*** နာမ်နှိမ်တတ်သူများ ***

  
ယခုအဖြစ်အပျက်လေးကတော့ ကျနော့ ဦးလေးနဲ့အဒေါ်တို့ ငယ်စဉ်အချိန်က သူများပြုစားတာကို သေလုမြောပါးခံခဲ့ရတဲ့ အကြောင်းအရာလေးဖြစ်ပါတယ် 

ကျနော့အဖွားကို အစအဆုံးပြောပြခိုင်းပြီး ယခုလိုရေးသားရခြင်း ဖြစ်ပါတယ် မည်သူ့ဆီကမှ copy ကူးယူရေးသားထားခြင်းမဟုတ်ပါကြောင်း ……

ကျနော့်ဦးလေးနဲ့အဒေါ်တို့ငယ်စဉ် ကလေးဘဝကဆိုတော့ အချိန်အားဖြင့် အတော်ကြာခဲ့ပါပြီ —
အဖွားနာမ်မည်က ဒေါ်ရွှေ .. အဖွားရဲ့ညီမနာမ်မည်က ဒေါ်ဆွေ အဲ့ဒီ ဦးလေးနဲ့အဒေါ်တို့ရဲ့အမေကအဖွားလေးဒေါ်ဆွေဖြစ်ပါတယ်ဇာတ်လမ်းအစကတော့ ……
*****

အညာဒေသ ချင်းတွင်းမြစ်ကမ်း တာရိုးတလျှောက် ဈေးရောင်းေ နကြသောဈေးသည်များနှင့် အထက်အောက်စုန်ဆန်သွားလာကုန်သွယ်နေသောကုန်သည် ခရီးသွားများ ဒေသ၏အထင်ကရ တန်ခိုးကြီးဘုရားများကို လိုက်လံဖူးမျှော်နေကြတဲ့ဘုရားဖူးသူလူအများဟာဖြင့် တာရိုးပေါ်တလျှောက်တိုးမပေါက်အောင်စည်ကားနေပါတော့သည်.. အဖွားဆွေတို့မိသားစုက အညာဒေသစားကုန် သနပ်ခါး အကြော်အလှော်လေးတွေရောင်းချတဲ့အတွက် စီးပွားဖြစ်လာတော့ ပတ်ဝန်းကျင်ကလူတွေအချို့မနာလိုဖြစ်လာပါတော့တယ်ရွှေတိုငွေစလေးတွေဝယ်ဝတ်လာနိုင်တော့ မလိုတဲ့သူတွေအဖို့ မျက်စိနောက်လာကြတာပေါ့ ။လူဆိုတဲ့အမျိုးကလဲအခက်သားလား ကိုယ် ကိုယ်တိုင်ကျ  မကြိုးစားချင်ပဲ သူများတိုးတက်တော့ မနာလိုတတ်ကြဘူး

ထို့အတွက်ကြောင့် အဖွားဆွေတို့ရဲ့မျက်စောင်းထိုးအိမ်က အောက်လမ်းတတ်တဲ့မိန်းမကြီးက စတင် ပညာပြပါရော…

တနေ့ … အဖွားဆွေတို့ကမ်းနားမှာ ဈေးသွားရောင်းနေတဲ့ အချိန် မနက်ပိုင်းမှာပဲ
” မဆွေ ‘ ”တော့ မဆွေ ဘယ်သူမှ မရှိကျဘူးလား”

”မရှိဘူးဗျ ” ”အမေတို့ဈေးသွားရောင်းနေတယ် ”

” ဘယ်သူလာတယ်လို့ ပြောပေးရမလဲ အရီး ”

”ဘာမှ မဟုတ်ပါဘူးကွယ် ” ခဏဝင်လာတာပါ ”

တကယ်တော့ ထို အောက်လမ်းတတ်တဲ့ မိန်းမကြီးက အဖွား

ဆွေတို့အိမ်ကို တခါမှ ခုလို ဝင်ထွက်ခြင်းမရှိခဲ့ပါဘူး အဖွားဆွေတို့ကလဲ မေးထူးခေါ်ပြောလောက်ပဲနေကြတာပါ 

အဖွားဆွေတို့ ဈေးရောင်းသွားရင် အိမ်မှာ ကိုဇော်ကြီးနဲ့ မဦးတို့

ကလေးနှစ်ယောက်ပဲကျန်ခဲ့တာကို သိထားတဲ့အတွက်ယခုလိုဝင်လာပြီး ကလေးတွေကို စကားပြောသလိုလိုနဲ့ မကောင်းတာတွေ လာထား သွားတာပါ ကလေးတွေကလဲ သူ့ဟာသူဆော့ကစားနေတော့ ထိုမိန်းမကြီးကအိမ်အပေါ်ထပ်အထိတက်ပြီး အစီအရင်ပါတဲ့ ပစ္စည်းတွေကို သူထားချင်တဲ့နေရာ စိတ်ကြိုက်ထားနေပါတော့တယ် အိမ်ပေါ်မှာ ထားလို့ပြီးမှ ခြံထဲကတနေရာရာမှာ ဖိနပ်စုတ် တခု ညှပ်ထားခဲ့ပါတော့တယ် ……

 ထိုသို့ အိမ်ထဲမှာမကောင်းတဲ့အရာတွေ လာထားသွားတာကိုလဲ ဘယ်သူမှ ပြန်မပြောနိုင်အောင်အပင်းတွေထည့်ထားခဲ့ပါတယ် 

ကလေးတွေ ခမျာတော့ အပင်းထည့်သွားမှန်းတောင်မသိလိုက်ပါဘူး 

အဲ့လိုနာမ်နှိမ်ပြီး နောက်မှာတော့ အရောင်းအဝယ်ကျဆင်းခြင်း ကလေးနှစ်ယောက်ဘာအစားအစာမှ မစားတော့ခြင်း အိမ်၌ရှိသော မိသားစုအချင်းချင်း ရန်လို မုန်းထားခြင်းများဖြစ်လာပါတော့တယ် အဆိုးဆုံးက ကလေးနှစ်ယောက်ပါ ရေသောက်ဖို့တောင် ဂွမ်းစလေးရေစွတ်ပြီး အစက်ချပေးရလောက်တဲ့အထိ ဖြစ်နေခဲ့ပါတယ် …

ညဘက်ရောက်လာရင် ကလေးတွေခမျာ အော်နေရပါတယ် 

” အား အမေ ဗိုက်ထဲက နာနေတယ် အောင့်နေတယ် ”

”အား အီး အမေရေ ဗိုက်နာတယ် အောင့်တယ် ”

မောင်နှမ နှစ်ယောက်လုံး တချိန်ထဲ အော်ဟစ်ကာခံစားနေတာကိုမြင်တော့ ဘေးကလူတွေလဲ 

မကြည့်နိုင်တော့ပါဘူး မိုးတွေလေတွေတိုက်နေတဲ့ကြားမှာ ဆိုက်ကားနင်းပြီးဆေးခန်းကို ပို့ပေးရတဲ့ အထိ ကူညီပေးကြပါတယ် 
နောက်ဆုံး အိပ်ယာထဲကမထနိုင်တော့ပဲ ဆီး ဝမ်းတွေ အိပ်ယာထဲ ထွက်ကျတာတောင် မသိတော့တဲ့အထိ အခြေအနေဆိုးရွားလာခဲ့ပါပြီ အရိုးနဲ့အရေပဲကျန်တော့တာပေါ့လေ 

”အမေရေ အိမ်ပေါ်မှာ သရဲလေး ရောက်နေတယ် သားကို 

ရီပြနေတယ် ”


”ကယ်ပါအုံးအမေရေ ””အားကြောက်တယ်” ဟီး ဟီး

” သားနဲ့သမီး မကြောက်ပါနဲ့ကွယ် အမေတို့ရှိပါတယ် အိမ်ပေါ်မှာဘာမှ မရှိပါဘူး အားမရှိလို့ ဂယောင်ဂတန်းတွေ ပြောနေကြတယ်နဲ့တူတယ် ”အားရှိအောင် တခုခုစားကြပါလား ကလေးတို့ရယ် မြင်ရတာရင်ထဲ မချိလိုက်တာကွယ် အီး ဟီး ဟင့် ဟင့် ……

________

မနက်ရောက်တော့ ဖွားဆွေတို့လင်မယား ရေနွေးသောက်ရင်း

တိုင်ပင်နေကြပါသည်

”တို့ကလေးတွေဖြစ်နေတာ သွေးရိုးသားရိုး မဟုတ်လောက်ဘူးကွ မယ်ဆွေရ”

”ကျုပ်လဲ ထင်တယ် ဒီလောက်ဆေးကုတာတောင်မပျောက်ဘူးဆိုတော့ ဒါ မရိုးတာသေခြာပါတယ်တော် ”

”အေး အဲ့ဒီတော့ ငါတို့ ပိတောက်ကုန်းက ဦးညိုဆီ သွားကုချင်တယ်ဟ ” ဘယ်လိုလဲ မယ်ဆွေ ”

”တော့ သဘောပ ကောင်းသလိုသာ လုပ်လိုက်တော့ 

”ကျုပ်သားသမီးလေးတွေ ခံစားနေရတဲ့ရောဂါတွေ မြန်မြန်

ပျောက်ရင် သေပျော်ပါပြီ ” ကျုပ်ဖြင့်သနားလွန်းလို့ပါ…

ထို့နောက် ဦးညိုဆိုသော ဆရာဆီသို့ကလေးတွေကို ခေါ်သွားပြီးကုသပါတော့တယ် တပတ် နှစ်ပတ်အတွင်း

ရောဂါမပျောက်တဲ့အပြင် ပိုဆိုးလာပါတယ် အဲ့ဒီဆရာကလဲ ဆေးဆရာလိုလိုနဲ့ တကယ်တော့ အောက်လမ်းဆရာတယောက်ပါပဲ 

နောက်တော့အဖွားရွှေ သူ့ညီမအိမ်ကသတင်းကြားတော့မနေနိုင်တော့ပဲ 

”မိဆွေ ဘယ်သူနဲ့မှ ကုမရရင် ငါတို့ဦးရီးကို ပင့်လိုက်မယ်လေ

”နင် ထမင်းမကျွေးနိုင်ရင် ငါကျွေးထားပြီးငါ့အိမ်မှာ ပင့်ထားပါမယ်အေ ” ကြာရင်နင့်ကလေးတွေ ပစ်ရတော့မယ်”

”ကျုပ်အကြောင်းကြားသေးတယ် ဦးရီးက ခရီးလွန်နေလို့တဲ့တော့ ”

”သူပြန်လာရင် ကျုပ်တို့ဆီလာခဲ့မှာပါ အမရယ်”

အဖွားရွှေလဲ ကလေးတွေကို ကြည့်ချင်တာနဲ့ အိမ်ပေါ်ထပ်ကို ခဏတက်ကြည့်တော့ အပေါ်ထပ်ရောက်ရောက်ချင်းပဲ အိပ်ယာထဲက ချေးနံ့ သေးနံ့တွေရတော့ အနံ့မခံနိုင်လို့

အောက်ထပ်ကိုမြန်မြန်ပြန်ဆင်းလိုက်ပါတော့တယ် 

”ဟင်း သနားလိုက်တာနော် ဘယ်ဘဝကဝဋ်ကြွေးတွေပါလို့ပါလိမ့် ”

အဖွားရွှေညအိပ်ညနေ အဲ့ဒီအိမ်မှာအိပ်တော့ သရဲလေးတွေက ခြေထောက်ကို လာလာဆွဲကြပါတယ် 

အဖွားကမကြောက်တတ်တော့ ကန်ကန်ထုတ်လိုက်ပါတယ် 

———
အဘမြိုင်တယောက် အာရုံထဲ မြင်နေရတဲ့ ကလေးနှစ်ယောက်က ဗိုက်ပူနံကား မျက်လုံးဟောက်ပက်နဲ့

အရိုးပေါ်အရေတင်ကာ မြင်မကောင်းအောင် ရှိနေပါတယ် ဒါကြောင့်ဒီမနက် ငါ့တူမရဲ့အိမ်ကို အရောက်သွားမှဖြစ်တော့မယ် ဆိုပြီး ဖွားဆွေတို့အိမ်ကို ရောက်လာပါတယ် ခြံဝရောက်ရောက်ခြင်းမှာပဲ 

”ဟာ ဒီသရဲလေးက တယ်ချောပါလား ” 

”’ ခြံတခုလုံးလဲ မြင်ရက်စရာမရှိပါလား ”

”မိဆွေ ဖိုးညွှန့် ဟေ့ တယောက်မှ မရှိကြဘူးလား”

”ဘယ်သူလဲရှင် လာပါပြီတော် ”

”ဟယ် ဦးရီးတော့ ဝမ်းသာလိုက်တာတော်”

”ကြွပါ ဦးရီး အိမ်ထဲကြွပါ”

‘နင်တို့အိမ်ဘာတွေဖြစ်နေကြတာလဲ ”

”ငါခြံဝကကြည့်တာနဲ့တင် တော်တော် အခြေအနေဆိုးနေတယ်ဟေ့ ”

”အိမ်း ငါ့တူမတွေ ငါ့မြေးတွေ ငါမကယ်ရင် သေဖွယ်ရှိတော့မယ်”

”ကိုင်း မိဆွေ ” လိုအပ်တဲ့ပစ္စည်းတွေ စာရေးပေးလိုက်မယ် 

သွားဝယ်ချည့်ကွယ် အချိန်ဆွဲမနေနဲ့တော့ ကြာရင် ဒီထက့်ဆိုလိမ့်မယ် ” မြန်မြန်သွားဝယ်ခဲ့…

အဖွားဆွေလဲ အဖွားရွှေကို ခေါ်ပြီးဈေးသို့အမြန်ပြေးလေတော့သည်

ဦးရီးလဲ အိမ်ပေါ်ကကလေးတွေအခြေအနေခဏကြည့်ပြီးခေါင်းတရမ်းရမ်းနဲ့ အိမ်အောက်အရှေ့က ကွပ်ပျစ်မှာထိုင်နေရင်းရေနွေးကြမ်းသောက်နေပါတယ် 

ထိုအချိန်မှာပဲ ဆေးဆရာ ဦးညိုဆိုသောသူရောက်လာပါတယ် ”ဟဲ့ မယ်ဆွေတို့ 

”ဘယ်သွားကြလဲ ငါဆေးလာကုတာဟေ့”

”ဒီကနောင်ကြီး မယ်ဆွေတို့မရှိကြဘူးလားဗျ ”

ဦးရီးမှ ”မရှိဘူးဗျ ဈေးဘက်သွားကြတယ်”

”ဆေးကုဖို့လာတယ်ဆိုရင် ပြန်ပါတော့ ဆေးဆရာ ကျုပ်မြေးတွေကို ကျုပ်ပဲကုပါတော့မယ်”’

ဦးရီးဆီမှ မထင်မှတ်တဲ့စကားကြားရတော့ ဆေးဆရာဦးညိုတယောက် ဒေါသဖြစ်သွားပါတယ်

”ဘာဗျ ဒါကျုပ်လူနာတွေလေ ကျုပ်ခင်ဗျားကို လွှဲပေးလို့လား”

”ကျုပ်မလွဲပေးသေးပဲနဲ့ခင်ဗျားကုလို့မရဘူးလေ ကျုပ်ကိုဘာထင်နေလဲ ကျုပ်ကတင်းပြည့်နော် လာမစမ်းနဲ”

ထိုသို့ပြောနေသောဆေးဆရာဦးညိုအား ဦးရီးမှ စေ့စေ့ကြည့်ရင်း ”ကျုပ်က အစိတ်သားလောက်ပါဗျာ ခင်ဗျားလိုတင်းမပြည့်ပါဘူး ဒါပေမယ့်ကျုပ်တူတွေ ကျုပ်မြေးတွေ ကျုပ်ပဲကုမယ်ဗျာ ”

ဆရာနှစ်ယောက်ငြင်းခုံနေတဲ့အချိန်မှာပဲ အဖွားတို့ညီအမနှစ်ယောက်ဈေးကပြန်လာခဲ့ပါတယ် ခြံဝရောက်တော့ တင်းပြည့်တွေ အစိတ်သားတွေ အသံကြားတော့ 

”အမ ငါတော့ အားနာလိုက်တာဟာ” 

မိဆွေ ဘာမှ အားနာစရာမလိုဘူးငါတို့ဦးရီးကမှ တင်းပြည့် အထက်ဂိုဏ်းကဆရာ ဦးညိုတကယ်စွမ်းရင် နင့်သားသမီးတွေရောဂါ ပျောက်တာကြာပေါ့ အလကားပါအေ” အားနာမနေနဲ့ ထားလိုက်”

ထို့နောက်ဦးညိုလဲ မကျေမနပ်နဲ့ တောက်ခတ်ပြီးပြန်သွားပါတယ်

”ခင်ဗျားကျုပ်အကြောင်းသိစေရမယ် တောက် ”

”ကဲ ကဲ ငါ့တူမတို့ဒီညနေပဲ စကုလိုက်ကြစို့” 

ခြံထဲမှာရှိနေတဲ့သရဲတွေကိုလဲ စည်းတားကာ ချုပ်နှောင်ထားပြီး အိမ်ထဲကိုလဲ သန့်ရှင်းစွာ ပြင်ဆင်လိုက်ပါတယ် ကလေးတွေလဲ ရေမိုးချိုးကာသန့်ရှင်းစွာထားခိုင်းပြီး

ဘုရားစင်ရှေ့ စားပွဲပေါ်မှာအုန်းပွဲ ငှက်ပျောပွဲ ဖယောင်းတိုင် အမွှေးတိုင် များထွန်းထားကာ ဦးရီးကတော့ ကွမ်းရွက်တွေပေါ်မှာ ထုံးနဲ့အင်းတွေရေးနေပါတယ် ။အဖွားဆွေကိုခြေဆင်းထိုင်ခိုင်းထားပြီး ပါးစပ်ကမန်းမှုတ်ကာ

အပင်းထည့်သူကို ခေါ်လိုက်ပါတော့တယ် …

” ကဲ အထက်ဂိုဏ်းဆရာတွေရဲ့အမိန့်အရ ပြုစားထားသူအပင်းထည့်ထားသူရောက်လာစေ” 

အဖွားဆွေတယောက်ခြေဆင်းထိုင်နေရင်းယိုင်ထိုးလာပါပြီ

ဦးရီးမှ ”ကဲ ပြုစားသူရောက်လာပြီဆိုတော့ ကိုယ်လုပ်ထားတာတွေ ကိုယ်ပြန်နှုတ်သွားနော် ငါ့အကြောင်းသိတယ်မှတ်လား အိမ်ထဲမှာရော ကလေးတွေ ဗိုက်ထဲကဟာတွေရော ဘာတခုမှမချန်နဲ့အကုန်ထုတ်စမ်း”

ဝင်စီးနေတဲ့သူလဲ အိမ်ထဲမှာထည့်ထားတဲ့အရာတွေကို တခုချင်းစီပြောပြပါတယ် အဖွားဆွေ ရဲ့ယောင်္ကျားဦးညွှန့်လဲ ပြောတဲ့နေရာကနေတခုချင်းစီ သွားဆွဲထုတ်လာပါတယ် 

”ကုန်ပြီလား ဒါအကုန်ပဲလား မချန်နဲ့နော် ကွမ်းယာကျွေးလိုက်လို့သွေးပွက်ပွက်အံသွားမယ်နော် ”

” မချန်ပါဘူး အဲ့ဒါတွေအကုန်ပါ ” 

”နင်ကငါ့ကိုလိမ်ရဲတယ်ပေါ့လေ အိမ်ခေါင်တိုင်ကြားထိုးထားတဲ့ကြိမ်တုတ်လဲရှိနေသေးတယ် ငါသွားဆွဲထုတ်ပြရမလား” 

ထို့နောက် ဦးရီးလဲ စိတ်တိုတိုနဲ့ အိမ်ခေါင်တိုင်ကြားက ကြိမ်တုတ် အနီရောင်လေးကို ထုတ်ယူလာခဲ့ပါတယ် ထိုကြိမ်တုတ်နဲ့ ဖွားဆွေကို ရိုက်ပါလေရော ထိုကြိမ်တုတ်အနီလေးထက်ပိုင်းကြိုးတဲ့အထိရိုက်နေတုန်းဘေးက ကလေးတွေကတော့ မျက်နှာသေလေးတွေနဲ့ တုန်နေအောင်ကြောက်နေကြပါတယ် 
အဲ့လိုဖြစ်နေတုန်းမှာပဲ ဘေးမှာထိုင်ကြည့်နေတဲ့ ဦးညွှန့်ကို ဆေးဆရာလိမ်အောက်လမ်းယောင်္ကျားကြီးကဝင်ပူးပါလေရောဗျာ ”သတ်မယ် ငမြိုင်ကို သတ်မယ် ငါ့ကိုလာစမ်းနေတယ် ငမြိုင်ကို သတ်ချင်တယ်”’ လို့ ခေါင်းမော့ပြီးပြောနေတော့ ပါးစပ်ထဲကသွားရည်တွေ လည်ပင်းအထိစီးကျအောင်ပြောနေပါတော့တယ် 

ထိုသို့ပြောလာတော့ ဦးကြီးမြိုင်လဲ ဆေးဆရာဝင်ပူးတဲ့ဦးညွှန့်ရဲ့ဗိုက်ကို ဖနောင့်နဲ့ထပေါက်ပါလေရော ”ကဲမှတ်ပလား တင်းပြည့်”

”အားသေပါပြီ ထိုသို့အော်လိုက်သူက ကလေးမလေး မဦးပါ သူ့အဖေကို ဦးရီးထသတ်နေတယ်ထင်ပြီးအော်ငိုနေပါတော့တယ်

”သမီးမငိုနဲ့ တိတ်တိတ်နေ ဒါဆေးကုနေတာ ”

”’ဒင်းတို့ကအောက်လမ်းမောင်နှမတွေ ”

”နှစ်ယောက်ပေါင်းပြီးအသေလုပ်ထားတာ ”

”အခုအိမ်ထဲထည့်ထားတဲ့ဟာတွေရော ကလေးတွေ မစားနိုင်မသောက်နိုင်အောင်လုပ်ထားတာတွေ အကုန်ထုတ်နော် ”

”ခြေဖျားကနေဆံဖျားအထိအကုန်ထုတ်” ကိုယ့်ဟာကိုယ်ထုတ် ငါထုတ်ပေးရင်နင်တို့သေလိမ့်မယ်”

ထို့နောက်မှာတော့ အိမ်ထဲက ထီးစုတ် ဖိနပ်စုတ် ထမီစုတ် နှင့် ဆေးစီရင်ထားတဲ့ကြိမ်တုတ်တွေထွက်လာပြီးမှာတော့ 

”ကဲ နောက်တခါ ဒီလို နာမ်နှိမ်ရင်နင်တို့မောင်နှမ အသေပဲနော် အခု ပညာတွေလှူမလား မကောင်းတဲ့အလုပ်တွေမလုပ်ပါနဲ့တော့ ပညာတွေ လှူခဲ့ကြပါ”  

တင်းပြည့်လဲ မခံနိုင်တော့ဘူး နှစ်ယောက်လုံး ပညာတွေလှူပါတယ် ပြောပြီးထွက်သွားပါတယ်  ဦးရီးကုပေးမှပဲ ကိုဇော်ကြီးနဲ့မဦးတို့အစားပြန်စားနိုင်ပါတော့တယ် 

တဖြည်းဖြည်း နဲနဲချင်းစီစားနိုင်ရင်းကနေ ပုံမှန်ပြန်ဖြစ်သွားပါတယ် အောက်လမ်းမောင်နှမကတော့ 

ဘယ်လိုဖြစ်သွားလဲမသိဘူး ဝမ်းတွေသွားပြီး သေဆုံးသွားကြပါတယ် မောင်နှမနှစ်ယောက်မှန်းအစကမသိပေမယ့် ဦးရီးပြောပြမှ သိကြတာပါ သူတို့နှစ်ယောက်က တနေရာစီနေကြတဲ့အတွက် သတိမထားမိကြတာပေါ့လေအဖွားပြောပြရင်း သဘောကျတာလေးတခုက ဇော်ကြီး ဘာမှ မစားရတာကြာတော့ အငမ်းမရ စားထားတဲ့ သူ့ဗိုက်ပူနံကားလေ ကို သပိတ်လို ပိုက်ရင်း 

”ဟေ့ ငါ့ဗိုက်ကို မထိကျနဲ့နော် ဖယ်ကျ ”လို့ ပြောပြောပြီးရီနေတာလေး အခုထိမျက်စိထဲကမထွက်ဖူးလို့ ပြောနေပါတော့တယ် ……
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ…

အားလုံးကို လေးစားခင်မင်လျက်…

Credit-Chit Htet Min Min

အသားပိုကြောင့် ကိုယ်ဝန်ဆောင်သဖွယ်ဖြစ်နေသည့် အမျိုးသား ခွဲစိတ်မှုခံယူ 

  

အသက် ၃၃ နှစ်အရွယ် ဇန်ချန်းအမည်ရတဲ့ အမျိုးသားဟာ ၀မ်းဗိုက်တွင်း အသားပိုအလုံးကြောင့် ကိုယ်ဝန်ဆောင်တဦးသဖွယ် ဖြစ်လာခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှာတော့ ခွဲစိတ်မှု ခံယူခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။

ဇန်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်ခရိုင်မှာ နေထိုင်သူတဦးဖြစ်ကာ ၂၀၀၄ ခုနှစ်မှာ ၀မ်းဗိုက်တွင်း အသားပိုရှိနေတာကို သတိထားမိခဲ့ပြီး ကြီးသထက် ကြီးလာခဲ့တယ်လို့ ဆိုပါတယ်။
အသားပိုရဲ့ အလေးချိန်ဟာ ၁၅ ကီလိုဂရမ်ရှိတာမို့ သူ့ကို ကိုယ်ဝန်ဆောင်တဦးကဲ့သို့ ဖြစ်လာစေခဲ့ကာ အတွင်းပိုင်း အစာအိမ်နဲ့ အူ စတဲ့အင်္ဂါတွေကို ဖိအားတခုလို ဖြစ်လာခဲ့တာမို့ ချန်ဒူးမြို့ အထွေထွေစစ်ဆေးရုံမှာ ခွဲစိတ်ခဲ့ရတာပါ။ခွဲစိတ်ဆရာဝန် ဒိုင်ရူဝူက ဒီခွဲစိတ်မှုဟာ သွေးထွက်များလွန်းတာမို့ တော်တော့ကို စွန့်စားခဲ့ရတယ်လို့ ပြောပါတယ်။ဆေးပညာရှင်တွေဟာ ခွဲစိတ်မှုအောင်မြင်ဖို့ အချိန် ၆ နာရီကြာအောင် ပြုလုပ်ခဲ့ကြရတာပါ။

လက်ရှိမှာတော့ ဇန်ဟာ ဆေးရုံ အထူးကြပ်မတ်ကုသဆောင်ထဲမှာ ရှိနေပြီး နောက်ဆက်တွဲ ရောဂါရှာဖွေစမ်းသပ်မှုတွေ လုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

DVB

သူရဦးရွှေမန်း၏ ပြောကြားချက်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ကန့်ကွက်

သူရဦးရွှေမန်း၏ “စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) ၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန်” စာလွှာပါ ပြောကြားချက် များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့(ဧပြီ ၂၆ ရက်) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

“သူရဦးရွှေမန်း၏ တရားဝင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာ၌ ရေး သားဖော်ပြချက်များနှင့် သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်ဆင့်ရေး သား ဖော်ပြချက်များသည် နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွား ကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ တပ်မတော်ပြိုကွဲရေး၊ အစိုးရအဆက်ဆက် ၏ နိုင်ငံတော်အတွက် လုပ်ဆောင်ချက်များနှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် ပြည်သူများက အထင်မှား အမြင်မှား ဖြစ်စေနိုင်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည့်အ တွက် ကန့်ကွက်ပါကြောင်း”ဟု အဆိုပါထုတ်ပြန်ချက်၏ နိဂုံးပိုဒ်တွင် ကန့်ကွက်ကြောင်းကို ဖော်ပြထားသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အပြည့်အစုံမှာ –

၁။ ဧပြီ ၂၃ ရက်နေ့တွင် ကျရောက်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင် တန်း အမှတ်စဉ်(၁၁)၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနှစ်ပတ်လည် အထိမ်းအမှတ် မေတ္တာမွန်စာလွှာကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏ တရားဝင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သလို ၄င်း မေတ္တာမွန်စာလွှာ အပေါ်မူတည်၍ သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်မံထည့်သွင်းရေးသား ဖော်ပြခဲ့ကြပါသည်။
၂။ အဆိုပါစာပါ ညီနောင်များ(အမေ့သား)သည် စစ်တက္ကသိုလ်ကျောင်း ဆင်းများကိုသာ သီးသန့်ရည်ညွှန်းသည့် သဘော သက်ရောက်စေသည့် အတွက် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိများ၊ အငြိမ်းစားယူပြီးကြသော တပ်မတော်( ကြည်း၊ ရေ၊ လေ) အရာရှိများနှင့် စစ်မှုထမ်း(လက်ရှိ/အငြိမ်းစား) များအားလုံးအတွက် သွေးကွဲစေပြီး တပ်မတော်ပြိုကွဲရေးကိုပါ ဦးတည် သက်ရောက်စေသည်ကို တွေ့ရှိရပါသည်။
၃။ ပြည်သူများက ရွေးချယ်တာဝန်ပေးအပ်ထားသော အစိုးရအဖွဲ့က တာဝန် ယူ၊ တာဝန်ခံဆောင်ရွက်နေပြီး ထိုအစိုးရအဖွဲ့သည် နိုင်ငံတော်ကောင်းအောင် ပြည်သူ့အကျိုးစီးပွား ဖြစ် ထွန်းအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြချက်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် သမိုင်းကြောင်းအရ ပေါ်ပေါက်ခဲ့သော ရွေးချယ် တင်မြောက်ခံ အစိုးရများအပါအ၀င် အစိုးရအဆက်ဆက် လက်ထက် တွင် နိုင်ငံတော်နှင့် ပြည်သူ့အတွက် မည်သည့်အကျိုးစီးပွား ကိုမျှ ဖော်ဆောင် လုပ်ကိုင်ပေးခဲ့ခြင်း မရှိသည့်သဘော သက်ရောက် စေသည်ကို တွေ့ရှိရပါ သည်။

၎။ တို့ညီနောင်များကလည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာတရားဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အချိန်အခါ ကောင်းဖြစ်ပါသည် ဟူသော ဖော်ပြချက် ၌ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပမီကာလနှင့် ရွေးကောက်ပြီး အစိုးရအဖွဲ့ဖွဲ့စည်းသည့် ကာလတစ်လျှောက်တွင် တပ်မတော်သည် ပြည်သူ များက ရွေးချယ်သော အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အစဉ်တစ်စိုက် ပြောဆို လုပ်ဆောင်ခဲ့သည် များကို လျစ်လျူရှုလျက် တပ်မတော် က ပူးပေါင်းဆောင်ရွက်မှု မရှိသယောင် မြှောက်ပင့်ပေးသည့် သဘောထားကို သက်ရောက်စေကြောင်း တွေ့ရှိရပါသည်။

၅။ သို့ဖြစ်ပါ၍ သူရဦးရွှေမန်း၏ တရားဝင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ၌ ရေးသားဖော်ပြချက် များနှင့် သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်ဆင့်ရေး သား ဖော်ပြချက်များသည် နိုင်ငံနှင့် ပြည်သူလူထု၏ အကျိုးစီးပွား ကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ တပ်မတော်ပြိုကွဲရေး၊ အစိုးရအဆက်ဆက် ၏ နိုင်ငံတော်အတွက် လုပ်ဆောင်ချက်များနှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် ပြည်သူများက အထင်မှား အမြင်မှား ဖြစ်စေနိုင်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည့် အတွက် ကန့်ကွက်ပါကြောင်း ဖော်ပြအပ်ပါသည်။

ထိုင်းနိုင်ငံ ပတ္တရားမှာ မိန်းမလျာတွေသောင်းကျန်းနေ၊ တိုးရစ်များ လုယက်ခံနေရ

  
ထိုင်းနိုင်ငံတွင် မလုံ့တလုံအမျိုးသမီးများ ကျက်စားနေကြသည့် အပန်းဖြေစခန်းများ၌ တိုးရစ်များကို လုယက် ရိုက်နှက်နေကြသော တနေ့တခြားတိုးပွားလာသည့် မိန်းမလျာအုပ်စုများကို ထိုင်းရဲတပ်ဖွဲ့က ကြိုးစားနှိမ်နင်း နေကြရသည်။ နောက်ဆုံးပေါ်ဖြစ်ရပ်တခုတွင် လုဇ်မိုလားဆိုသော ဂျာမန်ကမ္ဘာလှည့်ခရီးသွားတဦးကို မိန်းမလျာနှစ်ဦးက ချဉ်းကပ်ပြီးနောက် ကျောက်ခဲဖြင့် မျက်နှာကိုထုကာ လုယက်မှုတရပ် ပတ္တရားဒေသတွင် ဖြစ်ပွားခဲ့သည်။ 

  
ယင်းကဲ့သို့ ရိုက်နှက်ခံရမှုကြောင့် ဂျာမန်တိုးရစ်သည် သတိမေ့မြောသွားပြီး ပါသမျှငွေများ လုယက်ခံခဲ့ရသည်။ လုဇ်မိုလားသည် နှာခေါင်းရိုးကျိုးကာ မျက်နှာတွင် ဒဏ်ရာများရရှိသွားသည်။ လုယက်သူများကို ဖမ်းဆီးရမိခဲ့သည်။

ယင်းဖြစ်ရပ်မဖြစ်ပွားမီက မိန်းမလျာဂိုဏ်းအုပ်စုတစုသည် ပတ္တရားရှိလမ်းများပေါ်တွင် လှည့်လည်လျှောက် သွား၍ တိုးရစ်များကို ချောင်းမြောင်းလိုက်လံရှာဖွေကာ နာရီများ၊ လက်စွပ်များနှင့် ငွေကြေးများကို လုယက်ခဲ့ ကြသည်ဟုဆိုသည်။ 

ထိုင်းနိုင်ငံတွင် လိင်ကိစ္စပျော်ပါးရန် အကောင်းဆုံးနေရာဖြစ်နေသည့် ပတ္တရားနှင့်ဖူးခက်တို့၌ယခုကဲ့သို့မိန်းမလျာများလုယက်သောင်းကျန်းနေမှုသည် တနေ့တခြား တိုးပွားလာနေကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောသည်။

ပြီးခဲ့သော ဒီဇင်ဘာလက ပတ္တရားမြို့ရှိ ညကလပ်စ် စတုတ္ထအလွှာမှာ အသက်(၂၈)နှစ်အရွယ်နားမီကီးဂိုဘာဒီဆိုသောဗြိတိသျှတိုးရစ်တဦးပြုတ်ကျသေဆုံးမှုနှင့်ပတ်သက်၍ ရဲက မိန်းမလျာလေးယောက်ကို ခေါ်ယူစစ်ဆေး ခဲ့ရာ ငွေကြေးအခပေးသည့်ကိစ္စနှင့်ပတ်သက်၍ သူတို့ထဲမှတယောက်နှင့် စကားများပြီး တိုက်ပွဲမှ ပြုတ်ကျသေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း မိန်းမလျာများက ပြောခဲ့သည်။

မိန်းမလျာများပါဝင်ပတ်သက်နေသည့် ပြဿနာများ နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း၊ ထိုင်းရဲများအတွက် ပြဿနာကြီးတခုဖြစ်နေကြောင်း ပတ္တရားရဲဌာနချုပ်မှ ရဲမှူးကြီးဆွက်တပ်ဟွမ်းပန်မောင်က ပြောကြားခဲ့သည်။ မိန်းမလျာတွေဟာ တိုးရစ်တွေကို လုယက်ဖို့ အတင့်ရဲစွာနဲ့ တိုက်ခိုက်လာကြရုံမကဘူး လိင်ကိစ္စအတွက်လည်း တိုးရစ်တွေကို အနှောင့်အယှက်ပေးပြီး မြှူဆွယ်နေကြတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

 ”ကျွန်တော်က အမျိုးသမီးလို့ထင်တဲ့ သူတို့နှစ်ယောက်က ချဉ်းကပ်လာပြီး လိင်ကိစ္စပျော်ပါးဖို့ ခေါ်ကြတယ်။ ကျွန်တော်က ငြင်းတော့ သူတို့နှစ်ဦးက ကျောက်ခဲနဲ့ထုပြီး မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးသွားကြတယ်”ဟုဗြိတိန်တိုးရစ်မစ္စတာမိုလာကသတင်းထောက်ကို ပြောပြခဲ့သည်။

ထွဋ်ဝင်းထွဋ်

Daily Mail

အာကာသထဲမှာ ရာသီလာရင် ဘယ်လိုလုပ်မလဲ..


ကမ္ဘာတဝှမ်းမှာ အမျိုးသမီးများဟာလည်း အမျိုးသားများ နှင့် ရင်ဘောင်တန်းပြီး အလုပ်တွေလုပ်ကိုင်နေကြပါတယ်။ ဒါပေမယ့် သဘာဝတရားက ပေးထားတဲ့ ဖြစ်စဉ်တွေကိုတော့ ပြောင်းလဲပြစ်ဖို့ မလွယ်လှပါဘူး..။ အမျိုးသမီးများဟာ (အပျိုဖော်ဝင်ချိန်မှစပြီး.. သွေးဆုံးသည်အထိ) တစ်လ (၂၈ ရက်ဝန်းကျင်) လျှင် တစ်ကြိမ် ရာသီသွေးဆင်းပါတယ်..။

 တကယ်လို့သာ အဲ့ဒီ့အမျိုးသမီးဟာ အာကာသယာဉ်မှူးတစ်ဦး ဖြစ်နေမယ်.. အာကာသကို ရောက်ရှိနေခဲ့မယ်ဆိုလျှင်.. ဘာတွေဖြစ်မလဲ..။ ရာသီသွေးဟာ စင်အောင်သုတ်ပစ်ဖို့ လိုသလို.. အမျိုးသမီး လိင်အင်္ဂါကိုလည်း သန့်ရှင်းအောင် ထားဖို့လိုအပ်ပါသေးတယ်။ ကျင်ငယ်ရေ (ဆီး) ကို ပြန်သောက်လို့ရအောင် လုပ်ထားတဲ့ နိုင်ငံတကာ အာကာသစခန်းမှာ ကျင်ငယ်ရေထဲ ရာသီသွေး ရောပါနေလျှင်တော့ သိပ် မကောင်းဘူးပေါ့..။

အာကာသယာဉ်မှူး အမျိုးသမီးတွေအတွက် အကာသ ခရီးစဉ်ဟာ အချိန်တိုလျှင်တော့.. ဟော်မုန်းစားဆေးလေး သောက်သွားလို့ ရပါတယ်။ (တနည်း) ရက်ရှောင်သွားလို့ ရပါတယ်..။ ဒါပေမယ့် ကာလရှည်ကြာမယ့် (ဥပမာ ၆ လလောက်ကြာမယ့် နိုင်ငံတကာ အာကာသစခန်း ခရီးမျိုး) ဆိုလျှင်တော့.. LARCs လို့ခေါ်တဲ့ long-acting reversible contraceptives သားဆက်ခြားဆေးတွေကို ရွေးချယ်ကြပါတယ်။ ဒီဆေးများဟာ အမျိုးသမီးများကို ကာလရှည် ရာသီမလာအောင် ထိန်းထားပေးပြီး.. နေ့စဉ် လုပ်ဆောင်တဲ့ လုပ်ငန်းဆောင်တာများကိုလည်း ထိခိုက်မှုမရှိစေပါဘူး..။


ဒါပေမယ့် တချို့သော ဟောမုန်းဆေးများ၊ သားအိမ်တွင်းထည့် ပစ္စည်းများဟာ ကာလရှည်ကြာသုံးမှ ထိရောက်မှုရှိတဲ့အတွက် (တနည်း) ရာသီထိန်သွားတဲ့အတွက်.. အာကာသယာဉ်မှူး အမျိုးသမီးများဟာ ဒီဆေးကို အာကာသထဲမသွားမီ ၁ နှစ်ခွဲ ၂ နှစ်လောက် ကြိုတင်ပြီး အသုံးပြုရတယ်လို့ ဆိုပါတယ်..။
အနာဂတ် ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)


   
   
နေပြည်တော်၊ ဧပြီ ၂၆

(Unicode Version)
တပ်မတော်ရဟတ်ယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် မုန်တိုင်ဆည်အတွင်း ထိုးဆင်းပျက်ကျ

နေပြည်တော်၊ ဧပြီ ၂၆
မိတ္ထီလာတပ်နယ်၊ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ်အမှတ် ၀၁၂၅ သည် ယနေ့နံနက်ပိုင်း လေ့ကျင့်ပျံသန်းမှုဆောင်ရွက်စဉ် ၀၈၂၆ နာရီတွင် စက်ချို့ယွင်းမှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မုန်တိုင်ဆည်အတွင်း ထိုးဆင်းပျက်ကျခဲ့သည်။ ယင်းရဟတ်ယာဉ်အား လေသူရဲ ဗိုလ်မှူး ဝင်းအောင်နှင့် ဗိုလ်မှူး ခွန်ကျော်လှိုင် တို့က မောင်းနှင်၍ မုန်တိုင်ဆည်အတွင်း ကမ်းစပ်မှ ပေ ၅၀၀ အကွာ ရေပြင်အထက် ပေ ၃၀၀ ခန့်မှ ရုတ်တရက်စက်ချို့ယွင်း၍ ရေထဲသို့ ထိုးဆင်းပျက်ကျခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ် ရေထဲပျက်ကျချိန်တွင် ဆည်အတွင်းရှိ ငါးဖမ်းလှေများက လေသူရဲနှစ်ဦးအား ချက်ချင်းဆယ်ယူနိုင်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားရာသို့ မုန်တိုင်ရှိ တပ်မတော်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် အဖွဲ့ဝင်များ ထပ်မံရောက်ရှိ၍ မျက်နှာတွင် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) အနည်းငယ်မျှသာ ရရှိ ထားသည့် လေသူရဲနှစ်ဦးကို ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။ ယင်း Bell-206 ရဟတ်ယာဉ်သည် ၁၉၇၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အသုံးမပြုနိုင်တော့သဖြင့် ၂၀၁၂ ခုနှစ်တွင် ပြည်ပ ကုမ္ပဏီတစ်ခုနှင့် အကြီးစားပြင်ဆင်မှုများ ပြုလုပ်၍ လေ့ကျင့်ရေးရဟတ်ယာဉ်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။ ပျက်ကျရဟတ်ယာဉ်မှာ မုန်တိုင်ဆည်အတွင်း နစ်မြှုပ်သွားခဲ့ပြီး ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများအား စုံစမ်းစိစစ်လျက်ရှိကြောင်း သတင်းရရှိသည်။

လပ်တော့တစ်လုံးလိုချင်လို့Game of Thronesမှာ သရုပ်ဆောင်ခဲ့တဲ့မင်းသမီး

   
 
Game of Thrones ဇာတ်လမ်းတွဲနဲ့နာမည်ကြီးလာသူတစ်ယောက်ဖြစ်တဲ့ Maisie Williiamsဟာ သူမအနေနဲ့လပ်ပ်တော့တစ်လုံးလိုချင်လို့ ဒီဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ Game of Thronesဇာတ်ကားမှာ သူစတင်သရုပ်ဆောင်ခဲ့တဲ့အချိန်က အသက်၁၂နှစ်အရွယ်ပဲ ရှိပါသေးတယ်။

အခုအသက်၁၉ နှစ်ဖြစ်လာခဲ့တဲ့အထိ သူပါဝင်ခဲ့တဲ့ Game of Thrones ကအောင်မြင်နေဆဲပါပဲ။ သူမအနေနဲ့Saturn Awardဆိုတဲ့ လူငယ်သရုပ်ဆောင်ဆုကိုလည်း ရရှိခဲ့ပြီးဖြစ်သလို အခြားဆုတွေလည်းရရှိထားပါတယ်။ဒါပေမယ့် ဒီလိုမျိုးအောင်မြင်ဖို့ အစကရည်မှန်းပြီး သရုပ်ဆောင်ဖြစ်ခဲ့တာတော့မဟုတ်ပါဘူး။ ဒီဇာတ်လမ်းတွဲအတွက်သရုပ်ဆောင်တွေရွေးတော့ သူဝင်ပြိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ လပ်တော့အသစ်တစ်လုံးလိုချင်လို့ပါတဲ့။

“ကျွန်မအရမ်းကို စိတ်ဝင်စားခဲ့တဲ့အရာက ကျွန်မပိုက်ဆံနဲ့ကျွန်မ လက်ပ်တော့တစ်လုံးဝယ်ချင်ခဲ့တာပါ။ ကျွန်မရဲ့ပထွေး Garyက ကျွန်မကိုကြည့်ပြီး Maisieရေ လပ်တော့၂လုံး၊ သုံလုံးလောက်အထိ ပိုက်ဆံနင်ရနိုင်တယ်နော်”လို့ ကျွန်မကို ပြောခဲ့ပါတယ်။

“ရုတ်တရက်ကြီး ကျွန်မရဲ့အကသင်တန်းဖိုးတွေ၊ ကျောင်းစရိတ်တွေ၊ ကျွန်မအဖေနဲ့အမေပေးခဲ့ရတဲ့အရာတွေအားလုံးကို ကျွန်မဘာသာပေးနိုင်လောက်အောင် ပြောင်းလဲခဲ့တယ်”လို့ သူမကဆိုပါတယ်။

Game of Thronesရဲ့ seasonအသစ်က ပြန်စတော့မှာဖြစ်ပြီးနောက်ဆုံးပြီးခဲ့တဲ့အခန်းမှာတော့ Arya ဟာ မျက်လုံးကန်းသွားခဲ့ပါတယ်။ အခုတော့ ဘာဆက်ဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုရတော့မှာပါ။ သူမဟာGame of Thrones အပြင် The Devil And The Deep Blue Sea မှာ Jessica Biel, Jason Sudeikisတို့နဲ့ ပါဝင်သရုပ်ဆောင်ရဖို့ရှိနေပါတယ်။
Source: metro

shwemom

ထားဝယ်ဒေသရှိ လောင်းလုံးဘုတ်ကျွန်းမှာ တပ်ပိုင်မြေ ဖြစ်သောကြောင့် ကျွန်းပေါ်ရှိ လူနေတဲများနှင့် ခရီးသွား လုပ်ငန်းများ ဧပြီ ၃၀ ရက် နောက်ဆုံးထား ဖယ်ရှားရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးက ညွှန်ကြားချက် ထုတ်ပြန်ထား

 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဒေသ အတွင်းရှိ လောင်းလုံးဘုတ်ကျွန်းသို့ လာရောက် လည်ပတ်နေသူများအား တွေ့ရစဉ် (ဓာတ်ပုံ – ဖြိုးဇင်)

၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ပြည်တွင်း ခရီးသွားများအကြား နာမည်ရလာပြီး သွားရောက် လည်ပတ်မှု များခဲ့သော တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ဒေသ အတွင်းရှိ လောင်းလုံးဘုတ်ကျွန်းမှာ တပ်ပိုင်မြေ ဖြစ်နေသောကြောင့် ကျွန်းပေါ်ရှိ လူနေတဲများနှင့် ခရီးသွား လုပ်ငန်းများအား ဧပြီ ၃၀ ရက် နောက်ဆုံးထား ဖယ်ရှားရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ စာထုတ်ပြီး ညွှန်ကြားထားကြောင်း ထားဝယ်ခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

မောင်းမကန် ကမ်းခြေမှ ရေမိုင် ၂၀ ကျော်ခန့်အကွာ စက်လှေဖြင့် သုံးနာရီခန့် ခုတ်မောင်းရသည့် လောင်းလုံးဘုတ်ကျွန်းသို့ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းမှစ၍ ဒေသခံအချို့ သွားရောက်ခဲ့ရာမှ စတင်ကာ ပြည်တွင်း ခရီးသွားများအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး ခရီးစဉ်သစ် တစ်ခုအနေဖြင့် သွားရောက်မှု များခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ တပ်ပိုင်မြေဖြစ်သည့် လောင်းလုံးဘုတ်ကျွန်းမှာ လုံခြုံရေးအရ တားမြစ်နယ်မြေဖြစ်၍ ခရီးသွား ကုမ္ပဏီများမှ ခရီးသွား လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရန် ဧပြီ ၄ ရက်က စာထုတ်၍ အကြောင်းကြားထားကြောင်း ထားဝယ်ခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူးက ပြောကြားသည်။

“ကျွန်းပေါ်ကို လိုင်စင်ရှိရှိ၊ မရှိရှိ သွားခွင့်မပြုတော့ဘူး။ ဒီတော့ ခရီးသွားလုပ်ငန်း လုပ်နေတဲ့သူတွေနဲ့ ဒီလုပ်ငန်းအပေါ် မှီခိုနေကြတဲ့ ဒေသခံတွေ နစ်နာတာပေါ့။ ဘုတ်ကျွန်း ခရီးစဉ်ကြောင့် ဒီနှစ်ထားဝယ် သင်္ကြန်ကို ခရီးသွားတွေ သိသိသာသာ ၀င်လာခဲ့တယ်။ ဧပြီ ၂ ရက်က လုပ်ငန်းရှင်တွေကို ခေါ်တွေ့ပြီးတော့ ဧပြီ ၄ ရက်မှာပဲ စာထုတ်ပြီး တားမြစ်လိုက်တယ်။ ဒီနေ့မှာတော့ ဘုတ်ကျွန်းဘက်ကို သွားနေတဲ့နေရာတွေမှာ မသွားဖို့ တားတယ်။ တကယ်လို့ တားမြစ်နေတာကို သွားခဲ့ရင် ရဲအရေးပိုင်တဲ့ အမှုနဲ့ တရားစွဲလို့ ရတယ်။ ရေကြောင်းကလည်း တရားစွဲလို့ရတယ်။ ဟိုတယ်/ခရီးကလည်း ဥပဒေအရ အရေးယူတာကိုပါ ခံရမယ်။ ဘုတ်ကျွန်းကို သွားခွင့်ပြု၊ မပြုက အစိုးရရဲ့ ဖြေလျှော့မှုအပေါ် မူတည်တယ်။ တရားဝင် လုပ်ချင်ရင်တော့ ဦးတို့ဌာနက ကြပ်မတ်ပေးသွားမယ်” ဟု ထားဝယ်ခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးက ပြောကြားသည်။

လောင်းလုံးဘုတ်ကျွန်းပေါ်၌ ရေချိုခပ်ယူသည့် တံငါလှေငယ်များ၊ ယာယီတဲများ၊ ရာသီဥတု အခြေအနေကြောင့် ၀င်ရောက်ခိုလှုံသည့် ရေယာဉ်များရှိပြီး ကျွန်းပေါ်၌ ဟိုတယ်ဆောက်လုပ်ရန် လာရောက် လေ့လာမှုများ ရှိနေသည့် သတင်းကြောင့် အသေးစိတ် သိရှိနိုင်ရန် အမှတ် (၄၉) ရေတပ်ရှေ့တန်း စခန်းမှ စခန်းမှူး ဦးစီး၍ အင်အား ၁၀ ဦးခန့်ဖြင့် သွားရောက်စုံစမ်းရာ ကျွန်းပေါ်ရှိ လူနေ ယာယီတဲများနှင့် မိသားစုများအား တွေ့ရှိခဲ့သဖြင့် ကျွန်းမှာ ၁၉၉၉ ခုနှစ် စက်တင်ဘာ ၇ ရက်က စာအမှတ် ၂၀၁၀/၂-၅/ဦး ၁ ဖြင့် ပြည်ထဲရေး ၀န်ကြီးဌာနက မောရ၀တီ ရေတပ်စခန်း ဌာနချုပ်သို့ လွှဲပြောင်းပေးထားပြီး ဖြစ်ကြောင်း၊ ထို့ပြင် ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများမှ ဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်း ၀င်ရောက်သည့် ပုဒ်မ ၁၄၄ ဧရိယာနှင့် ၂၅ မိုင်ခန့်သာ ကွာဝေးသည့်နေရာတွင် တည်ရှိကြောင်း၊ ကျွန်းမှာ တပ်ပိုင်မြေဖြစ်သဖြင့် ကျွန်းပေါ်ရှိ လူနေတဲများအား လိုအပ်သလို ဖယ်ရှားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးပါရန် ညွှန်ကြားစာဖြင့် တင်ပြလာသောကြောင့် ခရီးသွားလုပ်ငန်းများ မရှိစေရေး၊ လူနေတဲ ဆောက်လုပ်နေထိုင်မှုကို ဖယ်ရှားစေရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ဧပြီ ၃၀ ရက်တွင် ပြန်လည်တင်ပြရန်ဟူ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြောင်းကြားလာသည့် စာတွင်ပါရှိသည်ဟု သိရသည်။ 

ကျေးဇူးပြု၍ သေချာလေးဖတ်ကြည့်ပေးစေချင်ပါတယ်

~~~~~~~~~~~~~~~~~~~~~
   
   
 ဒီနေ့မနက် ကျွန်တော် ရန်ကုန်ပြန်ဖို့ ရထားလက်မှတ်ဝယ်ဖို့ ဘူတာမှာစောင့်နေတုန်း မထင်မှတ်တာလေးတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ ချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက် ကို ပုံမှာမြင်တဲ့အတိုင်းပဲ ရဲကချီထားပါတယ်။ ကလေးက ယခု ကျနော်ဓာတ်ပုံမရိုက်ခင်ထိ ငိုနေတာပါ… ကျွန်တော့် အဖေက ကလေးကို အငိုတိတ်အောင်ဆိုပြီး ချော့မြူဖို့လုပ်တဲ့အချိန်မှာ ကလေးငယ်ရဲ့ စိတ်မကောင်းဖွယ်ဖြစ်ရပ်ကို ကြားလိုက်ရပါတယ်။ “ကလေးလေး ကို မနက် ငါးနာရီလောက်မှာ ဒီဘူတာမှာတွေ့တာ” တဲ့ “အဝတ်ထုပ်လေးနဲ့” တဲ့ ကျွန်တော် အပါအဝင် ဘူတာမှာ ခရီးသွားဖို့ အတွက် လက်မှတ်တန်းစီနေကြတဲ့ လူအပေါင်း အံ့အားသင့်သွားပါတယ်။ ကလေးလေးတစ်ယောက်ထဲ ငိုနေတော့ ရဲကလည်း ပတ်ဝန်းကျင်မှာ မိဘတွေများရှိမလားဆိုပြီး ရှာကြည့်ပေမယ့် မရှိပါဘူး။

ဖြစ်နိုင်တာကတော့ စွန့်ပစ်သွားတာ ဖြစ်ဖို့များတယ်တဲ့ ကျွန်တော်လည်း စိတ်မကောင်းဖြစ်မိပါတယ် ကလေးက ခုမှ ၂ နှစ်ခွဲ ၃ နှစ်ပတ်ဝန်းကျင်လေးပဲရှိသေးပါတယ်ဗျာ တကယ်စွန့်ပစ်တာ ဖြစ်ဖို့များတယ်လို့ ကျွန်တော်လဲထင်မိပါတယ်။ အဲ့ဒါနဲ့ ကလေးနဲ့ ပတ်သက်တဲ့ အထောက်အထား အချက်အလက်တွေကို ရဲတွေက ကလေးနဲ့ အတူရှိတဲ့ အဝတ်ထုပ်ကို ဖြည်ပြီး ရှာကြည့်ပေမယ့် ဘာအချက်လက်မှ မရှိပါဘူး နာမည်လေးတောင် တစ်စွန်းတစ်စမရှိပါဘူး။

ကလေးလေးကို ဗိုက်ဆာမှာစိုးတာနဲ့ ရဲတွေက မုန့်ကျွေးဖို့လုပ်ပေမယ့်လည်း ကလေးက မစားဘဲ အော်ပဲငိုနေတယ်တဲ့ အမေကို အော်ခေါ်နေတာ တကယ် သနားဖို့ကောင်းပါတယ်ဗျာ ကျွန်တော် လက်မှတ်တန်းစီနေတုန်းမှာလဲ တောက်လျှောက်ငိုနေတာကို တွေ့ရပါတယ်။ ကလေးက ရုပ်ရည်သန့်ပါတယ် ယောက်ျားလေးပါ စွန့်ပစ်တာဆိုရင်တော့ လူမဆန်တာပါပဲ ကလေးကို ဒီအရွယ်ရောက်ကာမှ စွန့်ပစ်တာဆိုရင်တော့ မိဘတွေက တော်တော်လေးကိုမှ လူစိတ်မရှိတာပါ ကျွန်တော်လဲ ခုလို မျက်မြင်တွေ့လိုက်ရတော့ ရင်ထဲ တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒီအရွယ် ကလေးငယ်က ဘာအပြစ်ရှိလို့လဲဗျာ ဘာသိဦးမှာလဲ ဘာမှ မသိသေးတဲ့ ကလေးကို စွန့်ပစ်တာဆိုရင် သူ့မိဘတွေက တကယ် လူစိတ်မရှိတာပါ စီးပွားရေး မပြေလည်ရင်တောင် ဒီလိုတော့ မလုပ်သင့်ပါဘူးဗျာ။

ရဲတွေကတော့ ပတ်ဝန်းကျင်ကိုတော့ ကလေးတစ်ယောက်တွေ့ရှိထားကြောင်း တတ်နိုင်သလောက် အသိပေးထားတယ်လို့ သိရပါတယ်။ တကယ်လို့ ကလေးပျောက်တာဆိုရင်တော့ ပြည်ဘူတာက ဘူတာရဲမှာ ကလေးနဲ့ ပတ်သက်တာသွားရောက်စုံစမ်းနိုင်ပါတယ်ဗျာ။ တစ်ဆင့်စကား တစ်ဆင့်ကြားအောင် ယခုအကြောင်းအရာကို တစ်ချက်လောက် ကလေးအတွက် စဉ်းစားပြီး ဝိုင်း Share ပေးစေလိုပါတယ်။ ကျွန်တော် တစ်ခါမှ ခုလို အကူညီမတောင်းဖူးပါဘူး ခု ကျွန်တော် အကူညီတောင်းပါရစေ Share ပေးကြပါဗျာ။ ကလေးငယ်သာ မိဘတွေနဲ့ ကွဲပြီးပျောက်ဆုံးတာမှန်ခဲ့ရင် မိဘတွေလည်း ရင်ထဲမှာ တော်တော်ပူပြီး ဗျာများနေမှာပါ သူငယ်ချင်းတို့အားလုံးကို အကူညီတောင်းပါတယ် ကူညီပြီး Share ပေးကြပါဦးဗျာ။

မိမိသူရဦးရွှေမန်းအား အနားပေးထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ တင်ပြချက်

  
❖ ကျွန်တော့်အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဧပြီလ(၂၂) ရက်နေ့တွင် အနားပေးခဲ့ကြောင်း အကြောင်းကြားစာ လက်ခံရရှိခဲ့ပါသည်။ သတင်းများအရ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်အများစု အပါအ၀င် ပါတီဝင်(၁၇)ဦး ပါဝင်ကြောင်း သိရပါသည်။

❖ ဤကိစ္စအတွက် အများပြည်သူ၏ ထင်မြင်ယူဆချက် သဘောထားအမြင် နှင့် မိမိခံစားမှုနီးစပ်မှုရှိပါသည်။ 

❖ မိမိသည် ပါတီဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပါတီကို ကိုယ်စားပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပြည်သူ့အကျိုးအတွက် မိမိ၏ နိုင်ငံရေး ခံယူချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမည်။ မိမိ၏ နိုင်ငံရေးခံယူချက်မှာ ပြည်သူ့ဘ၀လုံခြုံရေး၊ ပြည်သူကောင်းစားရေးနှင့် နိုင်ငံတိုးတက်ရေးဖြစ်ပါသည်။

❖ ယခုအခါ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေရ၍ မိမိ၏ နိုင်ငံရေးခံယူချက်ကို လွှတ်တော်၊ အစိုးရ၊ ပြည်သူများနှင့်အတူ နိုင်ငံနှင့်နိုင်ငံသား အကျိုးစီးပွားအတွက် ထိထိရောက်ရောက် မှန်မှန်ကန်ကန် ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ထားပါသည်။

❖ သို့ရာတွင် မိမိနှင့်ကော်မရှင်အဖွဲ့ဝင်များ၊ အခြားပါတီဝင်များအပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ထိပ်ပိုင်းခေါင်းဆောင်ဆိုသူအချို့၏ ပြုမူလုပ်ဆောင်မှုများသည် တည်ဆဲ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့် ညီညွတ်မှု ရှိ/မရှိကို ပြည်ခိုင်ဖြိုးပါတီဝင်များအပါအ၀င် ပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသည့်အဖွဲ့အစည်းများက သုံးသပ် ဆုံးဖြတ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဟု ယူဆပါသည်။

❖ ဤကိစ္စသည် ပါတီတွင်းနှင့်သာ သက်ဆိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သက်ရောက်မှုတစ်စုံတစ်ရာ ရှိလာနိုင်သည်ဟု ယူဆပါသဖြင့် မိမိတို့ ဆက်လက် တင်ပြမည့်ကိစ္စရပ်များကို နားလည်လက်ခံ ဆုံးဖြတ်ဆောင်ရွက် ပေးနိုင်ပါရန် ကြိုတင်အသိပေး တင်ပြအပ်ပါသည်။   
 ပြည်သူများနှင့်အတူ

 သစ္စာဖြင့်

 သူရဦးရွှေမန်း

(၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ သူရဦးရွှေမန်း၏ ပြောကြားမှု ကောက်နှုတ်ဖော်ပြချက်)

Latest News For You