လာမယ့်ဆယ်နှစ်အတွင်း စုံးစမြုပ်ပျောက်ကွယ်သွားတော့မယ့် အလုပ်တွေ

ဒီနေ့ခေတ်ကြီးမှာ အလုပ်ရှာရတာကလည်းတော်တော်ကို ကသိကအောက်နိုင်တဲ့ ကိစ္စကြီးပါ။ လိုအပ်ချက်တွေ၊အသက်ကန့်သတ်ချက်တွေ၊စွမ်းရည်တွေ၊အတွေ့အကြုံဘယ်နှစ်နှစ်ရှိမှ ဆိုတာမျိုးတွေ၊အလုပ်ရှာရတာကမလွယ်ကြောင်း အလုပ်ရှာဖူးသူတိုင်းသိကြပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာကိုပဲ အလုပ်အကိုင်တွေဟာ လာမယ့်ဆယ်နှစ်အတွင်းမှာတဖြည်းဖြည်းနဲ့ ပိုမိုရှားပါးလာတော့မှာပါ။ ဒါတွေရဲ့တရားခံကတော့ အားလုံးသိကြတဲ့အတိုင်းလူသားတွေရဲ့တီထွင်မှုတွေပါပဲ။တီထွင်တဲ့သူတွေကတော့ လူနေမှုဘဝပိုမိုမြင့်မားရေးအတွက်အားကြိုးမာန်တက်တီထွင်ကြတာပဲလို့ဆိုနေပေမယ့် ပိုက်ဆံချမ်းသာတဲ့လူတွေလူနေမှုဘဝမြင့်မားရေးအတွက်တီထွင်တဲ့ပစ္စည်းတွေက အလုပ်သမားလူတန်းစားအတွက် ထမင်းငတ်အောင်လုပ်နေသလိုဖြစ်နေတာတော့ စဉ်းစားစရာပါပဲ။ လောလောဆယ်တော့ ကမ္ဘာအရပ်ရပ်က ပညာရှင်တွေလေ့လာစာရင်းပြုစုထားတဲ့ နောင်လာမယ့်ဆယ်နှစ်အတွင်း စုံးစမြုပ်ပျောက်ကွယ်သွားတော့မယ့် အလုပ်နေရာတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်။

ငွေကိုင်ဝန်ထမ်း၊ Cashiers

Cashiers ဆိုတာ Supermarket လို နေရာတွေမှာ ငွေရှင်းကောင်တာမှာနေရတဲ့အလုပ်ပါ။ လာမယ့်ဆယ်နှစ်အတွင်း Cashiers အလုပ်တွေက ပထမဆုံးပျောက်ကွယ်သွားဖို့ရှိနေပါတယ်။ အကြောင်းကတော့ Amazon Go Store လို Mobile Phone ထဲက App နဲ့ချိတ်ဆက်ပြီးငွေကောက်ခံတဲ့ လုပ်ငန်းတွေဟာ အနောက်နိုင်ငံတွေမှာတွင်ကျယ်နေပြီဖြစ်လို့ပါပဲ။ Cashiers လုပ်နေတဲ့သူတွေကတော့ လိုင်းပြောင်းဖို့လိုနေပါပြီ။

မြို့အဝင်ဂိတ်အလုပ်တွေ

မြို့တစ်မြို့ရဲ့အဝင်ဂိတ်တွေမှာမောင်းတံကိုအတင်အချပြုလုပ်သူတွေ၊ဂိတ်ရုံလေးထဲက လက်မှတ်ဖြတ်တဲ့သူတွေ၊ဒီလိုဝန်ထမ်းနေရာတွေဟာလည်း စောစီးစွာပျောက်ကွယ်သွားဖို့ရှိနေပါတယ်။ ဖွံဖြိုးပြီးနိုင်ငံကြီးတွေမှာဆို ပျောက်ကွယ်စပြုနေပါပြီ။ ဘာကြောင့်လဲဆိုတော့ အလိုအလျောက်ပြုလုပ်တဲ့ Artificial Intelligent နဲ့ တည်ဆောက်ထားတဲ့ စက်ကြီးတွေက သူတို့ရဲ့နေရာကိုဝင်ယူတော့မှာဖြစ်လို့ပါပဲ။

အားကစားပွဲတွေရဲ့ဒိုင်လူကြီိးတွေ

အားကစားပွဲတွေရဲ့ ကစားသမားတွေနေရာမှာ စက်ရုပ်တွေဘယ်သောအခါမှဝင်လို့မရနိုင်မှာသေချာသလောက်ရှိပါတယ်။ဒါပေမယ့် ဒိုင်လူကြီးတွေနေရာမှာတော့ စက်ရုပ်တွေဝင်မလာဘူးလို့အာမခံချက်မရှိပါဘူး။ စက်ရုပ်တစ်ရုပ်က ကစားသမားတွေနဲ့အတူ ကွင်းလယ်မှာပြေးနေတာကိုမြင်ယောင်ကြည့်ဖို့ကတော့ တစ်မျိုးကြီိးပါ။ဒါပေမယ့် စက်ရုပ်တွေက ကွင်းလယ်မှာလိုက်ပြေးနေမှာမဟုတ်ပဲ ကင်မရာအသေးစားလေးတွေကတစ်ဆင့် အခြေအနေကိုအကဲဖြတ်ပေးမှာဖြစ်ကြောင်းသိရပါတယ်။ နည်းပြတွေနေရာမှာ စက်ရုပ်တွေဝင်လာဦးမလားဆိုတာကလည်းအဖြေအတိအကျမရှိသေးတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။

တူးဖော်ရေးအလုပ်သမားတွေ

ကျောက်တောင်တွေမိုင်းခွဲကြရာမှာ၊တူးဖော်ရေးတွေလုပ်ကြရာမှာ တူးဖော်ရေးအလုပ်သမားတွေအများကြီးလိုအပ်ပါတယ်။ ဒီအလုပ်သမားတွေဟာ ခေါင်းပုံဖြတ်မခံရဘူးဆိုရင် လုပ်ခလစာလည်းမျိုးမျိုးမြတ်မြတ်လေးရကြတာကြောင့် ဒီအလုပ်ကိုပင်ပန်းဆင်းရဲစွာလုပ်နေကြတာပါ။ဒါပေမယ့် များမကြာမီိကာလတွေမှာ အဲ့ဒီအလုပ်နေရာတွေဟာလည်း စက်တွေနဲ့အစားထိုးခံရဖို့များနေပါပြီ။

အသင့်စား၊အမြန်ရအစားအစာဆိုင်ဝန်ထမ်းတွေ

အသင့်စား အမြန်ရအစားအစာဆိုင်တွေ Fast food restaurant တွေရဲ့ ဝန်ထမ်းတွေရဲ့အလုပ်တွေဟာလည်း လှုပ်တုပ်တုပ်ဖြစ်နေပါပြီ။မကြာသေးခင်က ဘာဂါရောင်းတဲ့ စက်ရုပ်တစ်ရုပ်ဟာ Flippy ဆိုတဲ့နာမည်နဲ့ပေါ်ထွက်လာခဲ့တာကိုကြည့်ခြင်းအားဖြင့် Fast food ဆိုင်တွေမှာ သေတပန်သက်တစ်ဆုံးဝန်ထမ်းလုပ်ဖို့တွေးနေတဲ့သူတွေအတွက်ကတော့ ဝမ်းနည်းစရာပါပဲ။

ကားဒရိုင်ဘာအလုပ်

ဒါကတော့သိသာပါတယ်။ဒီိခေတ်ကြီးမှာ မောင်းသူမဲ့ယာဉ်တွေအကြောင်းမပါပဲနဲ့ အနာဂတ်ကြီးကိုဆွေးနွေးဖို့မလွယ်ကူဘူးမဟုတ်လား။လောလောဆယ်စမ်းသပ်မောင်းနှင်ဆဲဖြစ်တဲ့ မောင်းသူမဲ့ကားတွေ အောင်မြင်ပြီး ဝယ်ယူရလွယ်ကူလာတဲ့နေ့မှာ ကားဒရိုင်ဘာတွေရဲ့အလုပ်တွေကတော့ ကျောချမ်းစရာဖြစ်လာတော့မှာပါ။အဲ့ဒီိနေ့ကိုရောက်ဖို့ကလည်း နှစ်အနည်းငယ်သာလိုပါတော့တယ်။

စက်ရုံအလုပ်ရုံတွေ

စက်ရုံအလုပ်ရုံတွေကအလုပ်တွေဟာလည်း နေ့ညနှစ်ဆယ့်လေးနာရီအချိန်မရွေးလုပ်နေနိုင်တဲ့ စက်ရုပ်လုပ်သားတွေနဲ့သာ အစားထိုးခံရတော့မှာဖြစ်ပြီး စက်ရုပ်တွေက လခနည်းလို့အလုပ်ချိန်များလို့ဘာဘာညာညာနဲ့ သပိတ်မှောက်ဆန္ဒပြမှာတော့မဟုတ်ပါဘူး။ခုချိန်မှာ တရုတ်ကစက်ရုံအချို့မှာ စက်ရုပ်လုပ်သားတွေကိုစတင်စမ်းသပ်သုံးစွဲနေကြပြီလည်းဖြစ်ပါတယ်။ဒါကြောင့်စက်ရုံအလုပ်ရုံတွေက အလုပ်သမားထုကြီးတွေရဲ့အလုပ်လက်မဲ့အနာဂတ်ကတော့တဖြည်းဖြည်းနီးကပ်လာနေပါပြီိ။

ခုပြောပြသွားတာတွေကတော့ စက်ရုပ်တွေကောင်းမှုနဲ့ နောင်လာမယ့်ဆယ်နှစ်အတွင်း အစအနမကျန်အောင်ပျောက်ရှသွားတော့မယ့် အလုပ်နေရာတွေပဲဖြစ်ပါတယ်။ ဒီလိုစက်တွေတီထွင်ရတဲ့ရည်ရွယ်ချက်က ကာယအလုပ်သမားတွေနေရာမှာစက်တွေကိုအသုံးချလို့ရခြင်းအားဖြင့် အခြားနေရာတွေမှာ လူသားအရင်းအမြစ်ကိုအသုံးပြုလို့ရခြင်းဆိုတဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် စက်တွေကိုတီထွင်တဲ့ညဏ်ကြီးရှင်တွေမစဉ်းစားမိတဲ့အချက်ကတော့ လူတိုင်းဟာသူတို့လိုညဏ်ကောင်းသူတွေမဟုတ်တော့ ညဏ်ရည်ကိုအသာထားပြီးကာယကိုအားကိုးလုပ်စားရတဲ့ သူတွေလည်းရှိနေတယ်ဆိုတာပါပဲ။

Unicode Format

















Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.