နော်သောသွဲ့ထူးထံ စင်္ကာပူအလုပ်ရှင်က လုပ်အားခငွေ ကျပ်သိန်း(၃၀)ကျော် ပြန်လွှဲပေး


တစ်သောင်းတန်ငွေစက္ကူအတုတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ဒိုက်ဦးမြို့နယ် တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ နော်သောသွဲ့ထူး ထံ စင်္ကာပူရှိ သူမအလုပ်ရှင်က ငွေကျပ်(၃၄)သိန်းကျော်ကို ဇန်နဝါရီ(၈)ရက်မှာ ပြန်လွှဲပေးလိုက်တယ်လို့ ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်းက ပြောပါတယ်။ 

အလုပ်ရှင်ဖြစ်သူက နော်သောသွဲ့ထူး နစ်နာခဲ့တဲ့ ငွေကြေးတွေကို အခုလို ပြန်လွှဲပေးလိုက်တဲ့ အတွက် ဝမ်းသာမိတယ်လို့ ဦးလှဝင်းက ပြောပါတယ်။

နော်သောသွဲ့ထူးဟာ စင်္ကာပူနိုင်ငံမှာ (၂၀၁၇)ခုနှစ် ဒီဇင်ဘာလ ကနေ(၂၀၁၈)ခုနှစ် နိုဝင်ဘာလအထိ အလုပ်လုပ်ကိုင်ခဲ့ပြီး ရရှိတဲ့ လုပ်အားခတွေကို အလုပ်ရှင်ဖြစ်သူက စင်္ကာပူက ပုဂ္ဂလိက ငွေလဲဌာနတစ်ခုဆီကနေ လဲလှယ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်ရရှိလာတဲ့ မြန်မာကျပ်ငွေ(၂၉)သိန်းကျော်ကို မြန်မာပြည်ယူဆောင်လာရာမှာ အဲဒီထဲက ငွေစက္ကူအချို့ဟာ အတုတွေဖြစ်နေတဲ့အတွက် ဒီဇင်ဘာ(၆)ရက်မှာ သူမ နေထိုင်ရာ ကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

နော်သောသွဲ့ထူးကို ဒိုက်ဦးမြို့မရဲစခန်း(ပ) ၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်ပြီး ဒိုက်ဦးမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့ကာ ဇန်နဝါရီ(၃)ရက် မှာတော့ တရားရုံးက နော်သောသွဲ့ထူးကို အာမခံပေးခဲ့ တာဖြစ်ပါတယ်။

အဲဒီအမှုကို လာမယ့် ဇန်နဝါရီ(၁၇)ရက်မှာ ဆက်လက်စစ်ဆေးဖို့ ဒိုက်ဦးမြို့နယ် တရားသူကြီးက ပြန်လည် ချိန်းဆိုထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.