Category Archives: ဆောင်းပါးများ

ရိုင်းပြခြင်းဟာ ကူးစက်တတ်ပါသလား

t1larg.tf.cnn.couples.therapy.photog.emily.poster.jpg

ကျွန်တော်တို့ဟာ ရိုင်းပြမှုတွေ၊ စွပ်စွဲမှုတွေကို အချိန်တိုင်းလိုလို ကြုံတွေ့နေရတာပါ။ အဲဒိအကျင့်တွေဟာ ကျွန်တော်တို့ အလုပ်ခွင်နဲ့ နေ့စဉ်ဘဝမှာ အမြစ်တွယ်နေပါပြီ။ မေးစရာရှိတာက အဲဒိအကျင့်တွေက ကျွန်တော်တို့အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်စေနိုင်သလဲ??မကောင်းတဲ့ အမူအရာတွေဖြစ်တဲ့ စိတ်မြန်ခြင်း၊ ဒေါသကြီးခြင်း၊ ကြမ်းတမ်းခြင်းတို့ဟာ အန္တရာယ်ရှိတာ ထင်ရှားပါတယ်။ ဒါပေမယ့် ရိုင်းစိုင်းပြီး ယဉ်ကျေးမှူမရှိတာက ဘယ်လို အန္တရာယ် ရှိပါသလဲ??

လေ့လာမှုတွေအရတော့ ရိုင်းစိုင်းမှုကို ခံစားရတာ၊ အနည်းဆုံး ရိုင်းစိုင်းမှုကို မျက်မြင် တွေ့နေရတာကတောင် အလုပ်လုပ်နိုင်စွမ်း၊ တီထွင်ဉာဏ်နဲ့ အကူအညီပေးလိုမှုတို့မှာ အရမ်း ထိခိုက်စေပါတယ်။ ဒါပေမယ့် အဲ့ဒါနဲ့တင် အဆုံးမသတ်သေးပါဘူး။

ရိုင်းစိုင်းမှုဟာ ကူးစက်တတ်ပါတယ်။ ဆိုလိုတာက ရိုင်းစိုင်းခြင်းဟာ ရိုင်းစိုင်းမှုနဲ့ ကြုံတွေ့ရသူ၊ ရိုင်းစိုင်းမှုကို မျက်မြင်တွေ့ရသူတွေကိုသာ အကျိုးသက်ရောက်စေတာ မဟုတ်ပဲ ဆင့်ပွားအကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ ရိုင်းစိုင်းတဲ့ အပြုအမူ ကြုံခဲ့ရသူတွေဟာ သူတို့ကိုယ်တိုင် ရိုင်းစိုင်းသွားကြပြီး သူတို့နဲ့ ထပ်မံတွေ့ဆုံရတဲ့ လူတွေအပေါ်ပါ ရိုင်းနေဦးမှာပါ။

ဘာကြောင့် ရိုင်းစိုင်းမှုက တစ်ယောက်ကနေ တစ်ယောက် ကူးစက်ကြတာလဲ

စိတ်ခံစားချက်တွေနဲ့ အပြုအမူတွေက ကူးစက်တတ်ပါတယ်။ သင့်ပါတ်ဝန်းကျင်ကလူတွေ ပျော်နေရင် သင်လဲ ပျော်လာမှာပါ။ ပါတ်ဝန်းကျင်ကလူတွေအားလုံး လက်ပိုက်နေရင်၊ ဒူးနှံ့နေရင် သင်လဲ လိုက်လုပ်မိမှာ အသေအချာပါ။

ဒါပေမယ့် အဲ့ဒိအကျိုးသက်ရောက်မှုတွေက သင် အမှတ်တမဲ့ လိုက်လုပ်မိတာပဲဆိုတော့ ရိုင်းစိုင်းမှုက ဘာကြောင့် သင့်ကို ပိုရိုင်းစေလဲဆိုတာ ပြောမပြနိုင်ပါဘူး။ အဲဒိတော့ အဲဒါ ဘာကြောင့် ဖြစ်တာလဲ??

သင် လူမှုရေးလှုံ့ဆော်မှု တစ်ခုခု လုပ်တဲ့အခါ ( ဥပမာ လုပ်ဖော်ကိုင်ဖက်နဲ့ စကားပြောတဲ့အခါ) ဦးနှောက်ရဲ့ နက်ရှိုင်းတဲ့ မသိစိတ်အပိုင်းမှာရှိတဲ့ အသိတစ်ချို့ကို လှုံ့ဆော်ပေးလိုက်ပါတယ်။ အဲဒိ အသိဆိုတာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ ဒေါသ၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ခွန်အားနဲ့ ရိုင်းစိုင်းခြင်းတို့ပါ။ အဲဒိ အသိတွေ ပွင့်လာတာကို ကျွန်တော်တို့ သတိမထားမိပါဘူး။ အဲဒိ အသိတွေထဲက တစ်ခုခု ပွင့်လာရင် ကျွန်တော်တို့ ကမ္ဘာကြီးကို ဆက်ဆံတဲ့ ပုံစံလဲ အသိနဲ့ လိုက်ပါပြောင်းလဲသွားပါတယ်။

ရိုင်းစိုင်းတဲ့ အသိ ပွင့်လာရင် သင် ခံစားရတဲ့ လူမှုရေးလှုံ့ဆော်မှုကို ပိုပြီး ရိုင်းတယ် ထင်လာမှာပါ။ ရိုင်းစိုင်းမှု ခံစားရတဲ့ သူတွေဟာ ပါတ်ဝန်းကျင်က ရိုင်းစိုင်းမှုတွေကို ပိုမို သတိပြုမိလာကြပြီး တစ်လောကလုံးက သူ့ကို ရိုင်းနေတယ်လို့ ထင်လာကြပါတယ်။ အဲဒါကြောင့် သူတို့ကလဲ တုံ့ပြန်ရိုင်းစိုင်းလာရတာပါ။

အဲဒိ ဖြစ်စဉ်က အလိုအလျောက် ဖြစ်တဲ့အရာမို့ ပိုပြီးကြောက်စရာကောင်းတာပါ။ ဦးနှောက်ထဲမှာ အလိုလို ဖြစ်သွားတဲ့ ဖြစ်စဉ်ကို သင် ဘာမှ မထိန်းချုပ်နိုင်ပါဘူး။

တစ်ခုတည်းသောနဲ့ အကောင်းဆုံးနည်းလမ်းကတော့ သင် ဘာပဲ ကြုံရကြုံရ မရိုင်းပါနဲ့။ သင့်ကို လူအားလုံးက စော်ကားနေတာလဲ မဟုတ်ပါဘူး။ အတတ်နိုင်ဆုံး ရိုင်းစိုင်းသူတွေနဲ့ မဆက်ဆံပါနဲ့။ အရိုင်းခံရရင်တောင် ပြန်မရိုင်းဖို့ ကြိုးစားပါ။

သင့်လက်သူကြွယ်က ပြောပြနေတဲ့ သင့်အကြောင်း

hand.jpg

 

သင့်လက်သူကြွယ်ဟာ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေပါတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ လက်သူကြွယ် အရှည်ဟာ သင် အမိဝမ်းတွင်းမှာတုံးက တက်စတိုစတီရုန်းဟော်မုန်း ထိတွေ့ခံရမှု အနည်းအများနဲ့ ဆက်စပ်နေပါတယ်။ အဲဒိ တက်စတိုစတီရုန်းဟော်မုန်းဟာ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးအမူအကျင့်နဲ့ အများကြီး ဆက်စပ်နေပါတယ်။

ဒီမှာ သင့်ကိုယ်သင် စမ်းသပ်ကြည့်နိုင်ပါတယ်။ စားပွဲခုံပေါ်မှာ သင့်ရဲ့လက်ကိုကပ်ထားပြီး သင့်ရဲ့ လက်ညှိုးထိပ်ကနေ စိတ်ကူးနဲ့ မျဉ်းတစ်ကြောင်း ဆွဲကြည့်လိုက်ပါ။

၁. လက်သူကြွယ်က လက်ညှိုးထက် ရှည်နေရင်

ကောင်းပါတယ်။ သင်ဟာ ကြည့်ကောင်းတဲ့၊ ပြိုင်ဆိုင်လိုစိတ်ရှိတဲ့၊ စွန့်စားတတ်တဲ့၊ ဆွဲဆောင်မှုရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူတို့ဟာ ဉာဏ်ကောင်းပြီး ပဟေဠိတွေကို ကောင်းကောင်းဖြေရှင်းတတ်ကြပါတယ်။ သူတို့ဟာ စစ်သားကောင်းတွေ၊ အင်ဂျင်နီယာကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ လက်သူကြွယ်တိုသူတွေထက် ပိုပြီး ငွေရှာကောင်းပါတယ်။

၂. လက်သူကြွယ်က လက်ညှိုးထက် တိုနေရင်

လက်သူကြွယ်တိုသူတွေဟာ ကိုယ့်ဘာသာကိုယ် ယုံကြည်တတ်ပြီး ချီးကျူးဝင့်ကြွားမှု မြင့်မားကြပါတယ်။ သူတို့ဟာ သူတို့ဘာသာ တစ်ယောက်ထဲ အချိန်ဖြုန်းရတာ နှစ်သက်ပြီးတော့ သူတို့ ကိုယ်ပိုင်အချိန်ကို လာနှောင့်ယှက်ရင် စိတ်တိုတတ်ပါတယ်။ အချစ်ကိစ္စမှာ စတင်သူတွေမဟုတ်ပဲ တစ်ဘက်လိင်က စပြီးလှုပ်ရှားလာမှာကို စောင့်တတ်ကြပါတယ်။

၃. လက်ညှိုးနဲ့ လက်သူကြွယ် အရှည်တူနေရင်

လက်ညှိုး လက်သူကြွယ် အရှည်တူတာဟာ ခုဖော်ပြနေတဲ့ လက်ပုံစံ သုံးမျိုးထဲမှာ အကောင်းဆုံးပါ။ သင်ဟာ အေးဆေးငြိမ်သက်မှုကို နှစ်သက်ပါတယ်။ ပြသနာတွေ ရှိတိုင်း မသက်မသာ ခံစားရပါတယ်။ လူတိုင်းနဲ့ တည့်အောင် နေနိုင်ပါတယ်။ ချစ်ဇာတ်လမ်းတွေမှာ သစ္စာရှိပြီးတော့ ယုံကြည်အားထားရသူ ဖြစ်ပါတယ်။ ကြင်နာ နူးညံ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။

ကဲ၊ အခု သင် ဘယ်အမျိုးအစားထဲမှာ ပါလဲဆိုတာ သိပါပြီ။ သင်ရရှိထားတဲ့ အမျိုးအစားကို ကြိုက်ပါသလား။ တခြားတစ်ခုမှာ ပါချင်ပါသလား။

သူစိမ်းတွေက ချက်ချင်းခင်မင်သွားစေမည့် နည်းလမ်း(၇)ခု

friendship-135a.jpg

သူစိမ်းတွေက ချက်ချင်းခင်မင်သွားစေမည့် နည်းလမ်း()ခု

ခင်မင်ရင်းနှီးမှုမရှိသေးတဲ့ လူစိမ်းတွေနဲ့ တွေ့ဆုံမှုဟာ နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူမှုဆက်ဆံရေးထူးချွန်သူတွေအတွက်ကတော့ သူစိမ်းတွေနဲ့တွေ့ဆုံရတာဟာ မိတ်ဆွေအပေါင်းအသင်းတိုးပြီး ပျော်စရာကိစ္စတစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့အများစုကတော့ တစ်စုံတစ်ယောက်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံရာမျာ စိုးရိမ်မှုအနည်းနဲ့အများဆိုသလို ရှိတတ်ကြပါတယ်။ သူစိမ်းတွေနဲ့ တွေ့ဆုံရာမှာ အရေးအကြီးဆုံးက ဦးဆုံးအမြင်လှနေဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးက တစ်ယောက်ယောက်နဲ့ စတင်တွေ့ဆုံလိုက်ချိန်မှာကတည်းက နှစ်လိုဖွယ်ရာဖြစ်ပြီး ခင်မင်သွားစေချင်တတ်ကြပါတယ်။ ဒီအတွက်တော့ မပူပါနဲ့။ သင့်ကိုတွေ့လိုက်တာနဲ့ ခင်မင်သွားစေနိုင်မယ့် အချက်()ချက် ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ပြုံးပြပါ။

အပြုံးတွေက အရေးကြီးပါတယ်။ တစိမ်းတစ်ယောက်နဲ့ တွေ့ဆုံချိန်မှာ မျက်နှာပေါ်မှာ ရိုးသားပွင့်လင်းတဲ့ အပြုံးလေးတစ်ခု ရှိနေဖို့လိုပါတယ်။ ဒီလိုဆိုရင် သင်ဟာ ခင်မင်ရင်းနှီးတတ်သူ၊ ဟိတ်ဟန်မများသူအဖြစ် တဖက်သူကသိရှိပြီး အခြေအနေတွေကောင်းသွားပါလိမ့်မယ်။ ဒါ့အပြင် သင်ဟာ နှစ်လိုဖွယ်ရာကောင်းပြီး ခင်ချင်စရာကောင်းသူလည်း ဖြစ်လာပါလိမ့်မယ်။ နောက်ထပ် အပိုဆုအနေနဲ့ကတော သင်ပြုံးလိုက်တာနဲ့ သင့်ကို ပိုပြီးပျော်ရွှင်တယ်လို့ ခံစားရစေတဲ့ ဓာတုပစ္စည်းတွေကို ဦးနှောက်က ထုတ်လွှတ်ပေးပါတယ်။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက်စလုံးအတွက် တင်းကျပ်မှုမရှိပဲ သက်တောင့်သက်သာနဲ့ စကားပြောဆိုနိုင်မှာဖြစ်ပါတယ်။

၂။ တဖက်သူအမည်ကို မကြာခဏထည့်ပြောပါ။

လူတွေက သူတို့ရဲ့အမည်ကို ကြားရတာကို နှစ်သက်သဘောကျပါတယ်။ တဖက်သူရဲ့အမည်ကို သိပြီဆိုတာနဲ့ စကားပြောနေချိန်အတွင်းမှာ သဘာဝကျကျလိုအပ်တဲ့နေရာမှာ ထည့်ပြောပေးပါ။ အလွန်အကျွံကြီးလည်း မပြောမိပါစေနဲ့။ ဒီလို အမည်ကို ထည့်ပြောပေးခြင်းအားဖြင့် တဖက်သူက သင့်ကို ပိုပြီး ခင်မင်လာမှာဖြစ်သလို သူ့နာမည်ကိုလည်း သင်မှတ်မိဖို့ လွယ်ကူစေပါတယ်။ နောက်တစ်ခါနာမည်မှားခေါ်မိမှာ စိုးရိမ်စရာမလိုတော့ပါဘူး။

၃။ ပေါ့ပေါ့ပါးပါး စကားစပြောပါ။

တစ်ခါတစ်လေမှာ သူစိမ်းတစ်ယောက်ကို စကားစပြောဖို့က ခက်နေတတ်ပါတယ်။ ဒီလိုဆိုရင် ပေါ့ပေါ့ပါးပါး အကြောင်းအရာလေးတွေနဲ့ စတင်သင့်ပါတယ်။ မိုးလေ၀သအခြေအနေ၊ ပတ်ဝန်းကျင်အနေအထား စသဖြင့် အကြောင်းအရာလေးတွေက လူမှုဆက်ဆံရေးကို အထောက်အကူပြုပေးနိုင်ပါတယ်။ ရယ်မောပျော်ရွှင်စရာ ကိစ္စတစ်ခုနဲ့ စတင်မယ်ဆိုရင်တော့ လူချစ်လူခင်များ ပိုများနိုင်ပါတယ်။ ဒါ့ကြောင့် ရယ်စရာကောင်းတဲ့ အကြောင်းအရာလေးတွေ စုထားပြီး ပြင်ဆင်ထားပါ။ တစ်ခုသတိထားရမှာက ရယ်စရာတွေချည်းပဲ လျှောက်ပြောနေလို့လည်း မကောင်းဘူးဆိုတာပါပဲ။

၎။ ခန္ဓာကိုယ်အနေအထား ပွင့်လင်းပါ။

ဟန်ပါပါနဲ့ စကားပြောတာက စကားလုံးတွေထက် ပိုထိရောက်ပါတယ်။ ကိုယ်နေဟန်တွေ၊ လက်လှုပ်ရှားမှုတွေ စသခြင့် ခန္ဓာဗေဒဘာသာစကားကို လိုအပ်သလို သုံးတတ်တာက သင်ကို လူတွေမှတ်မိခင်မင်နေစေနိုင်တဲ့ အကြောင်းအချက်တစ်ခု ဖြစ်ပါတယ်။ အကောင်းဆုံးအနေအထားတစ်ခုကိုပြောပြပါမယ်။ လက်ပိုက်ထားတာ၊ ဘောင်းဘီအိတ်ထဲလက်ထည့်ထားတာတွေ မလုပ်ပါနဲ့။ ရင်ကိုအတန်သင့်ဖွင့်ထားပါ၊ ခြေထောက်တွေကို အနည်းငယ်ချဲထားပါ။ ရင်အုပ်နဲ့ ဦးခေါင်းက တဖက်သူနဲ့ တည့်မတ်စွာရှိနေပါစေ။ စကားပြောနေတုန်း မျက်လုံးချင်းဆုံပြီး ပြောပါ။

၅။ လက်ဟန်အနေအထားများ ဖြည့်စွက်ပါ။

စကားပြောရင် လက်ဟန်အနေအထားတွေ အသုံးပြုတာဟာ သင်ပြောတဲ့အကြောင်းအရာကို ပိုမိုပြည့်စုံစေမှာ ဖြစ်ပါတယ်။ လက်ဟန်တွေသုံးခြင်းဟာ သင်ကို စွမ်းအားပြည့်ပြီး စိတ်အားထက်သန်သူအဖြစ် အများက မှတ်မိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ဟန်သုံးတတ်လေလေ၊ လူတွေက စိတ်ဝင်စားမှုမြင့်လေပဲ ဖြစ်ပါတယ်။ အရမ်းရှုပ်ယှက်ခတ်နေအောင်တော့ မသုံးသင့်ပါဘူးဆိုတာ သတိထားပါ။

၆။ သူတို့အကြောင်းပြောခိုင်းပါ။

လူတွေက ကိုယ့်အကြောင်းကို ပြောရတာ သဘောကျပါတယ်။ အထူးသဖြင့် သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးတွေဆို ပိုပြောချင်ပါတယ်။ သူစိမ်းတစ်ယောက်က သင့်ကိုသဘောကျသွားစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူ့အကြောင်းပြောလို့ရစေမယ့် မေးခွန်းလေးတွေမေးပေးဖို့ပါပဲ။ ပြီးရင် သူတို့ ဘ၀မှာ ဘာကိုစိတ်ဝင်စားမှုရှိလည်းဆိုတဲ့အကြောင်းအရာဆီကို စကားလမ်းကြောင်းဦးတည်သွားပြီး ဒီအကြောင်းကို ကြာကြာပြောပေးပါ။ သူတို့ပြောတာကို အာရုံစိုက်ထားပြီး လိုအပ်တဲ့မေးခွန်းတွေ ထောက်ပေးပါ။

၇။ လူတိုင်းကိုစကားပြောပါ။

ဒီအချက်က နည်းလမ်းတော့ သိပ်မကျပါဘူး။ ဒီအချက်က ပထမဆုံးတွေ့ဆုံချိန်မှာ ချက်ချင်းသုံးလို့မရပါဘူး။ တကယ်တော့ သင့်ရဲ့နေ့စဉ်ဘ၀မှာ မွေးမြူထားသင့်တဲ့ အလေ့အကျင့်တစ်ခုလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ ဘတ်စ်ကားပေါ်မှာ၊ လမ်းပေါ်မှာ၊ စားသောက်ဆိုင်ထဲမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ သူစိမ်းတွေနဲ့ စကားပြောကြည့်ပါတယ်။ ဒီလိုနဲ့ သူစိမ်းတွေနဲ့ စကားပြောတာကို ကျွမ်းကျင်လာပါလိမ့်မယ်။ သင့်ကိုယ်သင် မိတ်ဆက်ပြီး စကားစပြောနိုင်တဲ့ စွမ်းရည်တိုးတက်လာမှာဖြစ်ပြီး၊ မရင်းနှီးသူတွေနဲ့ စကားပြောရမှာ ကြောက်စိတ်တွေကိုလည်း ဖယ်ရှားနိုင်လာမှာဖြစ်ပါတယ်။

တဖက်သူက မြင်မြင်ချင်းအထင်ကြီးပြီး သဘောကျသွားဖို့ကို စိတ္တဇဖြစ်မနေပါနဲ့။ သင် ထင်ထားတာထက် ပိုလွယ်ပါတယ်။ သူစိမ်းတစ်ယောက်အတွက် သင့်ကလည်း သူစိမ်းတစ်ယောက်ဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။ ဒီအချက်တွေကို သုံးပြီး အားလုံးရဲ့ချစ်ခင်မှုကို ရယူလိုက်ပါ။

ပြောဆိုဆက်ဆံရာတွင် မသုံးသင့်သည့် စကားများ

images

ကျွန်တော်တို့အများစုက တဖက်သူကို နားလည်မှုလွဲသွားစေနိုင်မယ့် စကားတွေကို ပြောမိတတ်ကြပါတယ်။ ဒီလိုဖြစ်ရတာဟာ ကျွန်တော်တို့ပြောလိုက်တဲ့စကားရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး သတိမထားမိလို့ ဖြစ်ပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေကို နားလည်နိုင်ဖို့အတွက်က တစ်ဖက်သူရဲ့ စိတ်ခံစားမှုနဲ့ အတွေ့အကြုံကို ခန့်မှန်းနိုင်တဲ့ Social Awareness ရှိဖို့ လိုအပ်ပါတယ်။ လူသန်းပေါင်းများစွာရဲ့ စိတ်ခံစားသိမှတ်မှုစွမ်းရည် (Emotional Intelligence)ကို လေ့လာစမ်းသပ်ခဲ့ရာမှာ အများစုဟာ Social Awareness မရှိတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ Social Awareness မရှိတဲ့အတွက် ကိုယ်ပြောလိုက်တဲ့စကားက တဖက်သားကို ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာကို မတွေးနိုင်ပဲ နောက်ထပ် ဘာဆက်ပြောရမလဲဆိုတာကိုပဲ စဉ်းစားနေတတ်ကြပါတယ်။ ဒီလိုမဖြစ်အောင် Social awareness တိုးတက်ကောင်းမွန်လာဖို့အတွက် သင်စကားပြောဆိုတဲ့အခါမှာ အနည်းငယ်ထိန်းချုပ်ပြုပြင်လိုက်ရုံနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒါ့ကြောင့် EQ ကောင်းပြီး လူမှုဆက်ဆံရေးအောင်မြင်သူတွေ ပြောလေ့ပြောထမရှိတဲ့ စကားတွေကို စုစည်းထားပါတယ်။ ဒီစကားတွေကို သတိထားပြီး မပြောမိအောင် ဆင်ခြင်သင့်ပါတယ်။

၁။ မင်း ပင်ပန်းနေပုံရတယ်။

ပင်ပန်းနွမ်းနယ်နေသူတွေက ရင်ထဲမှာ ပန်းတွေပွင့်နေတာမဟုတ်ပါဘူး။ မျက်တွင်းတွေကျ၊ ဆံပင်တွေ ဖွာလန်ကျဲပြီး အာရုံစူးစိုက်နိုင်စွမ်းနည်းနေတတ်ပါတယ်။ ပင်ပန်းနေသူတွေက ပြောချင်ဆိုချင်စိတ် နည်းနေတတ်သလို အားလုံးကို ကျွဲမြီးတို အလိုမကျဖြစ်နေတတ်ပါတယ်။ တစ်ယောက်ယောက်ကို သွားပြီး ပင်ပန်းနေပုံပဲလို့ ပြောလိုက်တာက အပေါ်ကပြောခဲ့တာတွေ ဖြစ်နေတယ်လို့ သွယ်ဝိုက်ပြောလိုက်သလိုပါပဲ။ ဒီလိုပြောမယ့်အစား အဆင်ပြေရဲ့လားလို့ မေးသင့်ပါတယ်။ ဒီလိုမေးလိုက်တဲ့အတွက် သူ့ကို ဂရုစိုက်ရာရောက်ပြီး ဝေမျှခံစားပေးလိုကြောင်း ဖော်ပြသလိုဖြစ်စေပါတယ်။

၂။ ၀ိုး.. မင်း အတော်ကို ပိန်သွားတာပဲ

ဒီလိုပြောတာက အခန့်မသင့်ရင် တစ်ဖက်သူက ခန္ဓာကိုယ်ပြည့်ဖြိုးနေတုန်းက လှပြီး အခုကျတော့ ဆွဲဆောင်မှု မရှိတော့သလို ခံစားသွားရစေပါတယ်။ ဒီလိုပြောမယ့်အစား မင်း လန်းနေပါလား လို့ သုံးပါ။ ဒါဆိုရင် အရင်က ပုံစံနဲ့ အခုပုံစံကို နှိုင်းယှဉ်သလိုလည်း မဖြစ်သလို ကြည့်ကောင်းနေကြောင်း ချီးကျူးရာလည်း ရောက်ပါတယ်။

၃။ မင်းက ဘယ်လိုပဲဖြစ်ဖြစ် သူမအတွက် ကောင်းလွန်းပါတယ်

ချစ်သူစုံတွဲတွေထဲက တစ်ယောက်ယောက်ကို ဒီလိုသွားပြောလိုက်ရင် တစ်ဖက်သူအတွက် အရွေးမှားခဲ့သလိုကြီး ခံစားသွားရစေပါတယ်။ ဒီလိုပြောမယ့်အစား မင်းကို ကြွေသွားတာနေမှာပေါ့ လို့ ပြောတာက အပြုသဘောနဲ့ လိုက်ဖက်ကြောင်းထောက်ခံလိုက်တာ ဖြစ်ပါတယ်။

၎။ အမြဲတမ်း…. (သို့) ဘယ်တော့မှ

ဘယ်သူကမှ ကိစ္စတစ်ခုကို အမြဲတမ်းလုပ်နေတာ၊ ဘယ်တော့မှမလုပ်ဘူးဆိုတာ မရှိပါဘူး။ လူတွေကို ပုံသေတွက်ထားလို့ မရပါဘူး။ အမြဲတမ်းတို့၊ ဘယ်တော့မှ တို့လို စကားလုံးတွေ သုံးပြီးပြောမယ်ဆိုရင် လူတွေကို စိတ်ပျက်စေပြီး သင်ပြောချင်တဲ့အကြောင်းအရာကို လက်ခံမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ဖက်သားရဲ့ ဘယ်လိုအပြုအမူမျိုးက ပြဿနာဖြစ်နေတယ် ဆိုတာကို ချက်ကျလက်ကျထောက်ပြတတ်ဖို့ လိုပါတယ်။ ဒီကြားထဲကမှ ဆက်လုပ်နေသေးရင် မင်းဒီလို ခဏခဏလုပ်နေသလိုပဲနော် (ဒါမှမဟုတ်) မင်း လုပ်လွန်းလို့ ငါတောင် မှတ်မိနေပြီဆိုတာမျိုးလေး ပြောပြီး သတိပေးနိုင်ပါတယ်။

၅။ မင်းအသက်အရွယ်နဲ့ ကြည့်လို့ကောင်းတယ်

မင်းအရွယ်နဲ့ဆိုတဲ့စကားက သုံးဖို့ မသင့်တော်ပါဘူး။ ဘယ်သူကမှ တခြားရွယ်တူတစ်စုံတစ်ယောက်နဲ့ ခိုင်းနှိုင်း ပြောတာမျိုကို မနှစ်သက်ပါဘူး။ ဒါ့ကြောင့် မင်း ကြည့်ကောင်းနေတယ် ဆိုတာလောက်နဲ့တင် လုံလောက်ပါတယ်။

၆။ ခုနက ပြောခဲ့သလိုပဲ …….

ကျွန်တော်တို့အားလုံးက အချိန်နဲ့အမျှ မေ့တတ်လျော့တတ်ကြပါတယ်။ ဒီအတွက် အစပြန်ဖော်တဲ့အနေနဲ့ ခုနက ပြောခဲ့သလိုပဲဆိုပြီး ပြန်ပြောတာက သင့်ကို စိတ်ဝင်တစားနဲ့နားထောင်နေသူတွေကို မလေးစားရာရောက်ပါတယ်။ ဒီလိုပြောမယ့်အစား နောက်တစ်ခါပြန်ပြောဖို့အကြောင်းရှိလာရင် ပိုပြီးတော့ ရှင်းရှင်းလင်းလင်းနဲ့ စိတ်ဝင်စားစရာကောင်းအောင် ပြောကြည့်ပါ။

၇။ ကံကောင်းပါစေ

ဒီစကားက အဓိပ္ပါယ်တွေ အများကြီးထွက်ပါတယ်။ ကမ္ဘာပျက်မတတ်ဖြစ်နေတာမျိုးမဟုတ်ရင် တစ်ယောက်ယောက်ကို ကံကောင်းပါစေလို့ မပြောသင့်ပါဘူး။ ဒီလိုပြောတာက သူတို့ကံကောင်းမှပဲ အောင်မြင်နိုင်မယ်လို့ ပြောလိုက်သလိုပါပဲ။ ဒီအစား မင်းလုပ်နိုင်မယ်ဆိုတာ ငါသိတယ်လို့ ပြောပါ။ ဒီစကားက ကံကောင်းပါစေလို့ ဆုတောင်ပေးတာထက် ပိုကောင်းပြီး တစ်ဖက်သူကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်စေဖို့ ယုံကြည်မှုတွေ တိုးပွားစေပါတယ်။

၈။ ဒါက မင်းအပေါ်မှာ မူတည်တယ်။ မင်းသဘောပဲ လုပ်ချင်တာလုပ်

သင့်ရဲ့ ထင်မြင်ယူဆချက်၊ အကြံဉာဏ်ကို တောင်းလာတာကို ဒီလိုပြောမယ်ဆိုရင် မသင့်တော်ပါဘူး။ ငါလည်း ဘယ်လိုပြောပေးရမှန်း မသိဘူး။ ဒါပေမယ့် မင်းစဉ်းစားကြည့်သင့်တာတွေက ဆိုပြီး အကောင်းအဆိုးကို ဆင်ခြင်ပြတာက အကြံဉာဏ်တောင်းလာသူကို ဂရုစိုက်ကြောင်း ဖော်ပြရာရောက်ပါတယ်။

၉။ ကောင်းပြီလေ၊ အနည်းဆုံးတော့ ငါ ……

ဒီလိုစကားခံပြီး ကိုယ့်ရဲ့အပြစ်ကို ပေါ့အောင် ပြောတတ်ကြပါတယ်။ ဒီစကားက ကိုယ့်အပြစ်အတွက် တခြားသူနဲ့ နှိုင်းယှဉ်ပြီး တစ်ဖက်သူလောက်မဆိုးပါဘူးလို့ ထောက်ပြတာဖြစ်ပါတယ်။ ဒီလိုပြောတာထက် ငါ တောင်းပန်ပါတယ်။ ငါ့အမှားပါလို့ ၀န်ခံလိုက်တာက အကောင်းဆုံးဖြစ်ပါတယ်။ အပြစ်ကို ၀န်ခံတာက နောက်ဆက်တွဲကိစ္စတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

ဆုံရသူတိုင်းနှင့် အဆင်ပြေစေမည့် လျို့ဝှက်နည်းလမ်းတစ်ခု

MeetNewPeople-e1441064924741.jpg

ကျွန်တော်တို့မှာ နားနှစ်ဖက်ရှိပြီး လျှာတစ်ချောင်းသာ ပါတဲ့အတွက် များများနားထောင်ပြီး နည်းနည်းပဲပြောပါလို့ ဂရိတွေးခေါ်ပညာရင် Diogenes Laertius က ပြောခဲ့ဖူးပါတယ်။ Diogenes ပြောသလိုပါပဲ။ သင့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေအပါအ၀င် ဘယ်သူတွေနဲ့ပဲဖြစ်ဖြစ် ခဏတွင်းချင်းမှာ ဆက်သွယ်မှုကောင်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ပါးစပ်ပိတ်ပြီး နားထောင်နေရုံပါပဲ။

ကြားခြင်း နှင့် နားထောင်ခြင်း

နားထောင်ခြင်းရဲ့အနှစ်သာရကို အမှန်တကယ်နားလည်သူ လူနည်းစုလောက်ဟာ သူတို့ရဲ့ ပုဂ္ဂိုဟ်ရေးဘ၀မှာရော ပရော်ဖက်ရှင်နယ်ပိုင်းမှာပါ ကြီးကြီးမားမားအကျိုးကျေးဇူးတွေ ခံစားကြရပါတယ်။ သင့်ရဲ့မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် သင့်ပါတနာနဲ့ စကားပြောခဲ့ကြတာတွေကို ပြန်စဉ်းစားကြည့်ပါ။ စကားအများဆုံးပြောတဲ့သူက ဘယ်သူပါလဲ ? သင်ဆိုရင်တော့ ဒီစာကို ဆုံးအောင် ဆက်ဖတ်ပါ။ မဟုတ်ဘူးဆိုရင်လည်း ဆက်ဖက်ပါ။

လေ့လာမှုတွေအရ လက်ရှိအသက်မွေးဝမ်းကျောင်းအလုပ်တွေထဲက ()ရာခိုင်နှုန်းလောက်ကပဲ ဘယ်လိုနားထောင်ရမယ်ဆိုတာကို သင်ကြားခဲ့ကြရတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ဟာ တစ်မိနစ်မှာ စာလုံး (၁၂၅)လုံးကနေ (၂၅၀)လောက်အထိ နားထောင်ကြရပါတယ်။ ဒါပေမယ့် တစ်မိနစ်အတွင်းမှာ စဉ်းစားရတဲ့ စာလုံးအရေအတွက်ကတော့ (၁၀၀၀)ကနေ (၃၀၀၀)အထိ ရှိပါတယ်။ တစ်စုံတစ်ယောက်နဲ့ စကားပြောဆိုရတဲ့ အဓိကအချက်က အချင်းချင်းအပြန်အလှန် ဆက်သွယ်နားလည်ဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ လွဲမှားနေကြတဲ့ အမှန်တရားတစ်ခုက ကျွန်တော်တို့အများစုက တုံပြန်ပြောဆိုဖို့လောက်ပဲ နားထောင်ကြားသိကြပြီး နားလည်သည့်အထိ နားမထောင်တတ်ကြတာပဲဖြစ်ပါတယ်။

သတင်းအချက်အလက်က စွမ်းအားဖြစ်ပါတယ်။ သတင်းအချက်အလက်တွေမှာ စွမ်းအားပြည့်ဝတဲ့ အကျိုးသက်ရောက်မှုတွေရှိတာကြောင့် သတင်းအချက်အလက်များများရရှိဖို့ အချိန်ကို ဉာဏ်ရှိရှိအသုံးချတတ်ဖို့ လိုပါတယ်။ ကျွန်တော်တို့အချိန်ကို အခြားလူတွေဆီက သင်ယူဖို့ အသုံးပြုသင့်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကပဲဖြစ်ဖြစ် လူတိုင်းမှာ ကျွန်တော်တို့ကို သင်ကြားပြသပေးနိုင်တာတစ်ခုခုတော့ ရှိနေတတ်ပါတယ်။

စကားပြောခြင်း နှင့် နားထောင်ခြင်း

စကားပြောတာနဲ့ နားထောင်တာကို ပိုင်းခြားဖို့အတွက် (၈၀/၂၀) အချိုးကို အသုံးပြုလို့ရပါတယ်။ အဓိပ္ပါယ်က ကောင်မလေးနဲ့ ချိန်းတွေ့ချိန်မှာပဲဖြစ်ဖြစ်၊ အများသူငှာနဲ့တွေ့ဆုံချိန်မှာပဲဖြစ်ဖြစ် နားထောင်ချိန်ကို (၈၀)ရာခိုင်နှုန်းပေးပြီး စကားပြောချိန်ကို (၂၀)ရာခိုင်နှုန်းလောက်သာ သတ်မှတ်ထားရှိတာဖြစ်ပါတယ်။ အားလုံးက စကားပြောတာရပ်သွားပြီး သင့်ရဲ့အတွေးဝေမျှမှုကို နားထောင်နေတာမဟုတ်ရင် စကားကို နည်းနည်းပဲပြောပြီး များများနားထောင်တာက ဘယ်သူနဲ့မဆို ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

သင်ပြောသမျှအရာအားလုံးကို နားလည်ပုံရပြီး သင်တစ်ယောက်တည်းအခန်းထဲမှာ ရှိနေသလို ခံစားရအောင် လုပ်နိုင်သူတွေကို ကြုံဖူးပါသလား၊ သူတို့တွေက ခေါင်းလေးတညိမ့်ညိမ့်နဲ့ သင်ပြောပြီးသားကိစ္စတွေကို ပြန်ပြောတတ်သလို သင်ဖြစ်ရပ်နဲ့ ဆင်တူတဲ့ အကြောင်းအရာလေးတွေကို ဝေမျှတတ်ကြပါတယ်။ စကားပြောဆိုမှုတစ်ခုလုံးမှာ သူတို့နှုတ်ကနေ စကားလုံး (၅၀)ခန့်လောက်အထိပဲ ထွက်လာတတ်ပါတယ်။ သူတို့က သင့်နဲ့ တူညီတဲ့အကြောင်းအရာလေးတွေကို ဝေမျှပေးခဲတာကြောင့် ပုဂ္ဂိုဟ်ရေးအရဆွဲဆောင်နိုင်မှု ရှိတတ်ကြပါတယ်။

အခုပြောခဲ့တာတွေက စကားနည်းနည်းပြောပြီး နားထောင်တာဟာ အရမ်းလွယ်တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဦးဆောင်ရမယ့် ခေါင်းဆောင်တိုင်းအတွက်ကတော့ နားထောင်တတ်ဖို့ လိုအပ်ပါတယ်။ လူတစ်ချို့က သင်ဘယ်လောက်ထိကောင်းကောင်းပြောတတ်လဲဆိုတာကို အထင်ကြီးလေးစားတတ်ကြပေမယ့် လူတွေ တကယ်ဂရုစိုက်တတ်ကြတာက သင်ဘယ်လောက်အထိ ကောင်းကောင်းနားထောင်တတ်သလဲ ဆိုတာကိုပဲ ဖြစ်ပါတယ်။

သင် ဘယ်နေရာကိုပဲ ရောက်နေပါစေ၊ သင့်ထက် အတွေ့အကြုံတွေ ပိုရှိတဲ့သူတစ်ယောက်ယောက်တော့ ရှိနေမှာ သေချာပါတယ်။ ဒါ့ကြောင့် သင့်ရဲ့နားကို စွင့်ထားပြီး သင့်ရှေ့ကလူကို ရိုကျိုးစွာဆက်ဆံပါ။ တစ်ခုသတိထားရမှာက သင့်ရဲ့ဖုန်းကြောင့်လည်း အနှောက်အယှက်အဖြစ်မခံဖို့ပါပဲ။

သစ်ပင်အကြောင်း သင်မသိသေးတဲ့ အချက် (၇) ချက်

oak-tree.jpg

ကျွန်ုပ်တို့ သစ်ပင်တွေရဲ့ အရိပ်အာဝါသကို မက်မောတောင့်တပြီး သူ့တို့အလှတရားကို သဘောကျကြပေမယ့် သစ်ပင်တွေအကြောင်းတော့ သိပ်သတိမထားမိကြပါဘူး။ ဒါ့ကြောင့် ဗဟုသုတဖြစ်ဖွယ် သစ်ပင်လောကအကြောင်း လျို့ဝှက်ဆန်းကြယ်တဲ့အရာတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ သစ်ပင်တွေ အထီး၊ အမဖြစ်နိုင်သလို့ နှစ်ခုစလုံးလည်း ဖြစ်နိုင်တယ်။

၂။ သစ်ပင်တွေဟာ လူတွေ အသက်ရှုခြင်းနဲ့ ဝင်သက်ထွက်သက်အတွက် ကောင်းကျိုးပြုသောအရာတွေ ဖြစ်ကြပါတယ်။

၃။ သစ်ပင်တွေက ကောင်းမွန်တဲ့ အသိုက်အဝန်းတစ်ခု ဖန်တီးဖြစ်ပေါ်စေနိုင်ပါတယ်။

၎။ တချို့သစ်ပင်တွေ ရန်သူ သားရဲ တိရိစ္ဆာန်တွေရဲ့ရန်ကို ကာကွယ်တားဆီးဖို့ အဆိပ်သင့်ဓာတုပစ္စည်းတွေ ထုတ်လွှတ်ပါတယ်။

၅။ ဒီသစ်ပင်တွေဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး သက်ရှိတွေထဲ ပါဝင်ပါတယ်။

၆။ အရေးစိုက်ပေးခြင်းက သစ်ပင်ကို ပိုမိုကြံ့ခိုင်သန်မာစေပါတယ်။

၇။ မှိုတွေက သစ်ပင်တွေ ရှင်သန်ပေါက်ရောက်စေတဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။

Ref: RD

ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ မဖြစ်ဖို့

အစိုးရ အဆက်ဆက် ဘယ်လောက်ပဲ အကြံပေးပေး၊ ဝေဖန်ဖန် အခုအချိန်အထိ ဘာမှလုပ်မရတာ ပြည်သူ့အချစ်တော် အသံချဲ့စက်လို့ ပြောရမလားပဲ။ 

အစိုးရသစ် လက်ထက်မှာ အသံချဲ့စက်ကို ထိန်းချုပ်ဖို့ စည်းမျဉ်း၊ စည်းကမ်းသဘောမျိုးနဲ့ ကြေညာချက် အသစ်ထုတ်တယ်ကြားတော့ ဝမ်းသာအားရ ဖြစ်သွားပေမယ့် ထွက်လာတဲ့ စည်းကမ်းကိုကြည့်ပြီး ဘာပြောရမှန်းတောင် မသိဘူး ဖြစ်သွားတယ်။

လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းရေးအတွက် စည်းကမ်းဥပဒေနဲ့ ထိန်းတာမှန်ပေမယ့် စည်းကမ်းဥပဒေ ချိုးဖောက်ရင် ခံရမယ့် အပြစ်ဒဏ်ဆိုတာ ကျူးလွန်တဲ့ ပြစ်မှုအပေါ် မူတည်ပြီး နောက်တစ်ကြိမ် မကျူးလွန်ရဲအောင်၊ နောင်ကြဉ်သွားအောင် ထိရောက်တဲ့ ပြစ်ဒဏ်မျိုး ဖြစ်သင့်တယ်။

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေပါ အသံချဲ့စက် ဖွင့်ခွင့်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးဆီကို တောင်းခံရမယ့်အကြောင်း၊ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာရမယ့် အကြောင်းကို အခြေခံပြီး သုံးရက် ကြိုတင်ခွင့်ပြုချက် တောင်းရမယ်၊ မလိုက်နာရင် ကျပ်ငါးထောင်ထက် မပိုတဲ့ ဒဏ်ငွေ ဒါမှမဟုတ် ခုနစ်ရက်ထက် မပိုတဲ့ ထောင်ဒဏ် ကျခံရမယ်လို့ ပါတယ်။

အဲဒီတော့ အသံချဲ့စက် ဖွင့်ချင်တဲ့သူတွေက အဲဒီဒဏ်ငွေလောက်တော့ ဘယ်မှုတော့မလဲ။ ငါးထောင် ဒဏ်အရိုက်ခံပြီး စိတ်ကြိုက်ဖွင့်လိုက်မယ် ဆိုတာမျိုး ဖြစ်ကုန်မှာပေါ့။ သာမန် လူမှုရေး ကိစ္စတွေမှာတော့ အမိန့်အာဏာက သက်ရောက်နိုင်ပေမယ့် ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေရ၊ ကထိန်ရာသီ အလှူခံတွေ၊ နိုင်ငံရေးပါတီ စည်းရုံးလှုံ့ဆော်ပွဲ၊ ပါတီပရိုမိုးရှင်း ပွဲတွေမှာကျ လိုက်နာစရာ မလိုဘူးလား ဆိုတဲ့ မေးခွန်းမျိုး မေးလာကြမယ်။

ဥပဒေ ဆိုတာကတော့ နိုင်ငံတော်အတွင်း ရှိနေတဲ့ ဘယ်လိုအဖွဲ့အစည်း၊ နယ်ပယ်မျိုးမဆို လေးစားလိုက်နာရတဲ့ သဘောရှိတယ်။ ဖယ်ဒရယ်စနစ် ဖြစ်သွားရင် သူ့ပြည်နယ် တိုင်းဒေသကြီးနဲ့သူ တချို့ဥပဒေတွေ ကိုယ့်ဘာသာ ပြဋ္ဌာန်းကြရမှာ ဖြစ်ပေမယ့် တချို့ဥပဒေတွေမျိုးကျ တစ်နိုင်ငံလုံး တစ်ပြေးညီ လိုက်နာဖို့၊ အကာအကွယ်ပေးဖို့ ပြဋ္ဌာန်းရတာမျိုး ရှိတာကိုး။

ပြဿနာ ရှိလာနိုင်တာက ဘာသာရေး ခေါင်းစဉ်အောက်က အသံချဲ့စက်တွေ။ အေးချမ်းဆိတ်ငြိမ်မှုကို သဘောကျ အားပေးတတ်တဲ့ ဗုဒ္ဓဘာသာဝင် နာမည်ခံထားသူတွေကော၊ အသံချဲ့စက်သုံးတဲ့ တခြားဘာသာဝင် အစုအဖွဲ့တွေကော အသံချဲ့စက်သုံးတာ ပိုကုသိုလ်ရသွားသလား၊ ပိုဆိုးသွားစေသလား သေချာပြန်ချိန်ဆ သုံးသပ်ကြည့်ဖို့ လိုပြီ။

အသံချဲ့စက် ကျယ်ကျယ်လောင်လောင် ဖွင့်တာကို သက်ဆိုင်ကိုးကွယ်ရာအလိုက် ရှိနေတဲ့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တွေက နှစ်သက်လက်ခံပါ့မလား၊ ကိုယ့်အိမ်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သက်ကြီးရွယ်အိုတွေ၊ နာတာရှည် လူမမာတွေက နားခံနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၊ အဝန်းအဝိုင်း အသီးသီးမှာ ကိုယ်ချင်းစာစိတ်နဲ့ မေးကြည့်ဖြေကြည့်ဖို့ လိုမယ်။

ဘာသာရေးဗန်းပြပြီး ကိုယ်နှစ်သက်၊ ဝါသနာ ပါတာကို အများမခာံအောင် လုပ်တာမျိုးတော့ မဖြစ်စေချင်ဘူး။ ဘယ်ဘာသာဖြစ်ဖြစ် ကုသိုလ်စိတ် ဖြစ်စေဖို့၊ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ မဖြစ်ဖို့ဆိုရင် အသံချဲ့စက်ကို ဉာဏ်ပညာနဲ့ ယှဉ်ပြီးသုံးဖို့ လိုမယ်။

ဘာပဲပြောပြော အသံချဲ့စက်ကြောင့် နေ့နေ့ညည နားပူ၊ အိပ်ပျက်၊ စိတ်အနှောင့်အယှက် ဖြစ်နေကြတဲ့သူတွေ မြန်မာပြည်မှာ သန်းချီရှိနေတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးက အခုလို ကြေညာချက် ထပ်ထုတ်တာကို အသိအမှတ်ပြုကြတယ်။

ဒီထက်ပိုပြီး အသံချဲ့စက် အသံနှုန်းကို နေရာဒေသကို လိုက်ပြီး ဘယ်လောက်အထိ၊ ဘယ်အချိန်ကနေ ဘယ်အချိန်အထိ၊ ပတ်ဝန်းကျင်က ကန့်ကွက်ရင် အသံတိုးပေး၊ လိုအပ်ရင် ပိတ်ပေးဖို့အထိ အသေးစိတ် စည်းကမ်း ခက်တွေ ထုတ်ပြန်ပေးရင်တော့ ပိုပြီး အသိအမှတ်ပြု ကျေးဇူးတင်ရမယ်။

အယ်ဒီတာ (၂၈-၅-၂၀၁၆)

—————————

Editor’s Word, The Voice Daily Vol-4/No-41 (#voiceeditorial)

အကြော်ထဲမှာပါနေတဲ့ ပလပ်စတစ်တွေ

13245456_571295179712122_507063795338110232_n.jpg

ဒီနေ့ မနက် မြေနီကုန်းဈေးမှာ ရောင်းတဲ့ အကြော်ဆိုင်က ဝယ်လာတဲ့ ဘူးသီးကြော်နဲ့ ကြက်သွန်ကြော်ပါ။ အကြော်ထဲမှာ ကြောက်စရာ လန့်စရာ ပလပ်စတစ်စတွေ ပါလာတယ်။

ကျနော်ကတော့ အစာအိမ်ရောဂါနဲ့ မတည့်လို့ အကြော်မစားတာ အတော်ကြာပြီ။ အိမ်က မိသားစုကတော့ မကြာခဏ ဝယ်စားတယ်။ အရင်အကြိမ်တွေကတော့ အမှုမဲ့ အမှတ်မဲ့ စားခဲ့ကြပုံပဲ။ အခုတစ်ကြိမ်မှာတော့ မထင်မှတ်ပဲ ဒီလို သွားတွေ့တယ်။ ကြောက်စရာပဲ။

အရင်ကတော့ အကြော်မကြော်ခင် ဆီအိုးထဲကို ရေသန့်ဘူး ထည့်ကြော်တယ်ဆိုတဲ့အကြောင်း သိကတည်းက မစားတော့တာ။ အဲလို သိနေခဲ့ပေမယ့် လက်တွေ့ မျက်စိနဲ့ တပ်အပ်မမြင်ဖူးဘူး။ အခုတော့ မျက်မြင်တပ်အပ်ပါပဲ။

အကြော်တွေကို တစ်နေကုန် ကြွပ်ရွနေအောင် ဒီလို ပလပ်စတစ် ရေသန့်ဘူး ထည့်ကြော်ပြီး လုပ်နေကြတာ အတော်ကြာနေပြီ။ ကျနော်တို့တတွေရဲ့ အစာအိမ်ထဲမှာ ပလပ်စတစ်တွေ ဘယ်လောက်များ ရောက်နေပြီလဲ။

မြန်မာပြည်သူတွေခမျာ အနှစ်ငါးဆယ်ကျော် အာဏာရှင်လက်အောက်မှာ အဖိအနှိပ်ခံပြီး ဆင်းရဲတွင်း နက်ခဲ့ရတဲ့ကြားထဲ လမ်းသွားရင်တောင် ဘယ်အချိန် မီးကြိုးပြတ်ကျမလဲ ပူရ၊ ဘယ်အချိန် အုပ်စုနဲ့ အနိုင်ကျင့် ဓားထိုးခံရမလဲ ထိပ်လန့်ရ၊ ဘယ်အချိန် ငလျင်လှုပ်ပြီး တိုက်ပြိုကျမလဲ ပူပန်ရ၊ အမြန်လမ်းပေါ်မှာ ဘယ်အချိန် ကားမှောက်မလဲ စိုးရိမ်ရ၊ လူစားဖို့မသင့်တဲ့ စားအုန်းဆီတွေ၊ ကန်ဆီတွေ၊ ဘာမှန်းညာမှန်းမသိတဲ့ ဆီတွေ၊ ဓာတုပစ္စည်းတွေနဲ့ မခဲအောင်လုပ်၊ အနံ့အတုတွေထည့်ထားတဲ့ ပဲဆီ အတုတွေစားပြီး ဘယ်လိုရောဂါတွေဖြစ်မလဲ တွေးပူရ၊ ဓာတုဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ အချိန်မတန်ခင် ရင့်မှည့်ဆေးတွေနဲ့ ဘာမှကို မလွတ်တဲ့ အစားသောက်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ နေ့စဉ်စားပြီး ဆီးချို၊ သွေးတိုး၊ အသဲရောင်အသားဝါ ဘီပိုး၊ စီပိုး၊ ကင်ဆာတွေနဲ့ နပန်းလုံးပြီး ဘယ်အချိန် ဒုက္ခအကြီးအကျယ်တွေ့မလဲ စိုးရိမ်ရနဲ့ စိုးရိမ်၊ ထိပ်လန့်၊ ပူပန်စရာတွေက ဒင်းကြမ်းပြည့်လို့…။

အဲလို နေ့တဓူဝ သာမန်ပြုမြဲ ပြုနေကျ စားသောက်နေထိုင်သွားလာမှုတွေမှာတောင် အန္တရာယ်တောထဲ နေနေရသလို ဖြစ်နေတယ်။ ဘယ်အချိန်များ ကျတော်တို့ မြန်မာပြည်သူတွေရဲ့ ဘဝ လုံခြုံဘေးကင်းပါ့မလဲ။

(The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ဖေ့ဘုပ်မှ ကူးယူဖော်ပြသည်။)

ချစ်သူရဲ့  မိဘတွေနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးတည်ဆောက်နိုင်စေမယ့် နည်းလမ်းများ

အချစ်ရေး တစ်ခုမှာ အိမ်ထောင်ပြုခြင်းဆိုတဲ့ အဆင့်ကို ထပ်မံ တက်လှမ်းတော့မယ်ဆိုရင် ပထမဆုံး ကြုံတွေ့ရမယ့် စိန်ခေါ်မှုက ကိုယ့် လက်တွဲဖော် တွေရဲ့  မိဘတွေနဲ့ တွေ့ဆုံရခြင်းပါ။ မတွေ့ခင်မှာတော့ မိမိဘက်က ရင်ခုန် စိတ်လှုပ်ရှားနေပါလိမ့်မယ်။ တစ်ကယ်တမ်း တစ်ဖက် မိဘတွေနဲ့ ပထမဆုံးအကြိမ် တွေ့တဲ့အခါမှာတော့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို တည်ဆောက်ဖို့အတွက် ထင်သလောက် မလွယ်ကူပါဘူး။ အဲဒါကြောင့် တစ်ဖက် မိဘ တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး မျိုး ရရှိဖို့ သတိထားရမယ့် အချက်လေးတွေရှိပါတယ်။ အဲဒါတွေကတော့

၁။ သူတို့ရဲ့  နောက်ကြောင်းရာဇ၀င် ကို နားလည်ထားပါ
တစ်ဖက်မိဘတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို တတ်နိုင်သလောက် ရယူထားပါ။ ဒါမှသာ သူတို့ရဲ့  နောက်ကြောင်းရာဇ၀င် နဲ့ သူတို့ ဘာတွေ မျှော်လင့်ထားတယ်ဆိုတာကို သိနိုင်မှာပါ။ သူတို့ရဲ့  ငယ်ဘ၀ ၊ သူတို့ရဲ့  အလုပ်အကိုင် တွေနဲ့ သူတို့ရဲ့ နှစ်သက်မှုတွေဟာ သိထားဖို့ လိုအပ်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

၂။ တာထွက် ကောင်းပါစေ
တစ်ဖက် မိဘတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေရရှိထားပြီးပြီဆိုရင်တော့ ပထမဆုံး တွေ့တဲ့အကြိမ်မှာ ကတည်းက ရလဒ်ကောင်းတွေရဖို့ ပြင်ဆင်ထားပါ။ သူတို့ ဘာတွေမျှော်လင့်ထားသလဲဆိုတာကို သိထားပြီးရင် သူတို့ မေးခွန်းတွေအတွက် အဖြေကို ကြိုတင်ပြင်ဆင်ထားပါ။ သူတို့ ပြောမယ့် အကြောင်းအရာတိုင်းကို အာရုံစိုက်နိုင်အောင် ကြိုးစားပါ။ သူတို့ စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို အခွင့်ကြုံတာနဲ့ စတင်ဆွေးနွေး ပြောဆိုပါ။ ဒါပေမယ့် ဘာသာရေး ၊ နိုင်ငံရေး ၊ ပိုက်ဆံ စတဲ့အကြောင်းအရာတွေကိုတော့ မပြောမိအောင် သတိပြုပါ။

၃။ သူတို့ရဲ့  သူငယ်ချင်းကောင်းတွေဖြစ်လာဖို့ မကြိုးစားပါနဲ့
တစ်ဖက် မိဘတွေကို အရမ်းရင်းနှီးပွင့်လင်းစွာ ဆက်ဆံပြီး ဘော်ဒါပေါင်း ပေါင်းဖို့ ကြိုးစားလိုက်တာဟာ ကိုယ့်အခြေအနေ ကိုယ်ဖျက်ဆီးလိုက်သလိုပါပဲ။ သူတို့နဲ့ ရေရှည် ဆက်ဆံရဦးမှာပါ။ ဒါကြောင့် တစ်ဆင့်ချင်းသွားပါ။ ထိုက်သင့်သလောက်ပဲ ရင်းနှီးမှု ရယူပါ။

၎။ သူတို့ မိသားစု ကိစ္စတွေမှာ ၀င်မပါပါနဲ့
ကိုယ်ဟာ သူတို့ အတွက် မိသားစု ၀င်တစ်ယောက်ဖြစ်လာတော့ မယ်ဆိုပေမယ့်လည်း သင်သိထားရမှာက သင်ဟာ သူတို့ မိသားစုဝင်တစ်ယောက်ရဲ့  ချစ်သူပါ။ သူတို့ မိသားစုဝင် တစ်ယောက် မဟုတ်ခဲ့ပါဘူး။ ဘယ်မိသားစုကမှလည်း သူတို့ရဲ့  အိမ်တွင်းရေးကို အပြင်လူ ၀င်စွက်ဖက်တာ ကြိုက်မှာ မဟုတ်ပါဘူး။ သူတို့ဘက်က မိသားစု ကိစ္စတွေမှာ ၀င်ရောက်ပတ်သတ်ဖို့ စကားစ လာရင်လည်း ပညာရှိနည်းလမ်းနဲ့ ရှောင်ကြဉ်လိုက်ပါ။

၅။ သူတို့ သား/သမီး ကို ချစ်တယ်ဆိုတာကိုသာ သက်သေပြပါ
တစ်ဖက်မိဘ တွေက သင့်ကို ခေါ်တွေ့တယ်ဆိုတာ သူတို့ရဲ့ သား(သို့) သမီး ကို သင်ဘယ်လောက် မေတ္တာရှိတယ်ဆိုတာ သိချင်လို့လည်း ပါပါတယ်။ ဘယ်လောက်ချစ်ကြောင်း သက်သေပြတဲ့နေရာမှာ သူတို့ရဲ့ သား/သမီး ကို အနားကပ်ပြီး နှစ်ယောက်တည်းချိန်းတွေ့သလို ကပ်ချွဲပြီး အကြည်စိုက်နေဖို့ ပြောတာမဟုတ်ပါဘူး။ သူတို့ သား/သမီး အကြောင်း ဘယ်လောက်သိထားတယ် ၊ သူ့အတွက် ဘာတွေ စဉ်းစားပေးထားတယ် ဆိုတာမျိုးကိုသာ ထုတ်ပြေပေးပါ။
ယောက္ခမ လောင်း ၊ ယောက္ခထီး လောင်းများ နဲ့ အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ။

Ref:elitedaily

လေ့လာသင်ယူသမျှ အမြဲတမ်းမှတ်မိနေစေဖို့ နည်းလမ်း (၄)ခု

အသိပညာ အတတ်ပညာတစ်ခုခုကို လေ့လာသင်ယူရာမှာ သိထားသင့်တဲ့အရာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက လေ့လာသင်ယူမယ့် အကြောင်းအရာ၊ ဘာသာရပ်နဲ့သက်ဆိုင်တဲ့ အသိပညာဗဟုသုတတွေ ဖြစ်ပြီး နောက်တစ်ခုကတော့ လေ့လာသင်ယူမှု ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိထားဖို့ပဲ ဖြစ်ပါတယ်။ ကံမကောင်းတာက ကျွန်တော်တို့ အခုလက်ရှိအသုံးပြုနေတဲ့ ပညာရေးစနစ်က ဒီအချက်နှစ်ခုစလုံး မပြည့်စုံတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စက ပြဿနာရှိပါတယ်။ ကျွန်တော်တို့အများစုက အတန်းပညာတွေကနေ လုပ်ငန်းခွင်ဝင်တဲ့အထိ လိုအပ်တဲ့ပညာတွေ လေ့လာဆည်းပူးခဲ့ကြပါတယ်။ ဒါပေမယ့် ရေရှည်မှာအောင်မြင်မှုကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် အရည်အချင်းတွေ တစ်ခုပြီးတစ်ခု ဆက်လက်လေ့လာသင်ယူနေဖို့ လိုပါတယ်။ ဒ့ါကြောင့် လေ့လာသင်ယူမှု လုပ်ငန်းစဉ်ကို နားလည်ပြီး အားလုံးကို မှတ်မိနေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် လေ့လာသင်ယူသမျှကို မှတ်မိနေစေမယ့် နည်းလမ်း ခုကို ဖော်ပြလိုက်ပါတယ်။

၁။ မှတ်ဉာဏ်ကို အားစိုက်အသုံးပြုပါ။

ထိထိရောက်ရောက်လေ့လာသင်ယူနိုင်ဖို့အတွက် ကြိုးစားရာမှာ ပျော်စရာမကောင်းတဲ့အချက်က ခက်ခဲတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ခက်ခဲနေချိန်မှာ ကြိုးစားလေ့လာတာက အကောင်းဆုံးလေ့လာသင်ယူမှုဖြစ်ပါတယ်။ အလေးမ အားကစားလုပ်တဲ့အခါမှာ နိုင်တဲ့အလေးချိန်ထက် အနည်းငယ်တိုးမရင်း တဖြည်းဖြည်းသန်စွမ်းလာသလို မှတ်ဉာဏ်ကိုလည်း လေ့ကျင့်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် လေ့လာသင်ယူသမျှ မှတ်မိနေစေဖို့ မှတ်ဉာဏ်ကို အားစိုက်အသုံးပြုပါ။

၂။ အလေးအနက်ထားပါ။

သင့်အနေနဲ့ တစ်ခုခုကို ဖတ်လိုက်ရချိန်မှာ မှတ်ရလွယ်ပါတယ်လို့ ခံစားမိရင် စွဲစွဲမြဲမြဲမှတ်မိမှာမဟုတ်ပါဘူး။ ဥပမာ ပြောရရင် လေယာဉ်စီးပြီးခရီးသွားဖို့ လေဆိပ်မှာရောက်နေတယ် ဆိုပါစို့။ သင်စီးနင်းလိုက်ပါမယ့် လေယာဉ်ဘယ်ဂိတ်မှာ ရှိလဲဆိုတာကို ဖတ်လိုက်ပြီး ဂိတ်နံပါတ်က B44 လို့ထားပါ။ ဒါဆိုရင် “B44 လွယ်ပါတယ်လို့တွေးပြီး လှည့်ထွက်လာမယ်။ ဟိုကြည့် ဒီကြည့်လုပ်၊ ဖုန်းခဏ ကလိလိုက်ပြီး လျှောက်လာရင်းနဲ့ ပြန်စဉ်းစားတဲ့အခါ မမှတ်မိတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တစ်ခါဖတ်လိုက်ပြီးတာနဲ့ မော်နီတာကို မကြည့်ပဲ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ နံပါတ်ကို မှန်အောင်ဖြေနိုင်ပြီဆိုမှာ ထွက်လာခဲ့ပါ။ ဒီလိုနည်းနဲ့ မှတ်ဉာဏ်ကို ပြန်ခေါ်ပြီး လေ့လာသင်ယူသမျှကို မှတ်မိနေစေနိုင်ပါတယ်။

၃။ အသစ်တွေကို အဟောင်းတွေနဲ့ ချိတ်ဆက်ပေးပါ။

လေ့လာသင်ယူရသမျှ အကြောင်းအရာအသစ်တွေကို နဂိုရှိနှင့်ပြီးသား အသိပညာ ဗဟုသုတတွေနဲ့ သင့်တော်သလို ပူးတွဲမှတ်သားတတ်မယ်ဆိုရင် အသစ်အသစ်သော လေ့လာသင်ယူမှုအားလုံးကို စွဲစွဲမြဲမြဲမှတ်မိနေမှာ ဖြစ်ပါတယ်။ ဒီလို မှတ်သားနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ လက်ရှိပတ်ဝန်းကျင်က နမူနာတွေနဲ့ နှိုင်းယှဉ်တွေးခေါ်ကြည့်ဖို့ပါပဲ။ ဥပမာအပူစီးကူးမှုသဘောတရားဆိုတာက ကော်ဖီပူတစ်ခွက်သောက်လိုက်ချိန်မှာ ခန္ဓာကိုယ်နွေးထွေးသွားတဲ့ ခံစားချက်နဲ့ တူညီတယ်ဆိုတာကို တွေးကြည့်ဖို့ပဲ ဖြစ်ပါတယ်။

၎။ ပြန်တွေးပါ။

လေ့လာခဲ့သမျှအရာတွေ၊ လုပ်ဆောင်ခဲ့တဲ့ကိစ္စတွေကို ပြန်တွေးကြည့်တာက တကယ်ကို အထောက်အကူဖြစ်စေပါတယ်။ ဒီလိုပြန်တွေးကြည့်ခြင်းအားဖြင့် မိမိစွမ်းဆောင်ရည်ကို ယုံကြည်မှုရှိလာစေတာကြောင့် ဖြစ်ပါတယ်။ ယုံကြည်မှုများလာတဲ့အတွက် စွမ်းဆောင်ရည်တွေလည်း ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။