့သို့ အလွန်ပင်ကျယ်လောင်လှသည်။

“”အေးးး””

“အမလေးတော့”

ထိုခွေးအူသံနှင့်ရောကာ မိအေး၏ အမည်ကို အော်ခေါ်လိုက်သော ကျောချမ်းစရာ ကောင်းလှသည့် အေးစက်စက် အက်ကွဲကွဲအသံကြီးအား ကြားလိုက်ရသောအခါ ကိုခင်မောင် နထင်မွှေးများထောင်တက်ကုန်ပြီး မိအေးလဲ ကြောက်လန့်အော်မိကာ မိသားစုများ ပူးကပ်ကုန်လေတော့သည်။

• • • • •

“မိအေး ရွာထဲမှာ အင်္ကျီအဖြူဝတ်ပေးပြီး သဂြိုလ်လိုက်တဲ့ အသုဘများ ရှိလားဟေ”

“မရှိပါဘူးတော် ရွာထဲမှာ ဘာအသုဘမှမဖြစ်ပါဘူး”

“အေး .. ငါလဲ သိပါတယ် ..ငါမသိလိုက်ပဲ ရှိနေသလားလို့ပါ”

“ဘာဖြစ်လို့တုန်း ကိုခင်မောင်ရဲ့ တော့်မေးပုံက ထူးဆန်းလိုက်တာ ညကရော ဘာဖြစ်လာတာတုန်း”

ကိုခင်မောင် ဆော့ကစားနေသော သားသမီးများကို တစ်ချက်ကြည့်လိုက်ပြီး

“မိအေး ငါညက အနောက်ဘက် တောစပ်မှာ သရဲအခြောက်ခံရလို့”

“ဟင် . . ရွာကလူတွေတောင် အရောက်ပေါက်နည်းတဲ့ အဲ့နေရာထိ တော်က ဘာသွားလုပ်တာတုန်း”

“ငါ့လဲ မသွားပါဘူး ဖားရိုက်ရင်း ရိုက်ရင်းနဲ့ ဘယ်လိုရောက်သွားမှန်းကို မသိဘူး တစ်သက်လုံးလဲ အဲ့နေရာက သရဲခြောက်တယ်လို့ တစ်ခါမှ မကြားဖူးခဲ့ပါဘူးကွာ”

မိအေးလဲ ကိုခင်မောင်စကားကြောင့် ညကအဖြစ်ကိုပြန်တွေးရင်း ကြက်သီးများထနေမိလေသည်။

• • • • • • •

{4}

“မိအေးရယ် ညည်းမလဲ နောက်နေ့အဝတ်လာမလျှော်ပါနဲ့တော့
ဗိုက်ကြီးတကားကားနဲ့ မတော်ပါဘူးအေ
ညည်းယောင်္ကျားကို လွှတ်လိုက် နွားစာတွေစဉ်းပြီး ထင်းတွေခွဲခိုင်းရမယ် ကဲ .. ရော့ ဒီမှာ ဆန်၂လုံး ဟော့ဒီမှာ ငွေ၂၀၀”

“ဟုတ်ကဲ့ ကြီးမြ”

• • • • •

ချွေးများက ရေလောင်းထားသကဲ့ ချွဲနစ်နေပြီး သေလုမျောပါး နာကျင်သော ဝေဒနာကို အံတုခံရင်း လုံးထားသောအဝတ်ကို ပါးစပ်တွင်ကိုက်ကာ မိအေးတစ်ယောက် သေမင်းနှင့်စစ်ခင်းနေရသကဲ့သို့ပင်။
ဒီကလေးကျမှ မွေးရပိုခက်ခဲနေသလို ..

“ညှစ်လိုက် .. အားနဲ့ညှစ်ထုတ်လိုက် မိအေး ရတော့မယ် ရတော့မယ်”

“အူဝဲ ..အုဝဲ ..အုဝဲ”

“မွေးပြီ မွေးပြီ ယောင်္ကျားလေးဟေ့”

သားငိုသံကြား၍ မိအေး နာကျင်ပင်ပန်းမှုများကြားမှ အားယူပြုံးလိုက်သည်။

“မိအေး နင့်သားက တစ်တုံးတစ်ခဲ …. ဟင် ..”

လက်သည်ဒေါ်တင် ပြောရင်းဖြင့် ကလေးကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အနှီးထုတ်လေးပွေ့ကာ အခန်းထဲမှထွက်လာသော ဒေါ်တင် လက်ထဲမှ ကလေးအား ခင်မောင်ကို လှမ်းပေးရင်း

“ဟဲ့ .. ခင်မောင် နင့်သား လည်ပင်းကိုကြည့်စမ်းပါအုံး”

ထူးဆန်းသော ဒေါ်တင့်စကားကြောင့် ကိုခင်မောင် ကလေးအားပွေ့ယူ လိုက်ပြီး အနှီးစကို အသာဖြေကြည့်လိုက်ရာ

“ဟာ..”

ကလေး၏လည်ပင်းတွင်
ဦးခေါင်းပိုင်းအား ဖြတ်ပြီး ပြန်ဆက်ထားသကဲ့သို့
နီရဲနေသော ဓားခုတ်ဒဏ်ရာကြီး ပါလာပြီး ထိုဒဏ်ရာတွင် သွေးများပါ စို့နေသည်ကို ထူးဆန်းစွာမြင်တွေ့ လိုက်ရလေသည်။

• • • • • • •

{5}

အငယ်ဆုံး သားဖြစ်သူငြိမ်းအေးသည် ကလေးပီပီ ဆော့ကစားခြင်းမရှိပဲ တစ်ယောက်ထဲအနေအေးလှစွာ အမြဲလိုပင် သူ့လည်ပင်းအား သူစမ်းလျက် တွေးငေးနေတတ်သည်။ အသက်4နှစ်အရွယ်ထိ စကားမပြောသောကြောင့် ခင်မောင်တို့လင်မယားလဲ စိုးရိမ်ပူပန်နေကြသည်။ သို့သော် တစ်ရက်တွင်တော့ . . .

“အဖေ”

အသံသေးသေးလေးကြောင့် အိမ်မိုးရန်သက်ကယ်များ စီနေသော ကိုခင်မောင် မော့ကြည့်လိုက်တော့
သားငယ်လေး ငြိမ်းအေးက သူရှေ့တွင် ရပ်ပြီး မျက်ရည်များကျနေသည်ကို တွေ့ရလေသည်။

“မိအေးရေ.. အမလေး ..လာပါအုံးဟ ငါတို့သားစကားပြောပြီကွ”

အဝတ်လျှော်နေသော မိအေးကို သူ ဝမ်းသာအားရ အော်ခေါ်လိုက်သည်။

“သား ..သားလေး စကားပြောပြီ ဟုတ်လား”

“အမေ”

ငြိမ်းအေးက မိအေးအား အမေဟု ခေါ်လိုက်သောကြောင့်

“အမေတဲ့ ခေါ်ပြီတော့ ကျုပ်တို့ သားလေး စကားပြောပြီ ဝမ်းသာလိုက်တာတော်”

လင်မယားနှစ်ယောက် ပျော်သွားကြသည်။

“အဖေနဲ့ အမေကို သားပြောစရာရှိတယ်”

“ပြောလေ ငါ့သား မင်းဘာလိုချင်လဲ အဖေရအောင်ဝယ်ပေးမယ်”

ငြိမ်းအေး ခေါင်းကို ဖြည်းညှင်းစွာခါရမ်းလိုက်ရင်း

“အဖေ အမေတို့ဆင်းရဲနေတာ သားမကြည့်ရက်ဖူး အကိုအမတွေကိုလဲ အခုလို သူများအိမ်တွေမှာ အလုပ် လျှောက်မလုပ် စေချင်ဘူး”

မျက်ရည်များကျလျက် ပြောနေသော သားကို ကြည့်ကာ ကိုခင်မောင်တို့လင်မယား သဘောကျပြီး ပြုံးသွားလေသည်။

“သားလူပြန်ဝင်စားချင်လို့ အဖေ့ ပြန်အလာကိုစောင့်နေခဲ့ရတာ ၁၅နှစ်တောင် ကြာခဲ့တယ်”

“ဟင်”

“ဘယ်လို”

သားဖြစ်သူပြောစကားကြောင့် ကိုခင်မောင်နှင့်မိအေး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
အလွန်ပင် အံ့အားသင့်သွားကြသည်။

“အဖေ သားနောက် လိုက်ခဲ့”

ပြောရင်းဖြင့် အိမ်ပေါ်မှဆင်းသွားသော
သားကိုထူးဆန်းစွာ ကြည့်နေသော မိအေးအား အသာနေရန် လက်ပြခဲ့ကာ ခင်မောင်တစ်ယောက် သားနောက်မှ လိုက်သွားလေသည်။ ရွာနှင့် အတန်ငယ်ဝေးသော အနောက်ဘက်တောစပ်သို့ ရောက်သောအခါ သားဖြစ်သူညွှန်ပြသော အုံခဲနေသည့် ချုံနွယ်ပိတ်ပေါင်းကြီးအား ကိုခင်မောင် ဓားထက်ထက်ဖြင့် အတန်ကြာအောင် ရှင်းလိုက်ရာ မြေပြင်ပေါ်မှ နွယ်ကိုင်းခြောက်များပေါ်တွင် တင်နေသော ဖြူသောသောကတ္တီပါ အထုတ်တစ်ထုတ်
ကိုတွေ့လိုက်ရလေသည်။

~~~~~~~~~~~~~~~
~~~~~~~~~~~~~~~

{6}

သူစီးလာသော ကားက တုန့်ကနဲထိုးရပ်သွားသောကြောင့်
ပျော်ရွှင်သောစိတ်ကူးတို့ဖြင့် ငိုက်မြည်းစ ပြုနေသောထွန်းခတစ်ယောက် ရှေ့ခုံသို့ နဖူးနှင့် ပစ်ဆောင့်မိကာ တစ်ကားလုံးလဲ အာမေဋိတ်သံများဖြင့် ဖုံးလွှမ်းသွားသည်။

“တစ်ယောက်မှမလှုပ်နဲ့ လှုပ်တဲ့လူအသေပဲ .. အားလုံးမသာပေါ်ကုန်မယ်
ဟာ ..မလှုပ်နဲ့ဆို ကဲကွာ ..ကဲကွာ”

ကားပေါ်သို့ ဓားကိုယ်စီကိုင်ထားသော လူ၆ယောက်ပြေးတက်လာကာ ရှေ့ဆုံးခုံမှ ခရီးသည်နှစ်ဦးအားဆွဲပြီး ဓားနှောင့်ဖြင့် ထုလိုက်ရာ သွေးများချင်းချင်းရဲသွားပြီး ပြိုလဲကျသွားသည်ကို မြင်လိုက်ရသော တစ်ကားလုံးမည်သူမှ မလှုပ်ရဲကြတော့။

“ထွန်းခ ဘယ်မှာလဲ ထွက်ခဲ့စမ်း”

သူ့အမည်ကိုမေးသံကြောင့် နောက်ဆုံးခုံမှ ထွန်းခတစ်ယောက် လက်ထဲမှ အိတ်ကို ကျစ်ကျစ်ပါအောင် ပွေ့ပိုက်ထားမိသည်။

“ကြာတယ်ကွာ ဟေ့ကောင် ထွန်းခ မြန်မြန် ထွက်ခဲ့စမ်း”

ထိုစဉ် ငုတ်တုတ်လေးထိုင်ကာ ဇက်ပုနေသောကားဆရာမှ ကြောက်ကြောက်လန့်လန့်ဖြင့်

“ထွန်း ..ထွန်းခတဲ့ ..ရှိ .. ရှိရင် ဆင်း .. ဆင်းပေးလိုက်ပါဗျာ”

အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောနေသော
ကားဆရာ၏စကားကြောင့် ထွန်းခ အိတ်ကို တင်းတင်းပွေ့ဖက်ရင်း ထိုင်ရာမှ ထလိုက်သည်။
အချီကြီးအောင်လာသူများကိုသာရွေးကာ လုယက်သတ်ဖြတ်နေသူ လူမိုက်ဓားမြခေါင်းဆောင်တီးခေါင်၏ အမည်ကို သူကြားဖူးခဲ့ပေမယ့် ကံဆိုးစွာဖြင့် သူ့ထံ ရောက်လာလိမ့်မည်ဟုတော့ သူမထင်ခဲ့ …

သူ့ကိုမြင်သည်နှင့် တီးခေါင်၏ မျက်လုံးများ ဝင်းလက်သွားပြီး

“မင်းဆင်းနေခဲ့”

တီးခေါင်စကားကြောင့် ကျန်တပည့် လူမိုက်များက သူ့အား ဆွဲချကြလေသည်။
သူကားအောက်ရောက်သည်နှင့်
တီးခေါင်မှ သဘောကျစွာရယ်မောရင်း

“ဟားးဟားးဟားး … ဆွဲဆရာရေ့”

ဟုဆိုလိုက်ရာ ထိုကားမှာ သူ့အားထားခဲ့ပြီး အရှိန်ပြင်းစွာဖြင့် ဝူးကနဲမောင်းထွက် သွားလေတော့သည်။

“ပေးစမ်း မင်းလက်ထဲက အထုတ်”

တီးခေါင်စကားကြောင့် သူအိတ်ကို ပေးမလိုနှင့်ဟန်ဆောင်ကာ
နောက်သို့လှည့်၍ တောအုပ်ထဲသို့ လျှင်မြန်စွာဝင်ပြေးလေတော့သည်။

“ဟာ .. ပြေးပြီ လိုက်ကြစမ်း ဟေ့ကောင်တွေ”

သူပြေးလွှားရင်းနှင့် အိတ်ထဲမှ ကတ္တီပါဖြင့်ထုတ်ပတ်ထားသော အရာတစ်ခုကို ဆွဲထုတ်လိုက်ပြီး ထိုအိပ်ကို ပစ်ချခဲ့လေသည်.

“ဆရာ ဒီမှာ အိတ်တွေ့ပြီ”

“ရှာစမ်း”

တပည့်လူမိုက်က အိတ်ထဲမှပစ္စည်းများအား သွန်ချကာ မွှေနှောက်လိုက်ပြီး

“မတွေ့ဘူး ဆရာ”

“တောက်”

တီးခေါင် ဒေါသကြီးစွာ တက်တစ်ချက်ခေါက်ရင်း သူ့တပည့်အား အားရပါးရဆောင့်ကန်လိုက်ပြီး

“အဲ့ကောင် လွတ်သွားရင် မင်းတို့အသေပဲ ဆက်လိုက်ကြစမ်း”

သူမရပ်မနားပြေးလာတာ ဘယ်နေရာကျွတ်ခဲ့မှန်းမသိသော ဖိနပ်မပါတော့သည့် ခြေဖဝါးတွေကလဲ ကွဲပေါက်ကာ သွေးများထွက်ပြီး အလွန်နာကျင်နေပြီ
ချွေးစီးများဖြင့်လဲ မောပန်းနေပြီ သူဆက်မပြေးနိုင်တော့။ သို့သော် ပစ္စည်းတော့အပါမခံနိုင်
ဘေးဘီဝေ့ကြည့်လိုက်တော့
တစ်နေရာအရောက် သူ့အကြည့်များရပ်တန့်သွားပြီး
ထိုနေရာသို့ သူပြေးလာခဲ့သည်။ လက်ထဲမှ အထုတ်လေးအား ချုံနွယ်ပိတ်ပေါင်းများအတွင်းသို့ ပစ်ထည့်လိုက်ပြီး ဆက်ပြေးမည်အပြု

“ဟိုမှာ.. တွေ့ပြီ ဖမ်းစမ်း”

အသံနှင့်အတူ တီးခေါင်တို့အဖွဲ့ ပြေးလိုက်လာပြီး သူ့နောက်ကျောအား အားနှင့်ကန်ခံလိုက်ရသောကြောင့် သူမှောက်လဲသွားလေသည်။

“ပေးစမ်း မင်း,အောင်လာတဲ့ ကျောက် ဘယ်မှာလဲ”

“မရှိဘူး”

“အာ ..မရှိအုံးကွာ ..ကဲ.. ကဲ”

“ဖုန်း.. ဖုန်း ..ခွပ်.. ဘုန်း”

တုတ်များဖြင့် သူ့အား အဆက်မပြတ်ဝိုင်းဝန်း ရိုက်နှက်ကြလေသည်။အရိုးများကျိုးကြေမတတ် နာကျင်စွာခံစားရပြီး ဦးခေါင်းမှလဲသွေးများ ဖြာကျလာသည်။

“မသေချင်ရင် ထုတ်ပေးစမ်း”

“မရှိဘူး ပြေးရင်းကျခဲ့တဲ့ အိတ်ထဲမှာ ကျန်ခဲ့ပြီ”

“ဟာ.. လိမ်အုံးကွာ ..ကဲကွာ”

“ဖုန်း ..ဖုန်း … အွတ်”

ဝမ်းဗိုက်ပေါ်သို့ ကျရောက်လာသည့် ပြင်းထန်သော ရိုက်ချက်များအား လူးလှိမ့်ခံစားရင်း ပါးစပ်တွင်းမှ သွေးများပွက်ပွက်အန်ကျလာသည်.

“ပစ္စည်း ဘယ်မှာလဲ ပြောစမ်း”

သူအားယူလျက်

“မရှိဘူး.. ရှိလဲမပေးနိုင်ဘူးကွ ..ငါ့ကိုသတ်လိုက်”

“တောက် .. သေခါနီးတောင် ခေါင်းမာနေသေးတယ် မင်းလဲမစံစားရဘူးကွ ဟေ့ကောင်တွေ မင်းတို့အဘကားက ရှေ့နားက မြို့ထဲဝင်လောက်တော့မယ် အချိန်မရှိဘူး ဒီကောင့်ကို သတ်ပစ်လိုက်တော့”

တီးခေါင်စကားကြားသည်နှင့် သူ သေရတော့မည့်အရေးမို့ အားယူကာ ထပြေးနိုင်ရန် ကြိုးစားနေမိသည်။
မျက်လုံးထဲတွင် ဝိုးတဝါးအရိပ်တစ်ခုအား
အားကိုးကြီးစွာ လှမ်းမျှော်ကြည့်မိသည်။
အတော်ခပ်ဝေးဝေးတွင် သူ့တို့ဘက်သို့ တစ်ချက်လှည့်ကြည့်ပြီး
ထွက်ခွာသွားသော သူ့အဖြစ်ကို မသိရှာသည့် နွားကျောင်းသားလေးကို သူအော်ဟစ် အကူအညီ တောင်းခံနေပေမယ့် အသံတို့က ထွက်မလာတော့ . . .
သူ့ဇက်ပေါ်သို့ အသွားထက်ထက်အရာတစ်ခု ကျရောက်လာကာ ဆစ်ကနဲ နာကျင်မှုနှင့်အတူ …

× × × × × × × × ×

[18-နှစ်ခန့်ကြာသော်]

မြို့မျက်နှာဖုံးဖြစ်သော
သူဌေးကြီးကိုခင်မောင်တို့မိသားစုသည် စိတ်သဘောထားကောင်းမွန်ပြီး အလှူအတန်းလဲ အလွန်ရက်ရောကြသည်။

အထူးသဖြင့် ကိုခင်မောင်နှင့်မိအေးတို့၏ အငယ်ဆုံးသားဖြစ်သူ ကိုငြိမ်းအေးတစ်ဖြစ်လဲ
ဦးဇင်း ဦးဥတ္တမ၏ အပတ်စဉ် မွေးနေ့သို့ရောက်တိုင်း အလှူဒါနများအား မပြတ်မကွက် ပြုလုပ်ပေးနေကြသည်မှာ ယနေ့ချိန်ထိပင်ဖြစ်လေတော့သည်။
~~~~~

THE END.

ကျေးဇူးတင်လျက်
Sue Yint Marn

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.