All posts by dpakyaw

I am Blogger. I am just Learning

သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့် ဘာကြောင့် မလွတ်သေးသလဲ

  
မြန်မာနှစ်ဆန်းတရက်နေ့က နိုင်ငံတော်သမ္မတဦးထင်ကျော်၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် လွတ်မြောက် လာသည့် နိုင်ငံရေးအကျဉ်းသား ၈၃ ဦး၏ အမည်စာရင်းတွင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ပါဝင် လာခြင်းမရှိသည်ကို တွေ့ရှိရသည်။ ဦးဆန်းဆင့်ကို သာသနာရေးဌာနပိုင်ငွေကျပ် ၇၂သိန်းကျော် အလွဲသုံးစား မှု ပုဒ်မ ၄၀၉၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်တရားရုံးက ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ထောင်ဒဏ်(၁၃)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ယခုအခါ တောင်ငူထောင် တွင် ပြစ်ဒဏ်ကျခံနေရသည်။ ဦးဆန်းဆင့် တောင်ငူထောင်၌အကျဉ်းကျနေစဉ် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ငွေကြေးကူညီမှု နှစ်ကြိမ်ပြုလုပ်ခဲ့သော်လည်း AAPP က ပြုစုသည့် နိုင်ငံ ရေးအကျဉ်းသားများစာရင်းတွင် ဦးဆန်းဆင့်ကို ထည့်သွင်းမထားကြောင်း သိရှိရသည်။

”ဦးဆန်းဆင့်အမှုက နည်းနည်းရှုပ်ထွေးပါတယ်။ ဦးဆန်းဆင့်လိုပဲ ကျန်တဲ့ နှစ်ယောက်၊ သုံးယောက်ကိုလည်း ကျွန်တော်တို့ ချန်ထားခဲ့ပါတယ်။ အခုဟာက နိုင်/ကျဉ်းအဖြစ် သတ်မှတ်သင့်မသင့်ကို ကျွန်တော်တို့ရယ်၊ NLD ရယ်၊ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)ရယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရယ် ပူးပေါင်းပြီး ဆုံးဖြတ်ရတဲ့ အနေ အထားဖြစ်ပါတယ်”ဟု AAPP မှ ဦးမျိုးကျော်က ပြောကြားသည်။

ဦးဆန်းဆင့်အနေဖြင့် မိမိအတွက်ရရှိသည့် ထောက်ပံ့ငွေများကို ပေးသည့်သူများ ကုသိုလ်ရစေရန် ထောင် အတွင်းကျင်းပသော တရားပွဲများနှင့် တရားစခန်းများကို ပြန်လည်လှူဒါန်းခဲ့ကြောင်းနှင့် မိသားစုကိုလည်း သာဓုခေါ်ဖို့ပြောကြောင်း ဇနီးဖြစ်သူဒေါ်ခင်မာလေးက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပေးစာတစောင် ထုတ်ပြန်၍ ပြည်သူများကို အသိပေးခဲ့သည်။ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နိုင်/ကျဉ်းအဖြစ် သတ်မှတ်ခြင်းမပြုသော်လည်း ဦးဆန်းဆင့် ထောင်မှလွတ်မြောက်ရန် အစွမ်းကုန် ဆက်လုပ်သွားမည်ဖြစ် ကြောင်း ဦးဆန်းဆင့်အမှုကို လိုက် ပါဆောင်ရွက်ခဲ့သူ တရားလွှတ်တော် ရှေ့နေဦးတင်ထွန်းက ပြောသည်။

”ဒါက မတရားသက်သက် ခံရတဲ့ ကိစ္စဆိုတာ အားလုံးလည်းသိနေကြတာပဲ။ ကျွန်တော်တို့ဘက်ကတော့ သူလွတ်မြောက်ဖို့ အစွမ်းကုန်လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် တောင်ငူထောင်ရှိ ဦးဆန်းဆင့်၏အခန်း၌ CCTV ကင်မရာများတပ်ဆင်ထားကြောင်း သမ္မတ ဦးထင်ကျော်၏အမိန့်ဖြင့် တောင်ငူထောင်မှလွတ်မြောက်လာသူတဦးက ပြောကြားသည်။

”ဦးဆန်းဆင့်က ညနေပိုင်းဆို အကျဉ်းသားတွေနဲ့ ခြင်းထွက်ခတ်တယ်။ ရင်းရင်းနှီးနှီးဆက်ဆံတတ်လို့ သူ့အခန်း ကို အကျဉ်းသားတွေက အသွားအလာများတော့ အခု သူ့အခန်းကို ထောင်အရာရှိက CCTV တပ်ထားလိုက် တယ်”ဟု ၎င်းကပြောသည်။ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း ဦးဆန်းဆင့်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၁ ရေကြည်မြို့နယ် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းလွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူစဉ် တိုင်း အစိုးရအဖွဲ့နှင့် သဘောကွဲလွဲမှုများရှိခဲ့သောကြောင့် သမ္မတဦးသိန်းစိန်က သာသနာရေးဝန်ကြီးအဖြစ် ပြောင်း ရွှေ့တာဝန်ထမ်းဆောင်စေခဲ့ရာ ဧရာဝတီတိုင်းမှ ဒေသခံများက ဦးဆန်းဆင့် ပြောင်းရွှေ့ခြင်းမပြုရန် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

နန္ဒမျိုးဆောင်

ဓါတ်ပုံ-ထွန်း(နေပြည်တော်)

ကြောင်ထက် ခွေးများက သခင်ကို ပိုမို ချစ်ခင်လေ့ရှိ

  
အိမ်မွေးတိရစ္ဆာန်လေးတွေဆီက အချစ်ကို ရချင်တဲ့သူများအဖို့ ကြောင်လေးတွေထက် ခွေးလေးတွေကိုသာ ပိုပြီးမွေးသင့်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ သုတေသနတစ်ခုအရ ခွေးလေးတွေက ကြောင်ထက် သခင်ကို ၅ ဆ ပိုချစ်တာကို တွေ့ရပါတယ်။ BBC နဲ့ အမေရိကန် အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Paul Zak တို့ပူးပေါင်းဆောင်ရွက်တဲ့ လေ့လာမှုမှာ ခွေး ၁၀ ကောင်နဲ့ ကြောင် ၁၀ ကောင်ကို သူတို့ သခင်တွေနဲ့ ၁၀မိနစ်ကြာ မကစားခင်မှာ တံထွေးနမူနာ ယူထားပြီး စစ်ဆေးကြပါတယ်။

ကစားပြီးတဲ့ အချိန်မှာလည်း တံထွေးနမူနာယူပြီး အောက်ဆီတိုနင်လို့ ခ်ါတဲ့ အချစ်ဟော်မုန်းကို စစ်ဆေးကြည့်ရှုခဲ့ပါတယ်။ တွေ့ရှိမှုအရ ခွေးလေးတွေမှာ အောက်ဆီတိုနင် ပမာဏ ၅၇.၂ ရာခိုင်နှုန်းတိုးနေတာ တွေ့ရပြီး ကြောင်လေးတွေမှာတော့ ၁၂ ရာခိုင်နှုန်းပဲ တိုးတာတွေ့ရပါတယ်။

ခွေးလေးတွေမှာ အောက်ဆီတိုနင် ပမာဏ ဒီလောက်မြင့်တက်နေတာကို အရမ်းအံ့အားသင့်မိသလို ဒါက အရမ်းကို အားကောင်းတဲ့ တုန့်ပြန်မှု တစ်ခုပါပဲလို့ Zak က မှတ်ချက်ပေးခဲ့ပါတယ်။

Ref:timesofindia.indiatimes

ခင်သူဇာ – Trend Myanmar

၅နှစ်ဆက်တိုက်ဓမ္မတာလာခဲ့တဲ့ အမျိုးသမီး

မိန်းကလေးတိုင်း ဓမ္မတာလာတဲ့အချိန်ခံစားရတဲ့ နာကျင်မှုကိုသိကြပါတယ်။ ရက်အနည်းငယ်မှာတောင် အဲ့ဒိလောက်ခံစားနေရရင် ၅နှစ်ဆက်တိုက်ဆိုရင်တော့ မတွေးဝံ့စရာပါပဲ။ ဒီလိုကံဆိုးမှုမျိုးကို အသက်၂၇နှစ်အရွယ် Chloe Christos တစ်ယောက်ခံစားခဲ့ရပါတယ်။

သြစတျေးလျနိုင်ငံ ပါ့သ်မြို့မှာနေထိုင်သူဖြစ်တဲ့ Chloeဟာ တစ်နေ့ကို သွေးလီတာဝက်ခန့်နေ့စဉ်ဆုံးရှုံးနေခဲ့ရတယ်လို့ Daily Mailကို ပြော့ကားခဲ့ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးတွေဟာ ဓမ္မတာလာနေစဉ်အတွင်းမှာ သွေး၂၀မီလီမီတာကနေ ၆၀မီလီမီတာ ဆုံးရှုံးလေ့ရှိပါတယ်။ Chloeဆုံးရှုံးနေတာနဲ့ ၁၀ဆနီးပါးလောက်နည်းပါတယ်။

“ကျွန်မ ဘာဆိုဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ကျွန်မခဏခဏ သတိမေ့လဲခဲ့ပါတယ်။ သွေးဖိအားကလည်း ကြောက်စရာကောင်းလောက်အောင် ကျဆင်းခဲ့ပါတယ်။”လို့ ဆိုခဲ့ပါတယ်။

သူမဟာ စဖြစ်ခါစက ရှက်လို့ဘယ်သူမှမပြောခဲ့ပါဘူး။ ဒါပေမယ့်နောက်ပိုင်းမှာတော့ ဘယ်လိုမှခံစားလို့ မရလို့ဖွင့်ပြောခဲ့တာဖြစ်ပါတယ်။ သူမဖြစ်နေတဲ့ရောဂါကတော့ Von Willebrand Disease ဆိုတဲ့ရောဂါဖြစ်ပါတယ်။ “ဒီရောဂါဟာ အမေရိကန်မှာနှစ်စဉ် ၂၀၀၀၀၀ လောက်ဖြစ်နေပါတယ်”လို့ Robyn Charlery White ဆိုတဲ့ကျွမ်းကျင်သူက ပြောပါတယ်။

နောက်ဆုံးတော့ သူမကိုကုသပေးနိုင်တဲ့နည်းလမ်းရှာတွေ့ခဲ့ပြီး အခုတော့ သူမလို အလားတူရောဂါခံစားနေရတဲ့သူတွေကို ကူညီပေးဖို့ ကြိုးစားနေပါတယ်။ “ကျွန်မဆေးရုံမှာရှိတုန်းက ဒေါက်တာတွေက အခြားအရေးပေါ်အခြေအနေတွေနဲ့ယှဉ်ရင် အခြားဟာတွေကိုပဲ ဦးစားပေးလေ့ရှီပါတယ်။ ဒါဟာ ကျွန်မလို ခံစားနေရသူတွေ ကမ္ဘာပေါ်မှာ များစွာရှိနေပြီး ဒီရောဂါဟာ ဘယ်လောက်ဆိုးရွားကြောင်း မသိကြလို့ပဲဖြစ်ပါတယ်။”လို့ ဆိုခဲ့ပါတယ်။

Source: dailymail, glamour

shwemom

ဧပြီလ ၂၂ ရက်နေ့ မန္တလေးတိုင်း ကျောက်ဆည်ခရိုင်အတွင်း ဒေသချို့တွင် ပြင်းထန်စွာ ကျရောက်ခဲ့သော မိုးသီးများကြောင့် လူ၊ တိရိစ္ဆာန် များသေကျေခဲ့ပြီး မိုးသီးဒဏ်ကြောင့် နေအိမ်များ စိုက်ခင်းများပျက်စီးမှု ရှိကြောင်း ကနဦး သီတင်းများ ပေါ်ထွက်နေသည်။ ယခု ဓာတ်ပုံများမှာ ဖေ့ဘွတ်လူမှုကွန်ရက်တွင် ဒေသခံများ၊ ခရီးသွားများက ဖြန့်ဝေထားသောပုံများဖြစ်သည်။

   
   

သဘာဝဘေးအန္တရာယ်လေပြင်း မုန်းတိုင်း တိုက်ခတ်မှုကြောင့် ရှေးဟောင်းမွေတော် ကက္ကူစေတီတော် ထီးတော်များ မြေသို့ခ

  
တောင်ကြီး ဧပြီ – ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်ရှိ ရှေးဟောင်းမွေတော်ကက္ကူ စေတီတော်များသည် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြော်ကြည်ညို လျက်ရှိ သည့် နေရာတစ်ခုဖြစ်ရာ မွေတော် ကက္ကူစေတီတော် ဘုရားများသည် ဧပြီလ (၂၂) ည(၈)နာရီတွင် တစ်ကြိမ်၊ ည(၁၀)နာရီတွင် တစ်ကြိမ်၊ လေပြင်း မုန်းတိုင်းတိုက်ခတ် မှုကြောင့် ရှေးဟောင်းမွေတော် ကက္ကူစေတီတော် ထီးတော်များ မြေပေါ်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။

  
အဆိုပါ လေပြင်းမုန်းတိုင်းတိုက်ခတ်မှုကြောင့် ရှေးဟောင်းမွေတော်ကက္ကူစေတီတော် ဘုရားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများတို့သည် စေတီတော် များ မြေကြီးပေါ်သို့ ကျရောက် နေမှုနှင့် ထီးတော်များအား လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့နှင့် တွေ့ဆုံ၍ စေတီတော်ပတ်ဝန်းကျင်များကို ဂေါပကအဖွဲ့နှင့် ဒေသခံမိဘပြည်သူများတို့က သန့်ရှင်းရေးဆောင်ရွက် ရန်နှင့် ပျက်စီးစာရင်းများ ပြုစုထားရန် ထိခိုက် မှုမရှိစေရန် ဂရုပြုဆောင်ရွက်ရန် တို့ကို မှာကြား ခဲ့သည်။

  
ဆက်လက်၍ မွေတော်ကက္ကူစေတီတော် ဓမ္မရုံတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများတို့သည် တောင်ကြီးမြို့နယ် သံဃာ နာယက ဆရာတော်ထံ သြဝါဒခံယူရာ ဆရာတော်ကြီးမှ စေတီတော် ပတ်ဝန်းကျင် အနီးရှိ သန့်ရှင်းရေးများ ကို အမြန်ဆုံးဆောင်ရွက်ရန် မိန့်မှာကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့် တာဝန်ရှိသူတို့ က ဆွေးနွေးရာ မူလလှူဒါန်းထားသော စေတီ ဒါကာများကို ဦးစားပေးဆက်သွယ်ဆောင်ရွက်ရန် စေတီတော် ပတ်ဝန်းကျင်းအဝင်ပေါက် များကို ခေတ္တပိတ်ထားပြီး၊ ဘုရားဖူးဧည့် သည်များကို ပြင်ပမှ ဖူးမြော်ရန်၊ ရှေးဟောင်း သမိုင်းဝင်ပစ္စည်း ပျောက်ပျက်မှုမရှိစေရန်နှင့် တပ်မတော်အင်အား မြန်မာနိုင်ငံ ရဲတပ် ဖွဲ့နှင့် ဒေသရှိပအိုဝ်းလူငယ်များတို့မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားကြသည်။

  
သဘာဝဘေးအန္တရာယ်လေပြင်းမုန်းတိုင်းတိုက်ခတ်မှုကြောင့် ရှေးဟောင်းမွေတော်ကက္ကူစေတီတော် (၂၄၇၈)ဆူရှိရာ (၁၇၀၀)ဝန်းကျင်ခန့် ထီးတော်များ ပျက်စီးပြိုကျပြီး၊ အာသောက ဆုတောင်းပြည့် စေတီတော်မှာ ထက်ပိုင်းကျိုး၍ ပျက်စီးခြင်း၊ ဖောင်တော်ဆိုက်စေတီတော်မှာ ငှက်မျက်နားတော်၊ ထီးတော် ပြိုကျပျက်စီးခြင်း၊ မွေတော်ကက္ကူစေတီတော်ပတ်ဝန်းကျင်ရှိ အိမ်များပြိုခြင်း၊ အိမ်ခေါင်းမိုးများပြုတ်ထွက် လှန်သွားခြင်း၊ ဓါတ်မီးတိုင်းများ လဲကျခြင်း၊ Transformer များပျက်စီးခြင်း၊ စာသင်ကျောင်းအမိုးများ လှန်ခြင်း၊ ဖုန်းကြိုးနှင့် သစ်ပင်များ ကျိုးကျခြင်း၊ ကက္ကူဘုရားအနောက်ဘက်ရှိ ခေတ္တ နားနေ ဆောင်ပြိုကျ ခြင်း၊ စေတီ ရင်ပြင်မြောက်ဘက်ရှိ ဓမ္မရုံအာရုံခံအဆာက်အဦများ၊ ပျက်စီးပြိုကျလျက်ရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

အိုဟိုင်းယိုးပြည်နယ်တွင် ကွပ်မျက်သည့်ပုံစံဖြင့် မိသားစုဝင် ၈ ဦးအသတ်ခံရ

  

အိုဟိုင်းယိုး ဧပြီ ၂၃

အမေရိကန်နိုင်ငံတောင်ပိုင်း အိုဟိုင်းယိုးပြည်နယ်၊ ကျေးလက်ဒေသတစ်ခုတွင် မိသားစုဝင် ၈ ဦးသည် ကွပ်မျက်ခံရသည့် ပုံစံဖြင့် အိပ်ပျော်နေစဉ် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခံရသည့် ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များကိ သောကြာနေ့တွင် ပြောကြားသည်။ တာဝန်ရှိသူများက လက်နက်ကိုင်ဆောင်ထားဖွယ်ရှိသည့် လူသတ်သမား(သို့) လူသတ်သမားများနှင့် အသက်ရှင်ကျန်နေသော မိသားစုဝင်များ၏ အန္တရာယ်ကို ဖော်ထုတ်နေကြောင်း ရဲမှူးကြီး ချားလ်ရီဒါက ပြောသည်။ သူက “ပစ်မှတ်ထားခံရတဲ့ မိသားစုတစ်ခုပဲ ရှိပါတယ်၊ ဒါပေမယ့် ဒီအသိုက်အ၀န်းက အခြားမိသားစုဝင်တွေကိုလည်း ခြိမ်းခြောက်မှုရှိတယ်လို့ ကျွန်တော်မထင်ပါဘူး၊ မိသားစုတွေကိုလည်း ကြိုတင်ကာကွယ်ရေး အစီအမံတွေ ချမှတ်ကြဖို့ ပြောထားပြီးပါပြီ” ဟုပြောသည်။ 
အခင်းဖြစ်ပွားရာ လေးနေရာတွင် အသက် ၁၆ နှစ်အရွယ်သူတစ်ဦး နှင့် အရွယ်ရောက်ပြီသူ ၇ ဦးအသတ်ခံခဲ့ရသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အိုဟိုင်းယိုး ပြည်နယ် အထွေထွေရှေ့နေ မိုက်ခ်ဒီဝိုင်းက ပြောသည်။ အသတ်ခံခဲ့ရသူများတွင် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦး၏ မိခင်တစ်ဦးလည်း ပါဝင်သည်ဟုသိရသည်။ အဆိုပါ ကလေးနှင့်အတူ အသက် ၆ လအရွယ်နှင့် ၃ နှစ်အရွယ်ကလေးငယ်များလည်း လွတ်မြောက်ခဲ့သည်ဟုဆိုသည်။ 

Ref:CNN

အရှေ့တောင်အာရှနိုင်ငံများတွင်မြန်မာနိုင်ငံသည် ယာဉ်မတော်တဆမှု အများဆုံးဖြစ်နေ

  
ရန်ကုန် ဧပြီ ၂၂

လမ်းမကြီးများပေါ်တွင် ဖြစ်ပွား သော ယာဉ်မတော်တဆ မှုများ ၏ နောက်ဆက် တွဲဖြစ် စဉ်များကြောင့် လူပေါင်း ၁၁ ဦးခန့် နေ့စဉ်သေ ဆုံး နေ သဖြင့် မြန်မာနိုင်ငံရှိ လမ်းမကြီး များသည် အရှေ့တောင်အာရှတွင် အန္တရာယ် အများဆုံးဖြစ်နေကြောင်း အီတလီနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ယာဉ်မတော် တဆ မှုနှင့် သေဆုံးမှု လျှော့ချရေး NGO အဖွဲ့ APBABC ၏ Director Corporate Relations ဖြစ်သူ Ms. Zita Schellekens က ပြောသည်။

”လမ်းမကြီးတွေမှာ ယာဉ်အန္တရာယ် ကင်ရှင်းပြီး ဘေးကင်းလုံခြုံဖို့နဲ့ ယာဉ်တိုက်မှုလျှော့ ချရေး က နေ့စဉ် လမ်းအသုံးပြုနေတဲ့ ခရီးသွားပြည် သူတွေ၊ ယာဉ်မောင်းတွေ၊ လမ်း လျှောက်သူတွေအပေါ်မှာ အများ ကြီးမူတည်တယ်။ 
ကားတင်သွင်းမှု စည်းမျဉ်းတွေ ဖြေလျှော့လိုက်တာက လည်း ပြည်တွင်းကို ကားတွေ အများ ကြီး ဝင်ရောက်လာပြီး ယာဉ်ကြော ပိတ်ဆို့မှုတွေ၊ ယာဉ် အန္တရာယ်၊ လမ်း အန္တရာယ်တွေ ပိုများလာတယ်။ အတွေ့အကြုံမရှိဘဲ ကားဝယ် စီးနိုင် တဲ့ ယာဉ်မောင်းအမျိုးသား အမျိုး သမီးတွေ များလာတယ်။
 ဒါတွေဟာ အန္တရာယ်ရဲ့ အစိတ်အပိုင်းတစ်ခုမှာ အဓိကပါဝင်နေတယ်”ဟု လမ်းမ များ ဘေးကင်းလုံခြုံရေးလှုပ်ရှားမှုဆိုင်ရာ အီတလီနိုင်ငံ INGO မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Pietro Fiore က ပြောသည်။
ယာဉ်မတော်တဆမှုနှင့် သေဆုံးမှု လျှော့ချရေးအဖွဲ့မှ နေ့စဉ် ခရီးသွား ပြည်သူ များနှင့် ယာဉ်မောင်းသူများ အတွက် လိုက်နာရမည့် သုတေသန ပြုချက်ခုနစ်ချက် ကိုလည်း ထုတ်ပြန် ထားသည်။ 

ယာဉ်မောင်းစဉ်နှင့် ယာဉ်ပေါ်စီးနင်းလိုက်ပါစဉ် ယာဉ် တွင်ပါရှိသော လုံခြုံရေးခါးပတ်ကြိုး ကို အသုံးပြုရန်၊ ကားနှင့် ဆိုင်ကယ် အပါအဝင် စက်တပ်ယာဉ်များ စီးနင်းလိုက်ပါလျှင် ဦးခေါင်းပိုင်းကို ကာကွယ်ရန်အတွက် အမာခံဦးထုပ် ကို ဆောင်းထားရန်၊ မည်သည့်စက် တပ်ယာဉ်ကိုမဆို သတ်မှတ်အရှိန် အမြန်နှုန်းထက် လွန်ကဲစွာ မမောင်း နှင်ရန်၊ ယာဉ်မောင်းနေစဉ် ဖုန်း အား အသံတိတ်ထားရှိရန်နှင့် ယာဉ် မောင်းနေစဉ် ဖုန်းသုံးစွဲခြင်း လုံးဝ မပြုရန်၊ ယာဉ်ကို အများစီးနင်းလိုက် ပါစဉ် Over weight ကုန်များ တင် ဆောင်ခြင်းမပြုရန်၊ လမ်းဖြတ်ကူး လျှင် လူကူးမျဉ်းကြားမှသာ လမ်း ဖြတ်ကူးရန်နှင့် လမ်းကူးစဉ်တွင် ယာဉ်အသွားအလာများကို အထူး သတိပြု၍ လမ်းကူးရန် စသည့် အချက်များဖြစ်ကြောင်း သိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက ”ယာဉ်စည်း ကမ်း၊လမ်းစည်းကမ်း လိုက်နာရမယ့် အချက်တွေသိဖို့နဲ့ ဗဟုသုတတွေက ပြည်သူတွေအတွက် အရေးကြီးပါ တယ်။ 

ဒါကိုလိုက်နာအောင် ကြပ်မတ် ဖို့ကလည်း အရေးကြီးတယ်။ ဒါမှ လမ်းတွေမှာ ဘေးကင်းနိုင်မှာပါ။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ကို ထိထိရောက်ရောက် အသက်ဝင် လိုက်နာအောင်လုပ်ဖို့ အရင်းအမြစ် တွေ အားနည်းခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစပြီး အထူးကြပ်မတ်မှု တွေနဲ့အတူ ပြောင်းလဲမှုတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပါပြီ။ လမ်းမတွေ ဘေးကင်းဖို့ ဟောပြောပွဲတွေ၊ ရေဒီယို အသိပညာပေး ဆွေးနွေးခန်းတွေကို အစီအစဉ်အလိုက် လုပ်လာကြပါ ပြီ။ ဒါတွေကို နောင်လာမယ့် လူငယ် လေးတွေ သိဖို့ကလည်း အရေးကြီး ပါတယ်” ဟု ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကိုကိုက ”လူထုက လမ်းစည်း ကမ်းအသိရှိပြီး လိုက်နာဖို့ အစိုးရ အနေနဲ့ ယာဉ်အန္တရာယ်ကင်းဝေး ရေးအတွက် လမ်းဘေးတွင် ဘုတ် စိုက်ထူတာတွေ၊ အွန်လိုင်းလူမှု ကွန်ရက်ကနေ အသိပညာပေး ဆောင်ရွက်တာတွေ နဲ့ ဟောပြောပွဲ တွေကို ဆောင်

ရွက်ပေးနေပါ တယ်။ ခရီးသွားပြည်သူ အပါအဝင် ယာဉ် မောင်းတွေအနေနဲ့ အရှိန်မြင့် မမောင်းဖို့၊ ယာဉ်မောင်းစဉ်ခါးပတ် ပတ်ထားဖို့၊ အရက်သေစာသောက် စားပြီး မမောင်းဖို့၊ ကားမောင်းစဉ် ဖုန်းလုံးဝ မပြောဖို့လိုတယ်။ ဒါတွေ ဟာ ယာဉ်မတော်တဆ မှုတွေနဲ့ သေဆုံးမှုတွေ ကို လျှော့ချစေနိုင်မယ့် အချက်တွေပါ။ အဓိကက ယာဉ် မောင်းစဉ်မှာ စိတ်တည်ငြိမ်ဖို့နဲ့ သူ့ ထက်ငါ အပြိုင်ကျော်လွှားပြီး မမောင်း နှင်ဖို့လိုပါတယ်” ဟု ပြောသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)

မလေးရှားဗီဇာကြေး မြင့်တက်နေမှု စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြတောင်းဆိုမည်

OSC (One- Stop Service Center) ပေါ်လာပြီးနောက်ပိုင်း မလေးရှား နိုင်ငံ၏ ဗီဇာကြေး ခြောက်ဒေါ်လာမှ ၅၇ ဒေါ်လာထိ တိုးမြှင့်လိုက်ခြင်းအပေါ် သေချာစွာ စိစစ်ပေးသွားရန် နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဆက်လက် တောင်းဆိုမှုများ ပြုလုပ်သွားပြီဖြစ်ကြောင်းနှင့် OSC လုံးဝ မရှိအောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ အထွေထွေအတွင်းရေးမှူး ဦးကျော်ထင် ကျော်ပြောသည်။

”လောလောဆယ်မှာ နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ပြောင်းသွားပြီလေ။ အရင်ကလည်း တင်ပြထားတယ်။ အရင်တုန်းက ခြောက်ဒေါ်လာပဲ။ မလေးရှား သံရုံးကို တရားဝင်သွင်းရတယ်။ (OSC) ပေါ်လာပြီး သူတို့ကို ၅၁ ဒေါ်လာပေးရတယ်။ သူများနိုင်ငံတွေနည်းတူ ၅၇ ဒေါ်လာဆိုရင် တမျိုး။ အခု မြန်မာတနိုင်ငံတည်းပဲ ပေးနေရတာ။ ဒါက လိုကိုမလိုတာ။ မလေးရှားသံရုံးက ယူတယ်ဆိုရင် တမျိုး။ အခုဟာက ကြားခံကုမ္ပဏီကို ၅၇ ဒေါ်လာပေးရပြီး မလေးရှားသံရုံးက စာအုပ်ပေါ်မှာကျတော့ ခြောက်ဒေါ်လာပဲ ရေး ပေးတယ်။ အဲဒီ OSC က မလေးရှား အစိုးရက သူ့ နိုင်ငံမှာရှိတဲ့ ကုမ္ပဏီတခုကို ချပေးတယ်။ ဒီမြန်မာဘက်မှာကျတော့ Diamond Palace ကုမ္ပဏီနဲ့ နှစ်ခုပေါင်းပြီး ၅၁ ဒေါ်လာကောက်နေတာ။ ဘယ်နိုင်ငံမှာက ကြားထဲကနေ၀င်ပြီး OSC ကောက်တယ်ဆိုတာမရှိဘူး။ ဒီလို မလိုအပ်တဲ့အတွက် ပယ်ဖျက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဆီကို တောင်းဆိုသွားမယ်။ ဥပမာမလေးရှားနိုင်ငံကို လာအို၊ စင်ကာပူ၊ ဗီယက်နမ်နိုင်ငံက လူတွေသွားရင် မပေးရ ဘူး။ မြန်မာနိုင်ငံသားတွေသွားမှ ပေးရ တယ်ဆိုတော့ မတရားဘူးလေ။ အင်ဒိုနီးရှားနိုင်ငံဆိုရင် သံရုံးကို လူကိုယ်တိုင်တိုက်ရိုက်လျှောက်လို့ရတယ်။ မလေးရှားကျတော့ OSC ခံနေတော့ တိုက်ရိုက် လျှောက်လို့ မရဘူး။ ဒါက ပုံစံမကျဘူး။ မှားနေတယ်။ မရရအောင်ကိုလုပ်ရမယ်” ဟု ဦးကျော်ထင်ကျော်က ပြောသည်။
မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့သွားရာတွင် အလုပ်သွားလုပ်သူများ သာမက ပညာတော်သင်သွားသူ၊ ဆေးဝါး ကုသဖို့သွားသူ၊ အလည်အပတ်သွားသူများပါ (OSC) သို့ ၅၇ ဒေါ်လာပေးဆောင်နေရ၍ စာချုပ်ပါအချက်အလက်များကို ပြန်လည်စိစစ်ပေးရန်လိုအပ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ သိရသည်။

အောင်သူရိန်

‘ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံဘ၀က လွတ်မြောက်ချင်ရင်’ 

  

(၁)

ပြည်သူ့အစိုးရ၊ ပြည်သူ့သမ္မတတက်လာပြီဆိုလို့ ခင်ဗျားတို့ကို ကျွန်တော်ပြောပြမယ်။ ပြည်သူ့အစိုးရ တက်လာပြီဆိုတိုင်း ဒီမိုကရေစီရပြီဆိုတိုင်း ပဒေသာပင် မြေကပေါက်မလာနိုင်ဘူးဆိုတာ ခင်ဗျားတို့ကို ကျွန်တော်ရှင်းခဲ့ချင်တယ်။ ဟုတ်လား။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ခင်ဗျားတို့ စိတ်ထဲမယ် ဒီမိုကရေစီရတော့ မယ်ဆိုလို့ရှိရင်(ဟုတ်လား) စိတ်ကူးက ဘယ့်နှယ့်စိတ်ကူးကြလဲဆိုရင် ပဒေသာပင်ကြီး ချက်ချင်းပေါက်လာ တော့မလို နေ့ချင်းညချင်း ပေါက်လာတော့မလို၊ ခင်ဗျားတို့ထင်ခဲ့တဲ့လူတွေ များကြတယ်။ (ဟုတ်လား)။

တချို့ကလည်းပဲ ငါတို့ ဒီမိုကရေစီရပြီဆိုပြီးတော့ ဘာလုပ်ချင်သလဲ ဆိုတော့ကာ ကျွန်တော်တို့ ဟိုတလောက ဖေ့စ်ဘွတ်ပေါ်မှာ ဖတ်ခဲ့ရတာ ဟိုဘုရားစူးစေ့ ဒီမိုကရေစီခေတ်ကုန်ကာနီး ရွေးကောက်ပြီးနိုင်ပြီးစအချိန်ကပေါ့။ အဲဒီတုန်းကဆိုလို့ရှိရင် ဒီမိုကရေစီရပြီဆိုပြီးတော့ မော်တော်ဆိုင်ကယ်ကို ဦးထုတ်မဆောင်းဘဲစီးကြတယ်။ ဒါကို ယာဉ်ထိန်းရဲက ဖမ်းတော့ ဖေ့စ်ဘွတ်ပေါ်မှာ ဘာရေးသလဲဆိုလို့ရှိရင် ”ဒီမိုကရေစီရလို့ ငါတို့အစိုးရတက် လာတဲ့ တနေ့ မင်းတို့ရုံးရှေ့မှာ အုပ်စုလိုက် လာစီးပြဦးမယ်”တဲ့။ အဲသလို လေသံမျိုးတွေဟာ အတော်ခွကျ တယ်။

ဒါဟာ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ စိတ်ဓာတ်မဟုတ်ဘူး။ ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ အောက်ခြေလွတ်တဲ့ စိတ်ဓာတ် သာဖြစ်တယ်။ ဒီမိုကရေစီစစ်စစ်ဆိုတာ စည်းမဲ့ကမ်းမဲ့ ဒီမိုကရေစီမဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ ဒီမိုကရေစီမျိုးသာ ဖြစ်တယ်။ (ဟုတ်လား) ဒီမိုကရေစီခေတ်မှာ အခွင့်အရေးတွေ ပိုရလာတာရှိသလို၊ တိုင်းသူပြည်သားလူအများ အနေနဲ့ ပေးဆပ်ရမယ့်တာဝန်တွေ၊ လိုက်နာရမယ့် စည်းကမ်းတွေရှိလာမှာ ဖြစ်တယ်။

ကိုယ့်အကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ သမာအာဇီဝဖြစ်ရဲ့လား။ ကိုယ်ကျင့်တရား စောင့် ထိန်းမှုပါရဲ့လား၊ ငါနဲ့ငါ့ဆွေမျိုးတသိုက်သာ ကောင်းစားရေးဖြစ်နေသလားဆိုတာ သေချာဆန်းစစ်ဖို့လိုလိမ့်မယ်။ ကိုယ်တယောက်တည်းကြီးပွားပြီး တတိုင်းပြည်လုံး ရေစုန်မျောခဲ့တဲ့ ဒီမိုကရေစီမျိုးကို ကျုပ်မလိုချင်ပါဘူး။
(၂)

ဒီမိုကရေစီရပါပြီဆိုတဲ့ ကျွန်တော်တို့ ခင်ဗျားတို့နိုင်ငံဟာ ဘယ်အခြေဆိုက်သလဲဆိုတာလောက်တော့ ခင်ဗျား တို့မြင်အောင်ကြည့်သင့်တယ်။ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စုလို့ခေါ်တဲ့ ယူနိုက်တက်စတိတ် တို့လို နိုင်ငံအဆင့်ကိုမဆိုထားနဲ့ ကျုပ်တို့တိုင်းပြည်ဟာ ဟိုခေတ်ဟိုအခါတုန်းက မွဲပေ့ဆိုတဲ့ အီသီယိုးပီးယား အဆင့်ကိုတောင် ဖင်ဖျားမမီနိုင်သေးဘူး။

ဒီလိုဘာလို့ဖြစ်ခဲ့သလဲ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခဲ့လို့မှ (၁၅)နှစ် မပြည့်သေးဘူး။ စစ်တပ်က အာဏာသိမ်း တယ်။ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တယ်။ မြန်မာပြည်ကို ကမ္ဘာကြီးနဲ့ အဆက်ဖြတ်လိုက်တယ်။ စစ်ခေါင်းဆောင် တွေ ကိုယ်ကျိုးအတွက် ထင်ရာစိုင်းတယ်။ (ဟုတ်လား) ၁၉၆၂ ခုနှစ်ကနေစပြီးတော့ကာ တိုင်းပြည်ကို နှစ်ပေါင်းငါးဆယ်ကျော် စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လိုက်တာ မြန်မာပြည်ဟာ မိအေးနှစ်ခါနာဆိုတဲ့ စကား နဲ့တင် မလုံလောက်တော့ဘဲ မိအေးဆိုတဲ့တိုင်းပြည်က ဖာဘ၀ရောက်သွားပြီ။ မိအေးဟာ ဖာတန်းမှာတောင် ဈေးကောင်းမရတော့တဲ့အခြေဆိုက်သွားတော့တာပဲ။ ခင်ဗျားတို့ မျက်စိထဲမြင်ကြည့်ကြပေါ့ဗျာ။ ဖာဈေးကွဲချိန်မှာ မိအေးမျက်စိကလေး ကလယ်ကလယ်နဲ့ ဖြစ်နေတဲ့ပုံကို။ ဟဲ၊ ဟဲ၊ ဟဲ။

ခင်ဗျားတို့ မြင်အောင်ပြန်ကြည့်။ ဒီမိုကရေစီပေးလိုက်ပါပြီဆိုပြီး တတိုင်းပြည်လုံးက တောင်သူလယ်သမား တွေရဲ့လယ်ယာတွေကို အတင်းအဓမ္မသိမ်းတယ်။ အခုလတ်တလောမှာတင် ရွေးကောက်ပွဲရှုံးပြီဟေ့လည်း ဆိုရော ရာထူးကဆင်းခါနီးမှာ ဖားကန့်လိုနေရာမျိုးမယ် အ၀ီစိထိအောင် မြေလှန်ပစ်ခဲ့တယ်။ တရုတ်နယ်စပ်နဲ့ နီးတဲ့နေရာတွေမယ် တရုတ်နဲ့ပေါင်းပြီး လက်ကျန်သစ်တောတွေကို ဖုတ်ပူမီးတိုက်အပြောင်ရှင်းတယ်။ ၀န်ကြီး ဌာနတွေရဲ့ငွေစာရင်းတွေကို ပြားစွန်းအထိကိုက်အောင် စာရင်းလိမ်တွေ ပြထားရစ်ခဲ့တယ်။

ဒီတော့ ဒီမိုကရေစီရလိုက်ပါပြီဆိုတဲ့၊ လူထုအစိုးရပေါ်လာပါပြီဆိုတဲ့ တိုင်းပြည်ဟာ ကျွန်စုပ်တဲ့ သရက်စေ့ လောက်တောင် မပြောင်တဲ့ အခွံချည်းကျန်ခဲ့တဲ့တိုင်းပြည်ဆိုတာ ခင်ဗျားတို့ ကောင်းကောင်းကြီး သဘောပေါက် ဖို့လိုလိမ့်မယ်။ (ဟုတ်လား)။ ဒါကြောင့် လက်ရှိဒီမိုကရေစီခေတ်အပြောင်းအလဲမှာ အခွင့်အရေးထက် တာဝန် တွေ အများကြီးပိုလာမယ်ဆိုတာကို သတိချပ်ကြပါ။
(၃)

ကျုပ်တို့မြန်မာတွေမယ် သောက်ကျင့်တခုရှိတယ်။ မန္တလေးဘက်မယ် မြန်မာနေရှင်နယ်လိဂ်ဆိုလား။ ဘောလုံး အသင်းနှစ်သင်းကန်ကြတာ ကျုပ်သွားကြည့်ဖူးတယ်။ အစပိုင်းတော့ အကြိတ်အနယ်ကန်ကြတာပဲ။ ကန်ကြ တာပဲ။ အဲကိုယ်က တဂိုးနှစ်ဂိုးလောက် အသာစီးရနေပြီဆိုရင် ကိုယ်တော်တွေက တယ်အားမစိုက်ချင်ကြတော့ ဘူး။ ငါနိုင်မှာပါပဲကွာဆိုတဲ့အချိုးနဲ့ လျှော့ကန်တယ်။ ဘ၀င်မြင့်တာ၊ ကြွားတာ၊ ကြွားတာ။

အဲဒီအချိန်မျိုးမှာ တဖက်အသင်းက အားကြိုးမာန်တက်ကန်ပြီး ချေပဂိုးတွေရော၊ အနိုင်ဂိုးတွေပါ ထပ်ကန်သွင်း လိုက်တာ နောက်ဆုံးတော့ မရှုမလှရှုံးတော့တာပဲ။ ဒီတော့ရှုံးတဲ့အသင်းရဲ့ပရိသတ်က ဘာလုပ်ကြသလဲ။ ကိုယ့် အသင်းရှုံးတာ မကျေနပ်လို့ဆိုပြီး ပြောင်းဖူးရိုးတွေ၊ ရေသန့်ဘူးတွေနဲ့ ဘောလုံးကွင်းထဲကို လှမ်းပစ်တယ်။ ပါးစပ်ကလည်း မိုက်မိုက်ရိုင်းရိုင်း အော်ဟစ်ဆဲဆိုကြတယ်။ ဒါတင်မကသေးဘူး။ ဘောလုံးပွဲကြည့်စင်က ထိုင်ခုံ တွေကို ရိုက်ချိုးပစ်တယ်။ ဖျက်ဆီးပစ်တယ်။ ဒါမျိုးတွေကို မြန်မာ့ဘောလုံးပွဲရာဇ၀င်မှာ ပြန်ကြည့်ရင် အများကြီး တွေ့လိမ့်မယ်။

တချို့ပွဲတွေမှာလည်းပွဲအစမှာ ကြိုးကြိုးစားစားတော့ကစားပါရဲ့။ ဒါပေမဲ့ မထင်မှတ်ဘဲ၊ ကိုယ့်အသင်းဘက်ကို တဂိုး နှစ်ဂိုးလောက် အသွင်းခံရပြီဆိုရင် ငါတော့ရှုံးမှာပါပဲကွာဆိုပြီး လူချတယ်။ ညစ်တာညစ်တာ။ မြန်မာလူမျိုး တွေ စိတ်ထက်သလေး ဘာလေးနဲ့ တလွဲဆံပင်ကောင်းတယ်ဆိုတဲ့စကားဟာ ဒီနေရာမှာ သုံးဖို့ထားတာပဲ။ (ဟုတ်လား)

ဒီလိုစိတ်ဓာတ်နဲ့အပြုအမူမျိုးဟာ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ စိတ်ဓာတ်မဟုတ်ဘူး။ စစ်ကျွန်ဖြစ်မယ့်စိတ်ဓာတ်၊ ကျွန်စိတ်ဓာတ်၊ ကျွန်သပေါက်ဘ၀နဲ့သာ တန်တဲ့စိတ်ဓာတ်။ ဒါဟာ ဒီမိုကရေစီမဟုတ်ဘူး။ ရမ်းကားမှုမျှသာ ဖြစ် တယ်။

နောက်တခု ကျွန်တော်ပြောချင်တာက အာဏာရှင်ခေတ်တုန်းက တိုင်းပြည်ကိုကာကွယ်ဖို့တာဝန်ကို အာဏာ ရှင်တွေကသာ ပြဋ္ဌာန်းဖန်တီးခဲ့တယ်။ ဒီတော့လူထုကလည်း အချောင်သမားစိတ်ဓာတ်နဲ့ တိုင်းပြည်ကို ငါတို့ ကာကွယ်စရာမလိုပါဘူးလေဆိုပြီး ဘော်ကြော့နေချင်ကြတယ်။

ဒီတော့ ဘာဖြစ်လာသလဲ။ စစ်တပ်ကို တိုင်းပြည်ထူထောင်ဖို့ အသုံးမချဘူး။ ကိုယ်လူမျိုး ကိုယ့်တိုင်းပြည်ကို ဖိနှိပ်ဖို့၊ ကိုယ့်တပ်ကိုယ်နင်းဖို့၊ နေရာတွေမှာ အာဏာရှင်တွေစိတ်တိုင်းကျ အသုံးချခံရတယ်။ ဒီဒဏ်ကို ခင်ဗျား တို့ ကျောကော့နေအောင်ခံရတယ်။ ဒီတော့ကာ တကယ့်ဒီမိုကရေစီ စစ်စစ်ကျင့်သုံးတဲ့ခေတ်ရောက်ပြီဆိုလို့ရှိ ရင် တိုင်းပြည်ကာကွယ်ရေးဟာ နိုင်ငံသားအားလုံးရဲ့တာဝန်သာ ဖြစ်တယ်။ ဒါကြောင့် တိုင်းပြည်မှာ အရွယ် ရောက်တဲ့သူတိုင်း၊ ကျန်းမာတဲ့သူတိုင်း၊ စစ်ထဲမ၀င်မနေရ ဥပဒေတွေပြဋ္ဌာန်းပြီး လုပ်တန်လုပ်ရလိမ့်မယ်။ ခင်ဗျားတို့ဘာသာ တိုက်ချင်ချင်၊ မတိုက်ချင်ချင် တိုက်ကိုတိုက်ရမယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ကျင့်ထုံးပဲ။ နိုင်ငံသားတိုင်းစစ်ပညာတတ်ထားပါမှ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို ကာကွယ်လိုစိတ်ရှိပါမှ လူနဲ့လူချင်း လူဝါး ပြန်ဝချင်တဲ့စနစ်ကြီးကို အပြီးတိုင်မြေမြှုပ်သင်္ဂြိုဟ်နိုင်မှာ ဖြစ်တယ်။
(၄)

အခုပြည်သူ့အစိုးရ၊ ပြည်သူ့သမ္မတဖြစ်လာပြီဆိုတဲ့အချိန်ဟာ တိုင်းသူပြည်သားတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက် ဖို့ သိပ်ကိုအရေးကြီးတယ်။ လူထုရဲ့အားမပါဘဲနဲ့တော့ ဘာပြန်လည်ထူထောင်ရေးကိုမှ လုပ်နိုင်ကြမှာမဟုတ်ပါ ဘူး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်သူလူထုညီညွတ်ရေး (စားဖားတွေညီညွတ်တာ ကျုပ်မလိုချင်ပါ ဘူး)။ အဲဒီညီညွတ်ရေးနှစ်ခုမရှိလို့ကတော့ ဘယ်အစိုးရတက်တက်၊ ဘယ်ပါတီတက်တက် ဖာသည်လို တိုင်း ပြည်ဖြစ်နေဦးမှာပဲ။ ရင်ကြားစေ့တယ်၊ ရင်ကြားစေ့တယ် ဆိုပြီး စားဖားတွေ ရင်ကြားစေ့တာ ကျုပ်မလိုချင်ပါဘူး။

ခင်ဗျားတို့ ကျုပ်တို့တိုင်းပြည်ကို ကိုးရီးယားလိုဖြစ်ချင်သလား။ နိပွန်လို့ခေါ်တဲ့ဂျပန်နိုင်ငံလို ဖြစ်ချင်သလား။ အမေရိကန်လိုပဲဖြစ်ချင် သလား။ အင်္ဂလန်လိုဖြစ်ချင်သလား၊ ဂျာမနီလိုဖြစ်ချင်သလား။ သူများ နိုင်ငံတွေ ခြေတလှမ်းလှမ်းရင် ကျုပ်တို့က လေးငါးဆယ်လှမ်း အလှမ်း နှစ်ဆယ်တန်သည် လှမ်းနိုင်ပါမှ၊ ပြဲနေအောင်ကုန်းရုန်းပြီး အလုပ်လုပ် နိုင်ကာမှ တန်ကာကျလိမ့်မယ်။ အလုပ်မလုပ်ဘဲနဲ့တော့ ပဒေသာပင်မြေ က ပေါက်မလာနိုင်ဘူး။ တိုးတက်ကြီးပွားတဲ့၊ သာယာဝပြောတဲ့တိုင်းပြည် မဖြစ်လာနိုင်ဘူး။ ကမ္ဘာ့အလယ်မှာ သိက္ခာမရှိတဲ့လူမျိုးအဖြစ် ဘယ်သောအခါမှ မရပ်တည်နိုင်ဘူး။ တိုင်းပြည်ကို ချစ်လှပါချည့်ရဲ့လို့ အသံကုန်ဟစ် ပြီး လှေကြုံစီးချင်တဲ့စိတ် မဖျောက်နိုင်လို့ကတော့ ဒီနေ့ဒီမိုကရေစီရ၊ နက်ဖြန် စစ်တပ်က အာဏာပြန်သိမ်းပြီး စစ်ဖိနပ်ရဲ့အောက်ကိုပြန်ရောက် သွားမှာပဲ။ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းတပ်သလို ဖြစ်နေမှာပဲဆိုတာ ခင်ဗျားတို့မြဲမြဲကြီး မှတ်စေချင်တယ်။

ကျုပ်တို့လူမျိုးက နေရာတကာမှာ ပရမ်းပတာနိုင်တယ်။ စည်းကမ်း မဲ့တယ်။ အမှိုက်ကို တွေ့ရာပစ်တယ်။ ကွမ်းတံထွေးကို နေရာတကာမှာ ဗျစ်ခနဲ၊ ဗျစ်ခနဲထွေးတယ်။ အလှည့်ကျစောင့်ရတဲ့ရုံးဌာနတွေမှာ တန်းမစီ ချင်ဘူး။ အခွင့်ထူးခံချင်တယ်။ ရေသာခိုချင်တဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား စိတ်ဓာတ်ကို မဖျောက်နိုင်ကြဘူး။

အခု မြန်မာပြည်မယ်၊ ခင်ဗျားတို့ အရည်မရအဖတ်မရ စားနေကြတဲ့၊ ကွမ်းယာတွေထဲမှာထည့်ရတဲ့ ကွမ်းစားဆေးတွေ ဘယ်ကလာသလဲ။ အိန္ဒိယကလာတယ်။ မြန်မာတပြည်လုံး ကွမ်းစားတဲ့အတိုင်းအတာအရ ဆိုရင် အမေရိကန်ဒေါ်လာသန်းချီတဲ့ ကွမ်းစားဆေးတွေ အိန္ဒိယက၀ယ် ရတယ်။ ဆီမပါရင်မစားတတ်ပါဘူးဆိုပြီး ဗုံးပေါလအောသုံးနေကြတဲ့ ဆီတွေဟာ ဘယ်ကလာသလဲ။ မလေးရှားကနေလာတယ်။ ယိုးဒယားလို့ခေါ်တဲ့ ထိုင်းနိုင်ငံကနေလာတယ်။ ဒီတော့ကာ ကျုပ်တို့ဟာ ဒီမိုက ရေစီရဲ့အရသာ ကိုခံစားစံစားနိုင်ကြဖို့ဆိုရင် အတတ်နိုင်ဆုံးခြိုးခြံချွေတာ ကြဖို့လိုတယ်။ အများကြီး စည်းကမ်းရှိဖို့လိုတယ်။
(၅)

အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ ကျုပ်တို့နိုင်ငံပြည်လည်ထူထောင်ရေးအတွက် ခေတ်မီစိုက်ပျိုးရေးစနစ်တွေ ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်ဖို့ လိုတယ်။ လယ်လုပ်သူ လယ်ပိုင်စေရမယ်။ ခေတ်စနစ်နဲ့မညီတဲ့ ပညာရေး စနစ်တွေကိုပြင်ရမယ်။ တတိုင်းပြည်လုံး လျှပ်စစ်မီးလင်းပြီး အသေးစား အိမ်တွင်းမှုလုပ်ငန်းတွေ တတိုင်းပြည်လုံးမှာ ဖွံ့ဖြိုးလာဖို့လိုတယ်။ ဒါမှသာ ကိုယ့်တိုင်းပြည်ကနေ ထွက်တဲ့သီးနှံနဲ့ သယံဇာတွေကို ကမ္ဘာ့ဈေးကွက်တင်နိုင်ပြီး တမျိုးသားလုံးရဲ့ စားဝတ်နေရေးဖူလုံလာမယ်။ ဒါတောင် အကြမ်းဖျဉ်းသဘောပဲရှိသေးတယ်။ လာဘ်ပေးလာဘ်ယူမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ အစရှိသည်ဖြင့် ပြုပြင်ရမယ့်အပိုင်းတွေ မရေမတွက်နိုင် အောင်ရှိမယ်။

ဒီလိုပြုပြင်ဖို့ ခင်ဗျားတို့လူထုတရပ်လုံး တာဝန်သိသိ၊ စည်းကမ်းရှိရှိ၊ ခါးတောင်းကျိုက်မဖြုတ်စတမ်း ပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်။ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်၊ ကိုယ်ထူကိုယ်ထတဲ့ လူထုအားကိုအများကြီး လိုတယ်။

အခုတက်လာတဲ့အစိုးရဟာ အရင်အာဏာရှင်အစိုးရတွေလို၊ ရာထူး နေရာတွေကို ဖက်တွယ်ထားမယ့်သူတွေလား။ ပြည်သူလူထု မကြည်ဖြူရင် မျက်နှာပြောင်တိုက်ပြီး တွယ်ကပ်နေမယ့်သူတွေလား။ သူတို့ဟာ တိုင်းပြည်အကျိုးကို တကယ်သယ်ပိုးနိုင်၏။ မနိုင်၏ဆိုတာ လေးငါးဆယ် နှစ်တန်သည် အပြုသဘောနဲ့ ဝေဖန်စောင့်ကြည့်ကြပါ။ တတိုင်းပြည်လုံး ကလည်း တာဝန်သိသိ ပူးပေါင်းပါဝင်အားဖြည့်ကြပါ။

ဒီတော့ နိဂုံးချုပ်အနေနဲ့ ကျုပ်ပြောချင်တာက ကိုယ့်တိုင်းပြည် အမှန်တကယ်ကြီးပွားချမ်းသာချင်ရင်၊ ဒီမိုကရေစီရဲ့အနှစ်သာရကို ခံစား နိုင်ဖို့ဆိုရင်၊ ခင်ဗျားတို့မှာ အရိုးစွဲနေတဲ့အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ ခင်ဗျားတို့စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီဆိုတာကို ကျုပ်ဒီနေ့ ပြောခဲ့ချင်တယ်။

မင်းဒင်

“မန္တလေးတိုင်းနေရာအချို့မှာ ယနေ့ လေပြင်းများကျနိုင်”

မန္တလေးတိုင်းဒေသကြီး မြင်းခြံ၊ တောင်သာ ၊ ငါန်းဇွန်၊ မြောင်၊ မလှိုင်၊ နွားထိုးကြီး၊ တံတားဦး စသည် မြို့နယ်များတွင် ယနေ့ (ဧပြီ ၂၃ ရက်)မွန်းလွဲပိုင်းမှစတင်ကာ ညနက်ပိုင်းအထိ လေပြင်း ကျရောက်နိုင်သောကြောင့် ကြိုတင်သတိပြုရန် လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးပြောကြားသည်။

လေတိုက်နှုန်းတစ်နာရီ မိုင်(၂၀)မှ(၃၀)ခန့်ရှိနိုင်ပြီး အနောက်တောင်ဖက်မှ ဦးတည်တိုက်ခတ်နိုင်ကြောင်း အသေးစိတ် သတိပေးသည်။

ဒေါက်တာ ထွန်းလွင်က ” ကြိုတင်ပြင်ဆင်ဖို့ လုပ်စရာရှိတာကတော့ အဲ့ဒီအခြေအနေကို သတိထားနေဖို့။ လေနဲ့အတူ မီးဘေးလည်း သတိထားဖို့။ ပြိုနိုင်ပျက်နိုင်တဲ့ အိမ်တွေ နည်းနည်း ထိမ်းသိမ်းထားဖို့ လိုအပ်ပါတယ်” ဟု အကြံပြုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီလ ၂၂ ရက် ညနေက လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှု၊ နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ သေဆုံးမှုနှင့် ပျက်ဆီးဆုံးရှုံးမှု စာရင်း အတိအကျ ကို ယနေ့ညနေတွင် ထုတ်ပြန်နိုင်ရန် ပြင်ဆင်နေကြောင်း မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဒုတိယညွှန်မှူး ဦးနေမျိုးထွန်းက ပြောသည်။