All posts by dpakyaw

I am Blogger. I am just Learning

“ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေနိုင်သော အချက် ၇ ချက် နှင့် ၄င်းအချက်များကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းများ”

  
“ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေနိုင်သော အချက် ၇ ချက် နှင့် ၄င်းအချက်များကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းများ”(The 7 Self Sabotages And How To Overcome Them) 

(အေးအေးဆေးဆေး အချိန်ပေးနိုင်တဲ့အချိန်မှ ဖတ်ပါ။)
သင့်မှာ ဒီအချက်တွေထဲက တစ်ခုခုရှိနေရင် ကိုယ့်ကိုယ်ကိုယ် မရည်ရွယ်ပဲ ဖျက်ဆီးမိသူ ဖြစ်နေနိုင်ပါတယ် … 
အဲဒါတွေကတော့ … 
1. I don’t know what I really want
ကိုယ်လိုချင်တာ ဘာမှန်းမသိတာ

2. I don’t deserve it
ကိုယ့်ကိုယ်ကိုယ် လိုချင်တာနဲ့ မထိုက်တန်ဘူးထင်တာ

3. I don’t have time, money or resources.
ကိုယ့်မှာ အချိန်၊ ငွေနဲ့ လိုတဲ့ အရင်းအမြစ်တွေ မရှိဘူးထင်တာ

4. It’s too difficult
ကိုယ်လိုချင်တာဖြစ်ဖို့ အရမ်းခက်တယ်လို့ ထင်တာ

5. I have to do it my way
ဘယ်သူ့အကြံဥာဏ်မှ မယူပဲ ကိုယ့်ဟာကိုယ်ပဲ လုပ်မယ်စဉ်းစားတာ

6. They don’t want me to …
ကိုယ်ဖြစ်ချင်တာထက် အခြားသူတွေ ဖြစ်ချင်တာပဲ စဉ်းစားတာ

7. I am afraid
ဆုံးရှုံးရမှာကို လိုတာထက် ပိုကြောက်တာ

……………………………………………………………

ဒါတွေဖတ်ပြီးရင် ကိုယ့်ကိုယ်ကိုယ် တွေးကြည့်ပါ 

– သင်ရော ကိုယ့်ကိုယ်ကိုယ် ဖျက်စီးမိနေပြီလား၊
– အပေါ်ထဲက အချက်ဘယ်နှစ်ချက်တိုက်ဆိုင်လဲ၊

– ဘယ်လိုကျော်ဖြတ်မယ် စဉ်းစားလဲ၊

– အဲဒါလေးတွေ တွေးပြီးပြုပြင်ဖို့ အထောက်အကူဖြစ်စေမယ့် အချက်လေးတွေပါ တင်ပေးလိုက်ပါတယ်။ ကိုယ်နဲ့ဆိုင်တာကို ရွေးချယ်ဖတ်လို့ရပါတယ်။ မအားလပ်လို့ တစ်ဦးချင်း Reply မလုပ်ပေးနိုင်တာ ခွင့်လွှတ်စေချင်ပါတယ်။ 

========================
1. I don’t know what I really want
ကိုယ်လိုချင်တာ ဘာမှန်းမသိတာ

သင့်ဘ၀အတွက် အရေးကြီးတဲ့ ရည်မှန်းချက်များ မချမှတ်မှီ အရေးတကြီး ချက်ချင်းလုပ်ရမှာကတော့ သင်အမှန်တကယ် ဘာကိုလိုချင်သလဲဆိုတာပါပဲ။ ကျွန်တော်တို့ လူတော်တော်များများမှာ Goal Conflict တွေ ရှိပါတယ်၊ သင်သတိမထားမိတာသာ ဖြစ်ပါမယ်၊ သင်ဟာတစ်ပြိုင်တည်းမှာ အများကြီးရဖို့ ကြိုးပမ်းနေမယ်၊ ဒါမှမဟုတ် သင်ဟာ မတူညီတာတွေ အများကြီးကို တစ်ခါတည်းလိုချင်နေမယ်၊ ပြီးတော့ အဲဒီလို အာရုံပြန့်ပြားမှုတွေကြောင့် ဘာမှ မစတင်နိုင်ဘူးဖြစ်နေမယ်။ 
ဒုတိယအနေနဲ့ကတော့ သင်လိုချင်တဲ့ Goal ဟာ လက်တွေ့မကျတာပါပဲ၊ ကောင်းမွန်တဲ့ Goal တွေဟာ သင့်ဘ၀ကောင်းမွန်စွာ နေထိုင်နိုင်ဖို့ အခြားသူများ ကောင်းမွန်စွာ နေထိုင်နိုင်ဖို့ကို အထောက်အပံ့ပေးပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့တွေ ချမှတ်တဲ့ Goal တွေရယ် လိုချင်တာတွေရယ်ဟာ ကိုယ့်ဟာကိုယ်ဖျက်စီးတာတွေ ဖြစ်နေတတ်ပါတယ်။ သင်ဟာ သင့်ရဲ့ ကောင်းမွန်စွာနေထိုင်မှုကို ပျက်စီးစေမယ့် အလုပ်တွေကို စတင်ဖို့ စိတ်အားတက်ကြွနေတတ်ပါတယ်။ အဲဒါကြောင့် သင့်အနေနဲ့ သင်လိုချင်တဲ့ Goal တွေရဲ့ နောက်ကွယ်မှာ တိမ်မြှုပ်နေတဲ့ အကြောင်းရင်းတွေကို သင့်ဘ၀မှာ ယုံကြည်ရသူတွေနဲ့တိုင်ပင်ပြီး သင်လိုချင်တဲ့ Goal ဟာ ကောင်းမွန်တဲ့ Goal ဟုတ် မဟုတ်နဲ့ ရအောင်ကြိုးစားသင့် မသင့်ကို တိုင်ပင်သင့်တယ်။ 
သင့်အနေနဲ့ သင့်ရဲ့ အလုံးစုံ အခြေအနေကောင်းမွန်မှု အတွက် သင့်လိုချင်တဲ့ Goal တွေကို မဖြစ်မနေ ခြုံငုံလေ့လာရပါမယ်။ ကျွန်တော်တို့ အားလုံးဟာ ကိုယ့်ဘ၀ရဲ့ အရေးကြီးတဲ့ ကဏ္ဍအားလုံးကို ပြန်လည်ဆန်းစစ်ပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ခံစားမှု၊ ယုံကြည်သက်ဝင်မှု၊ လူမှုဆက်ဆံရေး၊ အတတ်ပညာများ တတ်ကျွမ်းမှု အစရှိသော ဧရိယာအသီးသီးအတွက် ကောင်းမွန်ပြီး မျှတမှုရှိအောင် ကြိုပမ်းရန်လိုအပ်ပါတယ်။ ယထာဘူတကျပြီး ကောင်းမွန်တဲ့ Goal တွေဟာ သင့်ဘ၀ရဲ့ ကျန်ရှိနေတဲ့အပိုင်းတွေကို ပြည့်စုံစေလိမ့်မယ်။ သင့်ရဲ့အခြား Goal တွေနဲ့ အံ့ဝင်ခွင်ကျဖြစ်လိမ့်မယ်၊ ပြီးတော့ အဲဒါတွေကြောင့် သင့်ကိုယ်သင့် တန်ဖိုးထားမှုကို မြင့်တက်လာစေလိမ့်မယ်။ ဒါ့အပြင်တော့ သင့်မှာ ဆွဲဆောင်မှုကောင်းတဲ့ Goal ရှိလေလေ သင်ရဲ့လုပ်ဆောင်မှုအရည်အသွေးတွေက မြင့်တက်လေလေပါပဲ၊ အဲဒါကြောင့် သင်ရွေးချယ်မယ့် Goal ဟာ သင့်အနေနဲ့ စိတ်အားထက်သန်ပြီးတဲ့ အရာဖြစ်ဖို့အရေးကြီးပါတယ်။ 
========================
2. I don’t deserve it
ကိုယ့်ကိုယ်ကို လိုချင်တာနဲ့ မထိုက်တန်ဘူးထင်တာ

ကိုယ့်ကိုယ်ကို လိုချင်တဲ့ ရည်မှန်းချက်နဲ့ မထိုက်တန်ဘူးထင်တဲ့ စိတ်တွေဟာ များသောအားဖြင့် မသိစိတ်ထဲကနေ လာပါတယ်။ အဲဒါဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို လေးစားမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုတွေနဲ့ သက်ဆိုင်ပါတယ်။ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှုဟာ သင့်ရဲ့ ရည်မှန်းချက်တွေကို ရယူဖို့မှာ အရမ်းကို အရေးကြီးပါတယ်။ သင့်အနေနဲ့ သင်နဲ့ ထိုက်တန်တယ်လို့ သင့်ကိုယ်သင် ယူဆတဲ့အရာတွေကိုပဲ ရယူနိုင်အောင် ကြိုးပမ်းနိုင်ပြီး ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကိုယ့်ကိုယ်ကို လေးစားမှု၊ တန်ဖိုးထားမှုမရှိတဲ့သူတွေဟာ သူတို့ရဲ့ အောင်မြင်မှုကို ရရှိအောင် ကြိုးပမ်းမှုတွေကို ကိုယ့်ဟာကိုယ် ဖျက်ဆီးပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှု မရှိတဲ့အခါမှာ သင့်ရဲ့အတွင်းစိတ်ကနေပြီးတော့ ကိုယ့်ကိုယ်ကိုယ် သံသယတွေ၊ မယုံကြည်မှုတွေကနေတဆင့် အောင်မြင်ဖို့ရည်မှန်းချက်တွေ ရရှိမှာကို တားဆီးပါတယ်။ 
နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာကတော့ သင့်ရဲ့မသိစိတ်ကနေပြီးတော့ သင်အောင်မြင်မှုကိုရရှိတာ၊ ချမ်းသာတာဟာ အပြစ်ရှိတယ်လို့ ထင်မြင်ယူဆနေတတ်တာပါပဲ။ တစ်ချို့လူတွေဟာ အောင်မြင်မှုကို ရရှိဖို့လုပ်ရတာ ရှက်စရာကောင်းသလိုလို အပြစ်ရှိသလိုလို ခံစားတတ်ကြတယ်။ တစ်ခါတစ်လေကျရင် မကောင်းတဲ့ကံတွေပြီးရင် ကောင်းတဲ့ကံတွ အလိုလို လာမလိုလို လည်း ပြောတတ်ကြပါသေးတယ်။ အဲဒီလိုစကားတွေက ကိုယ့်ကိုယ်ကို ဖျက်ဆီးနေတဲ့ စကားလုံးတွေ အနေနဲ့ သတ်မှတ်နိုင်ပါတယ်။ အဲဒါတွေဟာ ကိုယ့်ကိုယ်ကို အောင်မြင်အောင် ကြိုးစားမှုအတွက် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်ထင်တဲ့စိတ်တွေ၊ ရှက်ရွံ့တဲ့စိတ်တွေလည်း ဖြစ်ပြီး ရှေ့ဆက်သွားဖို့ မစဉ်းစားခင် အဲဒီစိတ်တွေကို အရင်ပြုပြင်ဖို့ လိုအပ်ပါတယ်။ 
ပြီးခဲ့တဲ့ကာလတွေမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်လည်တွေးတောခြင်းဟာ နောက်ထပ်အောင်မြင်မှုတွေရဖို့ သင့်ရဲ့ အရည်အချင်းတွေပေါ်မှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းတွေပါပဲ။ ကျန်ခဲ့တဲ့ကာလတွေမှာ သင်ဘယ်လိုအခက်အခဲတွေကို ကြုံတွေခဲ့ရသလဲနဲ့ အဲဒါတွေကို ဘယ်လိုဖြတ်ကျော်ခဲ့သလဲဆိုတာတွေကို စဉ်းစားပါ။ သင့်အနေနဲ့ ယခင်က ကြုံတွေရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်တဲ့အချိန်၊ အောင်မြင်မှုတွေကို ရရှိတဲ့အချိန်တွေမှာ ဘယ်လိုခံစားရလဲ။ အခုနောက်ထပ်လိုချင်တဲ့ ရည်မှန်းချက်တွေကို ရရှိဖို့ အခက်အခဲတွေကို ဖြတ်ကျော်ဖို့တွေကလည်း အရင်ဖြစ်စဉ်တွေ အတိုင်းပါပဲ။
ကိုယ့်ကိုယ်ကိုယ် အနှောက်အယှက်ပေးတဲ့ စိတ်တွေကို ဖယ်ရှားပစ်ဖို့ နောက်ထပ်လေ့ကျင့်ခန်းကတော့ အဲဒီစိတ်တွေကို အပြုသဘောဆောင်တဲ့စိတ်တွေနဲ့ အစားထိုးဖို့ပါပဲ။ သင့်ရဲ့အတွေးထဲမှာ အပျက်သဘောစိတ်တွေ ၀င်လာတာနဲ့ တန်းပြီး သတိထားမိအောင် လေ့ကျင့်ပြီး အပြုသဘောဆောင်တဲ့ စိတ်တွေနဲ့ အစားထိုးပါ။ 
========================
3. I don’t have time, money or resources.
ကိုယ့်မှာ အချိန်၊ ငွေနဲ့ လိုတဲ့ အရင်းအမြစ်တွေ မရှိဘူးထင်တာ

တိုနီရော်ဘင်ကပြောပါတယ်။ အခြားအရာတွေအားလုံးထက် ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက အရေးကြီးပါတယ်။ ကျွန်တော်တို့ ရဲ့ ဘ၀ပေးအခြေအနေတွေက ကျွန်တော်တို့တော်တော်များများ ရဲ့ ခရီးပန်းတိုင်ကို မသတ်မှတ်နိုင်ဘူး။ ကျွန်တော်တို့အများစုရဲ့ ဆင်ခြေတွေက ဟိုဟာမရှိလို့ ဒီဟာမရှိလို့ ဆိုတဲ့အပေါ်မှာ အခြေခံပါတယ်။ တစ်ချို့လူတွေက အခွင့်အရေးပိုရတယ်၊ ဗီဇအရပိုတော်တယ်၊ ပညာရေး၊ ပတ်ဝန်းကျင်၊ ငွေကြေးနဲ့ မိသားစုအနေအထားတွေမှာ သာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးထင်ရတဲ့ အိပ်မက်တွေကို ရအောင်လုပ်သွားသူတွေမှာ ရှိတဲ့ အရင်းအမြစ်တွေဟာ သာမန်လူတစ်ယောက်ရဲ့ ဘ၀အခြေအနေနဲ့ မကွာခြားလှပါဘူး။ သူတို့မှာ ပိုမြင့်တဲ့ IQ မရှိဘူး၊ သူတို့ပညာပိုမတတ်ဘူး၊ သူတို့မှာ နောက်ခံအင်အား သင်တို့ထက်ပိုမရှိပါဘူး။ သူတို့မှာ အိပ်မက်ကြီးကြီးမက်ဖို့နဲ့ အဲဒါတွေကို ရအောင် လုပ်ဖို့ တိတိကျကျ နည်းလမ်းတွေကို ရိုးရိုးရှင်းရှင်းပဲ လေ့လာသင်ယူပြီး အသုံးချသွားကြတာပါ။ 
ဘ၀မှာ လုပ်ချင်တာတွေ လုပ်ဖို့ပဲ အချိန်တွေ လုံလုံလောက်လောက်ရှိပါတယ်။ အများအားဖြင့် အဖြစ်များကြတဲ့ ပြဿနာတစ်ခုက Goal Conflict ဆိုတဲ့ ဘာကိုလိုချင်မှန်း ကွဲကွဲပြားပြား မသိကြတာပါ။ ဒါက ဘာကိုဆိုလိုလဲဆိုတော့ တစ်ပြိုင်တည်းမှာ တစ်ခုခုနဲ့တစ်ခု သဘောတရားမတူတဲ့ ရည်မှန်းချက်တွေထားရှိတာပါပဲ။ ဥပမာ – လူတစ်ယောက်ဟာ တစ်ချိန်တည်းမှာ စွန့်စားမှုလည်းမလုပ်ချင်ဘူး၊ လွတ်လပ်မှုလည်း လိုချင်နေတာမျိုးပါ။ ဒီလိုဖြစ်တာက တစ်ခါတစ်ရံမှာ သဘာဝကျတတ်ပေမယ့် ကိုယ်လုပ်ရမယ့်အလုပ်ကို ပြီးဆုံးအောင် မလုပ်နိုင်ပဲ ဆင်ခြေပေးတဲ့အနေနဲ့လည်း သုံးတတ်ကြပါတယ်။ အချိန်ကို စီမံခန့်ခွဲခြင်း၊ ကိုယ့်ဘ၀မှာ တန်ဖိုးထားတဲ့အရာတွေကို သတ်မှတ်ခြင်းနဲ့ ကိုယ့်ဘ၀ကို အချိန်ကာလအလိုက် လုပ်ချင်တာတွေ သတ်မှတ်ခြင်း စတဲ့ လေ့ကျင့်ခန်းများကို ပြုလုပ်တာဟယ ဒီအခြေအနေမျိုးကို ကျော်လွှားနိုင်ပါတယ်။ 
တစ်ခုသတိရဖို့လိုတာက သင်ဘယ်အရာကို လိုချင်လိုချင် ရအောင်လုပ်နိုင်ဖို့ ရာခိုင်နှုန်းများပေမယ့် သင်လိုချင်သမျှ အရာအားလုံးကိုတော့ မရရှိနိုင်ပါဘူး။ သင့်အနေနဲ့ သင်လိုချင်တာကို ရဖို့ ကြာလွန်းတယ် ထင်တဲ့အချိန်မှာ အလွန်များပြားသော အောင်မြင်မှုရရှိသူတွေဟာ အသက်အရွယ်ကြီးလာတဲ့အထိ သူတို့လိုချင်တာကို အာရုံစိုက်လုပ်ရင်း ရရှိသွားကြတာကို မမေ့စေချင်ပါဘူး။ 
========================
4. It’s too difficult
ကိုယ်လိုချင်တာဖြစ်ဖို့ အရမ်းခက်တယ်လို့ ထင်တာ

လူတစ်ယောက်ဟာ သူဖြစ်ချင်တာတွေကို သတ်မှတ်နိုင်ပြီထားဦး၊ အဓိက အဟန့်အတားကတော့ ဇွဲလုံ့လ ၀ီရိယနဲ့ကြိုးပမ်းအားထုတ်မှုမှ ပျက်ကွက်နေတာပါပဲ။ လူတော်တော်များများဟာ ပျင်းကြတယ်၊ ကျွန်တော်တို့ရဲ့ သဘာဝကိုက စိတ်ဖိစီးမှုများပြီး ရေရှည်အာရုံစိုက်ရမယ့် ကိစ္စတွေကို ရှောင်ရှားချင်ကြပြီး ချက်ချင်းလက်ငင်း ပျော်စရာကောင်းပြီး လွယ်ကူတဲ့ကိစ္စတွေကို အလေးသာတတ်ကြတယ်။ ကိုယ့်ကိုယ်ကို စည်းနဲ့ကမ်းနဲ့ နေဖို့လူတစ်ယောက်အတွက် အခက်ခဲဆုံးက ချက်ချင်းလက်ငင်း ပျော်ရွှင်မှုတွေက လက်ယပ်ခေါ်နေတဲ့အချိန်မျိုးမှာ တစ်ခုတစ်ခုကို စူးစိုက်ပြီး အာရုံပြုနေဖို့ပါပဲ။
တစ်ခုရှိတာက ဘ၀မှာ တန်ဖိုးထားရမယ့်အရာတွေကို ရရှိဖို့ဆိုရင် အလုပ်လုပ်ဖို့ လိုပါတယ်။ ခက်ခဲတဲ့ကာလတွေမှာ ကိုယ့်ရဲ့ အပျက်သဘောဆောင်တဲ့စကားတွေကို အပြုသဘောဆောင်တဲ့စကားနဲ့ အစားထိုးပြောင်းလဲခြင်းဟာ အရမ်းကို အကျိုးရှိတဲ့ကိစ္စဖြစ်ပါတယ်။ သင်လုပ်ရမယ့် အလုပ်တွေကို လမ်းရှည်တစ်ခု ခရီးစဉ်တစ်ခုလို့မြင်ကြည့်ပါ။ သင်အခုဘယ်နေရာကို ရောက်နေလဲ။ ဘယ်နေရာကို ဦးတည်ထားလဲ။ သင့်အနေနဲ့ ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်မယ်ဆိုရင် အဲဒီလမ်းကြောင်းက သင့်ကို ဘယ်ကိုရောက်ရှိစေနိုင်မလဲ။ အကယ်၍ သင်လိုချင်တဲ့ အောင်မြင်မှုက အချိန်ယူပြီး ခက်ခဲမယ်ဆိုရင်တောင်မှာ သင့်ကိုယ်သင် သတိပေးရမှာက အဲဒီကိုသွားတဲ့လမ်းကြောင်းပေါ်မှာ ဆက်နေထိုင်ခြင်းရဲ့ တန်ဖိုးပါပဲ။ ခက်ခဲတဲ့အရာဆီကို သွားလိုက်ရင် ခက်ခဲတာ မရှိတော့ဘူးဆိုတဲ့စကားရှိပါတယ်။ အဲဒါက ဘာကိုဆိုလိုလဲဆိုတော့ ရှေ့ဆက်သွားဖို့အတွက် လူတစ်ယောက်အနေနဲ့ သူ့ရဲ့အတွင်းမှာရှိတဲ့ နက်ရှိုင်းတဲ့အားအင်တွေကို အသုံးပြုရမယ်ဆိုတာပါပဲ။ ခက်ခဲတဲ့ကာလတွေအတွက် ကြီးမားတဲ့ သတ္တိတွေ ဆုံးဖြတ်ချက်တွေ၊ ကျားကုတ်ကျားခဲ ကြိုးစားရမှုတွေ၊ ကျောထောက်နောက်ခံရှာထားရမှုတွေလည်း လိုအပ်ပါတယ်။ မိမိကို အမှန်တကယ်စေတနာရှိသူတွေရဲ့ အထောက်အပံ့တွေ၊ ကျိုးကြောင်းဆီလျော်စွာဆွေးနွေးပေးမှု၊ အားပေးမှုတွေကလည်း ဒီနေရာမှာ အလွန်အရေးကြီးပါတယ်။
========================
5. I have to do it my way
ဘယ်သူ့အကြံဥာဏ်မှ မယူပဲ ကိုယ့်ဟာကိုယ်ပဲ လုပ်မယ်စဉ်းစားတာ

အရည်အချင်းရှိပြီး ပါးနပ်တဲ့လူတွေ တစ်ခါတစ်ရံမှာ ဘာကြောင့် သူတို့ကိုယ် သူတို့ ပျက်စီးစေမယ့် မိုက်မဲတဲ့အရာတွေကို ပြုလုပ်တတ်ကြပါတယ်။ ဘ၀ရဲ့အစိတ်အပိုင်းအချို့မှာ အောင်မြင်အောင်လုပ်နိုင်ပြီး နောက်ပိုင်းမှာ မိမိကိုယ်ကိုယ်ဖျက်ဆီးသလိုဖြစ်သူတွေ၊ ကျောင်းမှထွက်ရသူတွေ၊ အလုပ်ပြုတ်သူတွေ၊ အဖမ်းခံရသူတွေ၊ မိသားစုကို ဆုံးရှုံးရသူတွေ၊ စီးပွားပျက်သူတွေ၊ စွပ်စွဲပြစ်တင်ခံရပြီး မျက်နှာပေးခြင်း မခံရတော့သူတွေမှာ တူညီမှုတွေရှိနေကြောင်းကို လေ့လာဆန်းစစ်သူတွေက တွေ့ရှိခဲ့ကြပါတယ်။
သူတို့မှာရှိတဲ့ အခြားသူတွေအပေါ်ဘယ်လိုထိခိုက်လဲ မစဉ်းစားဘူး၊ အခြားသူတွေရဲ့ အကြံဥာဏ်၊ သဘောထားတို့ကို ဂရုမစိုက်ဘူး မိမိယူဆတဲ့လမ်းအတိုင်းပဲလုပ်မယ်ဆိုတဲ့ စိတ်နေစိတ်ထားဟာ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေပါတယ်။ ပြဿနာအများအပြားဟာ မိမိစဉ်းစားတဲ့လမ်းကြောင်းအတိုင်း လုပ်ကိုလုပ်မယ်ဆိုတာကို လိုတာထက်ပိုဆုံးဖြတ်ထားတဲ့သူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအယုအဆဟာ တစ်ကိုယ်ကောင်းဆန်မှု၊ ပုန်ကန်လိုမှု၊ ခေါင်းမာမှု၊ တစ်ကိုယ်တည်းနေမှု၊ စိတ်မရှည်မှု၊ မဖြစ်မနေလုပ်ရမှု၊ မူးယစ်ဆေးဝါးစွဲနေမှု စသည်တို့အပြင် စိတ်ပိုင်းဆိုင်ရာနှင့် ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများကနေ ပေါ်ထွက်လာတတ်ပါတယ်။ 

ဘယ်လိုအကြောင်းရင်းကြောင့်ပဲ ဖြစ်ဖြစ် သင့်အနေနဲ့ သင်ဟာ ဘယ်သူ့အကြံဥာဏ်မှ မယူပဲ၊ မည်သူ့ သဘောထားမှ မစဉ်းစားပဲ၊ အခြားသူများကို ထိခိုက်နိုင်မှုကိုပါ ဂရုမစိုက်ပဲ သင်ရွေးချယ်တဲ့လမ်းကိုသာ ရွေးချယ်ပြီးတော့ သင်လိုချင်တဲ့အရာကို ရမယ်လို့ စဉ်းစားနေပြီဆိုရင် အဲဒါဟာ အရေးကြီးတဲ့ အကြောင်းအရာဖြစ်နေပါပြီ။

========================

6. They don’t want me to …
ကိုယ်ဖြစ်ချင်တာထက် အခြားသူတွေ ဖြစ်ချင်တာပဲ စဉ်းစားတာ

သင့်ကိုယ်သင်မကြာခဏမေးသင့်တဲ့ မေးခွန်းတစ်ခုက သင်ဟာသင် အမှန်တကယ်လိုချင်တဲ့ ဘ၀မှာ နေနေတာလား၊ အခြားသူတွေ သင့်ကိုဖြစ်စေချင်တဲ့ ဘ၀မှာ နေနေတာလား။ ဒီမေးခွန်းကို ဖြေဖို့ ပျက်ကွက်တာဟာ သင့်ရဲ့အောင်မြင်အောင်ပြုလုပ်မည့် အစီအစဉ်တစ်ခုလုံးကို ပျက်စီးစေနိုင်ပါတယ်။ 

အခြားသူတွေအပေါ် အလွန်အမင်းထည့်သွင်း စဉ်းစားခြင်းဟာ သင့်ရဲ့ စိတ်အားတက်ကြွမှုနဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာ နှောင့်နှေးကြန့်ကြာစေပါတယ်။ ဒါ့အပြင် အဲဒါဟာ သင့်ဟာသင်မလုပ်တာကို အခြားသူတွေကြောင့်ဆိုပြီး စွပ်စွဲပစ်တင်နေဖို့ ဖြစ်စေပါတယ်။ သင်အောင်မြင်ရင် အခြားသူတွေ မနာလိုဖြစ်မှာ စိတ်ဆိုးမယ်၊ စိတ်မကောင်းဖြစ်မယ်၊ အလွန်အမင်း ဆင်းရဲချို့တဲ့သွားမယ် ဆိုတဲ့ မဆီမဆိုင် အကြောင်းပြချက်တွေနဲ့ပါ။ အဲဒီအကြောင်းပြချက်တွေဟာ သင့်ရဲ့လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်စွမ်းအားကို ကန့်သတ်ထားပါတယ်။ အချို့သူတွေက သင့်ရဲ့ ရှုံးနိမ့်မှုတွေကို ပြစ်တင်ရှုံ့ချတတ်တယ်ဆိုရင် ဒီလိုလူတွေက သင့်ရဲ့ အောင်မြင်မှုကို တားဆီးထားမယ့်သူတွေပါပဲ။ ဒါကို လက်ခံမယ်ဆိုရင် သင်ဟာ သင့်ရဲ့ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို အခြားသူတွေကို လွှဲအပ်ထားသလိုဖြစ်ပြီး ကိုယ့်ကိုယ်ကို လုံးဝဖျက်ဆီးပစ်တာနဲ့ တူတူပါပဲ။ 
လူသားတွေမှာ ရှိတဲ့ ကြီးမားတဲ့ လိုအပ်ချက်တစ်ခုဟာ အခြားသူတွေဆီက ခွင့်ပြုချက်တောင်းယူတာပဲ။ အခြားသူတွေ ခွင့်မပြုမှာကို စိုးရိမ်တာက ကိုယ့်ကိုယ်ကို ကြီးကြီးမားမား ဖျက်ဆီးခြင်းတစ်မျိုးဖြစ်ပါတယ်။ အခြားသူတွေ သင့်ကို ဘယ်လိုထင်မလဲဆိုတာကို စိုးရိမ်စိတ်ကြောင့် သင်ရှေ့မတိုးနိုင်တဲ့အချိန်မှာ သင့်ဘ၀သင် တိုးတက်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ထားတဲ့စိတ်ဟာ အခြားသူတွေဆီက ခွင့်ပြုချက်ရယူမှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ အတင်းအကျပ် အစားထိုးခြင်း ခံရပါတယ်။ သင့်ဘ၀မှာ ရှိတဲ့သူအများစုဟာ သင့်ကို ကူညီချင်ကြပါတယ်။ ပြီးတော့ သင့်ကို ဘယ်လိုကူညီရမယ်ဆိုတာကို သဘောမပေါက်ကြပါဘူး။ သင့်အနေနဲ့ သင့်မိသားစု၊ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ အခန်းဖော်များကို သင့်ကို ဘယ်လိုကူညီတာ အကောင်းဆုံးဖြစ်မယ်ဆိုတာ သင်ပြပေးလို့ ရပါတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေအပြင် Personal Coaches, Counselors, Mentors, Teachers စသူတွေကို ရှာဖွေ အကြံဥာဏ်ယူခြင်းဟာလည်း သင့်အတွက် အထောက်အကူဖြစ်မှာပါ။ ========================
 7. I am afraid
ဆုံးရှုံးရမှာကို လိုတာထက် ပိုကြောက်တာ

ကြောက်စိတ်ဟာ အောင်မြင်မှုအတွက် နံပါတ် ၁ အဖျက်သမားဖြစ်ပါတယ်။ ကြောက်စိတ်ရှိနေတာဟာ အကြောင်းရင်းရှိပါတယ်။ ဘေးရန်များမှ ကာကွယ်ပေးဖို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ကြောက်စိတ်တွေဟာ အကြိမ်တော်တော်များများမှာ လိုအပ်တာထက်ပိုပြီး ပြင်းထန်ပါတယ်။ လူတော်တော်များများဟာ ဘာကိုကြောက်လို့ကြောက်မှန်း မသိတာပါ။ သူတို့တွေ ပြောင်းလဲမှုတွေကိုကြောက်ကြတယ်။ ရှုံးနိမ့်မှု၊ အောင်မြင်မှု၊ ခွင့်ပြုချက်မရမှု၊ အပြစ်တင်ခံရမှု၊ နာကျင်မှု နဲ့ ရုန်းကန်ရမှုတွေပါ။ ကြောက်ရွံ့ခြင်းဟာ လူတွေကို မပျော်ရွှင်မှုနဲ့ အဆင်မပြေမှုတွေမှာ ဆက်ပြီးရှိစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောင်းလဲမှုဟာ အခုလက်ရှိအခြေအနေထက် ပိုဆိုးကောင်းဆိုးသွားနိုင်တဲ့ ဘာမှန်းမသိတဲ့အခြေအနေကို ဦးတည်တယ်လို့ လူတွေက နားလည်ပါတယ်။ သင့်ရဲ့ကြောက်ရွံ့ခြင်းတွေဟာ ယုတ္တိရှိချင်ရှိရှိမယ်၊ မရှိချင်မရှိပါဘူး။ သင့်အနေနဲ့ အမှန်တကယ် စွန့်စားရမှုဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာကို သိနိုင်ဖို့ အမှန်တကယ်ရှိနေတဲ့ အခြေအနေကို လေ့လာဆန်းစစ်ဖို့ လိုအပ်ပါတယ်။
မိမိအမြင်တွေကို ပြန်လည်ပြောင်းလဲယူခြင်းဆိုတဲ့ နည်းစနစ်က ရှုံးနိမ့်မှုဆိုတဲ့စကားလုံးကို အတွေ့အကြုံမှ သင်ယူခြင်းဆိုတဲ့ စကားလုံးနဲ့ အစားထိုးပါတယ်။ တစ်နည်းပြောရလျှင် ရှုံးနိမ့်မှုဆိုတာဟာ သင်လိုချင်တဲ့ရလာဒ်ကို မရတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ ရှုံးနိမ့်မှုနဲ့ ပတ်သက်ပြီး ကြောက်စရာကောင်းတဲ့ ယုံကြည်မှုတစ်ခုကတော့ ငါမအောင်မြင်ခဲ့ဘူး၊ အဲဒါကြောင့် ငါဟာ မအောင်မြင်တဲ့သူပဲလို့ မြင်တာပါ။ အတွေ့အကြုံမှ သင်ယူခြင်းဆိုတဲ့ စကားလုံးကို သုံးရတဲ့ ရည်ရွယ်ချက်ဟာ ရှုံးနိမ့်မှုဆိုတာဟာ ခရီးလမ်းဆုံးတစ်ခုမဟုတ်ပဲ ကြီးမားတဲ့ အောင်မြင်မှုကို သွားတဲ့လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာကို သင့်ကို နားလည်စေချင်တာပါပဲ။ ဒီအယူအဆဟာ အောင်မြင်မှုအတွက်လည်း အသုံးပြုလို့ရပါတယ်။ သင့်ရဲ့လက်ရှိအောင်မြင်မှုတွေဟာ ခရီးလမ်းဆုံးမဟုတ်ပဲ အခြားပိုမြင့်မားတဲ့ အောင်မြင်မှုတွေကို ရယူဖို့ ခရီးမှတ်တိုင်တွေဖြစ်ပါတယ်။ 
ရှုံးနိမ့်ခြင်း၊ မအောင်မြင်ခြင်းတွေအပေါ်မှာ စိုးရိမ်စိတ်တွေကို စိတ်ရှည်ခြင်း၊ အချိန်ယူကြိုးစားခြင်းနည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့အလုပ်ကလေးတွေမှာ အောင်မြင်မှုလေးတွေ လေးစားလောက်စရာ စပြီးရလာပြီဆိုရင် သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေဟာ မြင့်တက်လာနိုင်ပြီး ပိုမိုကြီးမားတဲ့အောင်မြင်မှုတွေဟာ အမှန်တကယ်ဖြစ်ပေါ်လာနိုင်ပါတယ်။ မိမိရည်မှန်းချက်ကို ရအောင်လုပ်မယ်လို့ ဆုံးဖြတ်ခြင်းဟာ အဲဒီ ရည်မှန်းချက်အမှန်တကယ်ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသေးသည်ဖြစ်စေ မိမိကိုယ်ကို လေးစားကြည်ညိုစိတ်ကို ဖြစ်ပေါ်စေပါတယ်။ သင့်ရဲ့ အရည်အချင်းတွေအပေါ်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မြင့်လာလေလေ ပိုပြီးကြီးမားတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်လေလေပါပဲ။
တစ်ကြိမ်ဖတ်ရုံ Share ရုံထက် တစ်နေရာရာမှာ ကူးထားပြီး စိတ်ဓါတ်ကျတိုင်း ပြန်ဖတ်ရင် အကျိုးရှိမယ်ထင်ပါတယ်။ ညီ၊ ညီမအရွယ် လူငယ်တွေအတွက် အကျိုးရှိမယ်ဆိုတာ ယုံကြည်လို့ အချိန်မရတဲ့ကြားထဲက ကြိုးစားပြီး တင်ပေးလိုက်ပါတယ်။  
Credit to KoNaingGyiNotes

မြောက်ကိုရီးယား တာလတ်ပစ်ဒုံး စမ်းသပ်မှု မအောင်မမြင်ဖြစ်

မြောက်ကိုရီးယား ဒုံးပစ်လွှတ်မှု တောင် ကိုရီးယား စောင့်ကြည့်နေစဉ်။ (ဧပြီ ၁၅၊ ၂၀၁၆)

မြောက်ကိုရီးယားနိုင်ငံက ဒီကနေ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတခု မအောင်မမြင်ဖြစ်ခဲ့တာကို စစ်ရေးအရ ဆုတ်ယုတ်မှုတခုလို့ မယူဆနိုင်တဲ့အကြောင်း သုံးသပ်သူတွေက ထောက်ပြ ပြောဆိုပါတယ်။ ဒါဟာဖြင့် အဆင့်မြင့် နျူကလီးယား လက်နက် အစီအစဉ် စမ်းသပ် လုပ်ဆောင်ရာမှာ နောက် တဆင့် တက်လှမ်းနိုင်ဖို့အတွက် ကြုံရတဲ့ သာမန်ဖြစ်စဉ် တစိတ်တပိုင်းသာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောနေတာပါ။

Continue reading မြောက်ကိုရီးယား တာလတ်ပစ်ဒုံး စမ်းသပ်မှု မအောင်မမြင်ဖြစ်

မုံရွာကြက်မွေးမြူရေးဇုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါပိုးတွေ့

မုံရွာကြက်မွေးမြူရေးဇုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါပိုးတွေ့——————————–


၂၀၁၅ခုနှစ် နွေရာသီက ကြက်ငှက်တုပ်တွေးရောဂါ H5N1 ဗိုင်းရပ်စ်တွေ့ရှိခဲ့သည့် မုံရွာကြက်မွေးမြူရေးဇုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါ H9N2 ဗိုင်းရပ်စ်ထပ်မံတွေ့ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြုပြောကြားသည်။


ပြီးခဲ့သည့်မတ်လနောက်ဆုံးပတ်မှစတင်၍ ကြက်များပုံမှန်မဟုတ်သောသေဆုံးမှုများရှိလာခဲ့သဖြင့် မန္တလေးဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ရာမှ ကြက်ငှက်တုပ်ကွေးရောဂါ H9N2 ဗိုင်းရပ်စ်ပိုးတွေ့ရှိခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က အတည်ပြုပြောကြားသည်။

ဧပြီ ၃ ရက်မှ ၁၅ ရက်အတွင်း မွေးမြူရေးဇုန်ရှိ ကြက်ခြံ ၁၃ခြံမှ ကြက်များတွင် ကြက်ငှက်တုပ်ကွေးရောဂါသံသယဖြစ်ဖွယ်တွေ့ရှိရသဖြင့် ကြက်ကောင်ရေ ခုနစ်ထောင်နီးပါး သုတ်သင်ရှင်းလင်းခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ယခင်နှစ်က ယင်းဇုန်ရှိ ငုံးခြံများတွင် H5N1 ရောဂါစတင်ခဲ့သဖြင့် ငုံးမွေးမြူရေးဇုန်အား ခွဲထုတ်၍ ကြက်မွေးမြူရေးဇုန်အဖြစ်သီးသန့်ထားခဲ့သော်လည်း ယခုနှစ်တွင်ကြက်ငှက်တုပ်ကွေးရောဂါထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် မုံရွာကြက်၊ ငုံးမွေးမြူရေးဇုန်တွင် ကြက်ကောင်ရေတစ်သိန်းလေးသောင်းကျော်နှင့် ငုံးကောင်ရေ ငါးသိန်းကျော်ကို သုတ်သင်ရှင်းလင်းခဲ့ရသည်။
(ပုံစာအညွှန်း – ၂၀၁၅ ခုနှစ် ကြက်ငှက်တုပ်ကွေးဖြစ်ပွားစဉ်က ကြက်များကို သုတ်သင်ရှင်းလင်းနေခြင်းဖြစ်သည်။)

သင်္ကြန်လည်ယာဉ် အရှိန်လွန်တိမ်းမှောက်ရာ ၄၆ ဦးဒဏ်ရာရ

ဧပြီ ၁၃ ရက် (သင်္ကြန်အကျနေ့) မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ ခန့်တွင် နေပြည်တော်မှ လယ်ဝေးမြို့နယ် ကုန်းပေါ်စုရွာသို့ ယာဉ်မောင်း ခင်စိုး(ခ)ဦးပါကြီး မောင်းနှင်လာသည့် သင်္ကြန်လည်ယာဉ် ဖောကားသည် နိဗ္ဗာန်လမ်း ပေါ်၌ အရှိန်လွန်တိမ်းမှောက်သွားရာ ယာဉ်ပေါ်လိုက်ပါလာသည့် ကုန်းပေါ်စု ရွာသူ ရွာသား ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိကြသူများကို နေပြည်တော်နှင့် လယ်ဝေးဆေးရုံများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ပို့ဆောင်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ခင်စိုး(ခ)ဦးပါကြီးအား ဖမ်းဆီးရမိ ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်မှ လယ်ဝေးမြို့နယ်ကုန်းပေါ်စုရွာသို့ နိဗ္ဗာန် လမ်းအတိုင်း မောင်းနှင်လာသည့် သင်္ကြန်လည်ယာဉ် ဖောကားသည် ရှမ်းစု ရွာလယ်အရောက်၌ အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(သတင်းစဉ်)

မော်တော်ယာဉ်ဖြင့် သင်္ကြန်ရေကစားထွက်စဉ် ယာဉ်ပေါ်မှ လူသုံးဦး ပြုတ်ကျ၊ တစ်ဦးသေဆုံး

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တောင်ပြင်(၂)ရပ်ကွက် ဆက်သွယ်ရေးရုံးရှေ့၌ ဧပြီ ၁၄ ရက် နံနက် ၁၁ နာရီ မိနစ် ၂ဝ က သင်္ကြန် ရေကစားထွက်သည့် ယာဉ်ပေါ်မှ လူသုံးဦး ပြုတ်ကျပြီး တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။ြ

ဖစ်စဉ်မှာ ရွှေကြာအင်း(၂)ရပ်ကွက်မှ တောင်ပြင်(၂)ရပ်ကွက်ဘက်သို့ သင်္ကြန်ရေကစားရန် လည်ပတ်နေသည့် ယာဉ်မောင်း လှိုင်မင်းစိုး(၃ဝ နှစ်)ပြည့်ညင်ကျေးရွာနေသူ မောင်းနှင်သည့်2H/—- ယာဉ်နောက်ခန်းမှ လိုက်ပါ လာသူ ၃ဝ တို့က ကခုန်နေကြစဉ် ယာဉ်နောက်ခန်း ဝဲဘက်ခြမ်း သံချောင်း ကျိုး၍ ကျော်ကျော်(၃၆ နှစ်) ပြည့်ညင်ကျေးရွာနေသူ ပြုတ်ကျသည်ကို တစ်ရွာတည်းနေ ဇော်လွင်ဦး(၁၇ နှစ်)နှင့် ချစ်မျိုးဇော် (၁၈ နှစ်)တို့က လှမ်းဆွဲ ရာ သုံးဦးစလုံး ဝဲဘက်ခြမ်းသို့ ပြုတ်ကျကာ ကျော်ကျော်တွင် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဇော်လွင်ဦးနှင့် ချစ်မျိုးဇော်တို့တွင် ဒဏ်ရာ များ ရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား ယာဉ်/စည်း ရဲတပ်ကြပ်ကြီးရဲဝင်းနှင့်အဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ လှိုင်မင်းစိုးကို ဥပဒေအရအရေးယူပေးရန် ရဲတပ်ကြပ်ကြီးရဲဝင်းက တရားလိုပြုတိုင်တန်းသဖြင့် မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အမြန်လမ်းမကြီး ၁၂၈ မိုင်အနီးတွင် ဘုရားဖူးခရီးသည် ၁၀ ဦး လိုက်ပါလာသည့် ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်ကာ တစ်ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အမြန်လမ်းမကြီး ၁၂၈ မိုင်အနီးတွင် ယနေ့ (ဧပြီ ၁၅ ရက်) အတာသင်္ကြန် ဒုတိယ အကြတ်နေ့က ဘုရားဖူးခရီး အလည်သွားရာမှာ ပြန်လာသည့် လူ ၁၀ ဦးပါ ဟိုက်ဂျက်ကားတစ်စီး ကားဘီးပေါက်ကာ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
 “သူတို့က ဘုရားဖူးရင်း အပန်းဖြေစခန်းတွေကို သွားပြီး ပြန်လာကြတာလို့ ပြောတယ်။ စက်စဲတို့ ဘာတို့ဘက်ကိုလား မသိဘူး။ အဲဒီဘက်ကနေ ပြန်လာကြတာပဲ။ ဖြစ်တဲ့အချိန်ကတော့ နံနက် ၇ နာရီ ၄၅ မိနစ်လောက်မှာဖြစ်တာ။ ကားကတော့ ဟိုက်ဂျက်ကားလေးပေါ့။ မှောက်တာက ဘီးပေါက်ပြီး မှောက်တာ။ ဘီးပေါက်ပြီး အရှိန်ထိန်းမရတာပေါ့။ ကားရဲ့ ၀ဲဘက်နောက်ဘီး ပေါက်ပြီးမှ လမ်းရဲ့ ညာဘက်နံဘေး မြေသားပေါ်ကိုပဲ မှောက်သွားတာ။ ကားမှောက်ပြီး ဒဏ်ရာရတဲ့ သူတွေ အကုန်လုံးကို ကျွန်တော်တို့ အမြန်လမ်း ရဲစခန်းက ကားတွေနဲ့ပဲ အုတ်တွင်းဆေးရုံကို အရင်ပို့လိုက်တယ်။ နောက်ပြီး တောင်ငူဆေးရုံကိုလည်း လွှဲပို့လိုက်ရတယ်။ တစ်ယောက်ကတော့

တောင်ငူဆေးရုံရောက်တော့မှ ဆုံးသွားတယ်” ဟု ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 အဆိုပါ ခရီးသွားယာဉ်သည် ဧပြီ ၁၅ ရက် သင်္ကြန် ဒုတိယ အကြတ်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က စတင်ထွက်လာခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် ကျား ၅ ဦး၊ မ ၅ ဦး စုစုပေါင်း လူ ၁၀ ဦး လိုက်ပါလာခြင်းဖြစ်သည်။ ယာဉ်မောင်းဖြစ်သူ ဇော်လင်း ၃၈ နှစ်၊ တနိုင်းမြို့၊ ကချင်ပြည်နယ်နေသူက အမြန်လမ်းမကြီးအတိုင်း ရန်ကုန်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာစဉ် အမြန်လမ်းမကြီး ၁၂၈ မိုင် ၁ ဖာလုံအနီးသို့ အရောက်တွင်

ယာဉ်ဝဲဘက်နောက်ဘီး ပေါက်ကာ အရှိန်မထိန်းနိုင်ပဲ လမ်းမကြီး၏ ညာဘက်ဘေး မြေသားလမ်းပေါ်သို့ လဲကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

 ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိသွားသူများအား ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှ တာဝန်ရှိသူများက အမြန်လမ်း ရဲစခန်းကားဖြင့် နီးစပ်ရာ အုတ်တွင်းမြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ပြီးနောက် ဒဏ်ရာပြင်းထန်သူ အချို့အား တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဉ် ကိုဆန်းမင်း ၃၅ နှစ်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားစဉ် ရရှိသော ဒဏ်ရာဖြင့် တောင်ငူဆေးရုံကြီး၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ ဇော်လင်းအား ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ) ၁၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄(က)/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 “ယာဉ်မောင်းကို အမှုဖွင့်ထားတယ်။ အစကတော့ ၃၃၇/၃၃၈ နဲ့ပဲ အမှုဖွင့်ထားတာ။ ဆေးရုံရောက်မှ တစ်ယောက်သေသွားတဲ့အတွက် ပုဒ်မ ၃၀၄ (က) နဲ့ ထပ်ပြီး အမှုပြောင်း ဖွင့်လိုက်ရတယ်။ ဒဏ်ရာရတဲ့ သူတွေထဲမှာ ကျန်တဲ့သူတွေကတော့ အခြေအနေကောင်းတယ်။ အဲထဲက အမျိုးသမီး တစ်ယောက်ကတော့ ကျွန်တော်လည်း သိပ်မပြောတတ်ဘူး။ သူ့ကိုလည်းေ တာင်ငူဆေးရုံကြီးကိုပဲ ပို့ထားရတယ်” ဟု ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

Writer: ဇော်ဝင်းချစ် (တောင်ငူ)

ရန်ကုန်သင်္ကြန် မှုခင်းကျဆင်း

ရေကစားသူများကို စစ်ဆေးနေတဲ့ ရဲလုံခြုံရေးဝန်ထမ်းများ။ ( ဧပြီ ၁၄၊ ၂၀၁၆- သင်္ကြန်အကြတ်နေ့) သတင်းဓာတ်ပုံများ Credit to Yangon Police FB.

ရန်ကုန်မဟာသင်္ကြန်ပွဲတော်ကာလ အရင်နှစ်တွေလိုမဟုတ်ပဲ လုံခြုံရေးကောင်းမွန် လာတဲ့ အပြင် ပြည်သူတွေဘက်က ရဲတပ်ဖွဲ့နဲ့ အပြုသဘော ပူးပေါင်းပြီး စနစ်တကျ ဆောင်ရွက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး အာဏာပိုင်တွေ ကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာ စီးပွားဖြစ် ရေကစား မဏ္ဍပ်ကြီးတွေ ပိတ်ပင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပေမဲ့မြို့နယ်၊ ရပ်ကွက် အလိုက် ရေကစား မဏ္ဍပ်တွေ၊ ဖျော်ဖြေရေးစင်တွေ အများအပြားရှိ လာတာကြောင့် ပြည်သူ အများပျော်ရွှင်စွာ ရေကစားနိုင်ကြောင်းလဲ ရန်ကုန်ဒေသခံတွေက ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ပြောပြမှာပါ။

NLD ရန်ကုန်တိုင်းအစိုးရသစ်ကနေ ဒီနှစ်သင်္ကြန်ပွဲတော်မှာ အများပြည်သူ စိတ်လက်အေးချမ်းနဲ့ ပျော်ရွှင်မှုရစေဖို့ လုံခြုံရေးကို အရင်နှစ်တွေကထက် အဆပေါင်းများစွာ နဲ့ အထူးစောင့်ကြည့် တာဝန်ယူထားကြောင်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှာ ပါဝင်နေသူ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဗွီအိုအေကိုပြောပါတယ်။

“ကျမတို့ ရဲလုံခြုံရေးအင်အားကို မနှစ်ကထက်လည်း အများကြီး ဖြန့်ပြီးတော့ ချထားတယ်။ နောက်ပြီးတော့ အရပ်ဝတ်သဏ္ဍာန်နဲ့လည်း မဏ္ဍပ်တိုင်း မဏ္ဍပ်တိုင်း နေရာတိုင်း ရန်ကုန်မြို့တမြို့လုံး ၊ ရန်ကုန်တိုင်း တတိုင်းလုံးပါပဲ တတ်နိုင်သလောက် အင်အားတွေကို မနှစ်ကထက် လုံခြုံရေးအင်အားကို ပိုတိုးမြှင့်ပြီး ချထားပါတယ်။ ”

ဒါအပြင် NLD အစိုးရသစ်လက်ထက် ဒီနှစ်သင်္ကြန်ကာလ ထူးခြားချက် အဖြစ် ပြည်သူတွေဘက်က ရဲတပ်ဖွဲ့နဲ့ အပြုသဘောဆောင်ပူးပေါင်းပြီး ပွဲတော်ကာလတလျှောက် စနစ်တကျဖြစ်အောင် ဆောင်ရွက်လာတယ်လို့ ရဲတပ်ဖွဲ့ဘက်က တာဝန်ရှိသူတွေကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ် ကလည်း သတင်းထောက်တွေကို ပြောသွားတာက-

“မနေ့ကတုန်းက အကျနေ့ပေါ့။ ၁၃ရက်နေ့မှာတော့ သင်္ကြန်နဲ့ပတ်သက်တဲ့ မှုခင်းပေါင်း အားလုံး ၂၀ ဖြစ်ပါတယ်။ သင်္ကြန်နဲ့မပတ်သက်တဲ့အမှု ၁၈မှုဖြစ်ပါတယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှု ၂၀မှာလည်းပဲ ထိခိုက်ဒဏ်ရာရတာ ငါးယောက်လောက်ပဲ ရှိပါတယ်။ သာမာန်အားဖြင့် ဒဏ်ရာရခြင်းဖြစ်ပါတယ်။ ကားပေါ်ကနေ ပြုတ်ကျတာတို့ သာမာန်အားဖြင့် ထိုးကြိတ်တာတို့ ဒီလောက်ပါပဲ။ ကျန်တာ ကြီးကြီးမားမား လူ့အသက်ကို ထိခိုက်တဲ့  ဒဏ်ရာရတဲ့ အနေအထားမျိုးတွေ သေဆုံးတာတို့ မရှိခဲ့ပါဘူး။ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့လည်း ကျနော်တို့ သင်္ကြန်အကြိုကာလကတည်းက မူးယစ်ဆေးဝါးတွေရော ကာမစိတ်ကြွဆေးတွေရော စသည်ဖြင့် ဒါတွေကိုလည်း အသိပညာပေးတာတွေ ရှာဖွေဖမ်းဆီးတာတွေကို ကျနော်တို့ပိုင်ပိုင်နိုင်နိုင် လုပ်ထားပါတယ်။

အခုချိန်အထိတော့ သင်္ကြန်မဏ္ဍပ်တွေနဲ့ ပတ်သက်လို့ အရေးယူထားတာမရှိပါဘူး။ သူတို့ကလည်း စည်းကမ်းဖောက်ဖျက်တာ ကြီးကြီးမားမား မရှိပါဘူး။ နည်းနည်းပါးပါး သတ်မှတ်ထားချိန် ဆယ်မိနစ် ဆယ့်ငါးမိနစ်ထက် ပိုပြီး ရေကစားတာ ဒါမျိုးတော့ ရှိပါတယ်။ ကျနော်တို့က များသောအားဖြင့်တော့ ဒီမှာ ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးတော့ သူတို့ကလည်း ပြည်သူတွေအနေနဲ့ရော နောက်တခုက မဏ္ဍပ်ကို ဦးဆောင်တဲ့သူတွေရော အားလုံးပေါ့ သူတို့ရဲ့ ကိုယ်ပိုင် တာဝန်ယူထားတဲ့ လုံခြုံရေးအဖွဲ့တွေရော  တကယ်နားလည်မှုရှိစွာနဲ့ စနစ်တကျနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လာတာကို တွေ့ရပါတယ်ခင်ဗျ။   ”

အခုတက်လာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအစိုးရက စီးပွားဖြစ်ရေကစားမဏ္ဍပ်ကြီး အတော်များများကို ပိတ်ပင်ခဲ့တာကြောင့် အရင်အစိုးရ လက်ထက်ကလိုမဟုတ်ပဲ လူငယ်တွေရဲ့ ပျော်ပါးမှုကို အာဏာနဲ့ပိတ်ပင်တားဆီးတဲ့ သဘောမျိုးဖြစ်နေတယ်လို့ ဝေဖန်မှုတွေထွက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ရန်ကုန်မြို့ခံ လူငယ်အမျိုးသမီး ပိုပိုကတော့ ဒီနှစ်သင်္ကြန်မှာ လုံခြုံစိတ်ချမှု အပြည့်နဲ့ ပျော်ရွှင်မှုအပြည့်ရှိတယ်လို့ဆိုပါတယ်။

“ဒီနှစ်သင်္ကြန်က ဟိုးအရင်တုန်းက ညီမတို့ငယ်ငယ်တုန်းက သင်္ကြန်လိုပြန်ဖြစ်သွားတယ်ပေါ့။ ပိုစည်သွားတယ်။ လူတွေကလည်း ပိုပြီးတော့ စည်းကမ်းရှိရှိ ပိုမြင်ရတယ်ပေါ့။ အရင်နှစ်တွေကလို တနေရာတည်းမှာပဲ ပြုံပြီးတော့ လမ်းကျပ်တာမျိုး မဖြစ်ပဲနဲ့ ဒီနှစ်မှာ လမ်းတွေ ဘာတွေလည်း ချောင်တယ် သွားရလာရတာလည်း အဆင်ပြေတယ်။”

မေး။   ။ ညီမတို့လူငယ်တွေရော ရေပက်ကစားရတာ ပျော်ရွှင်မှုအပြည့်ရှိလား။

” ဟုတ် ပျော်ပါတယ် လုံခြုံရေးတွေ ဘာတွေလည်း ကောင်းတော့ ဘာပဲဖြစ်ဖြစ် သွားရတာ ပိုပြီး အဆင်ပြေပြီးတော့ ပိုပြီး လုံလုံခြုံခြုံရှိတယ်လို့မြင်တယ်အမ။

မေး။    ။ ညီမတို့ ဒီနှစ်သင်္ကြန်ပေါ့နော် အခုက အစိုးရသစ်လည်းဖြစ်လာတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းမှာလည်း အစိုးရသစ်ဖြစ်လာပြီဆိုတော့ အရင်နှစ်သင်္ကြန်တွေနဲ့မတူပဲ ညီမတို့ လူငယ်တွေအနေနဲ့ရော ဘယ်လိုခံစားမိလဲ။ ဘယ်လိုတွေ့မြင်ရလဲ။

“ကောင်းပါတယ်။ အစစအရာရာ အဓိကကတော့ လုံခြုံရေးပေါ့ အမရယ်။ အဓိက သွားလာနေတဲ့အချိန် လုံခြုံရေးပေါ့ ရန်မဖြစ်ဖို့ရယ် အဓိက အရေးကြီးတာပေါ့ အဲ့တာတွေ သိပ်မရှိတော့ ပိုပြီးတော့ ကောင်းတယ်လို့ မြင်ပါတယ်။”

ဒီနှစ်သင်္ကြန်မှာ ရေကစားမဏ္ဍပ်အများဆုံးရှိပြီး လူအစည်ကားဆုံးနေရာကတော့ ရန်ကုန်-ပြည်လမ်းမကြီး တလျောက်ဖြစ်ပါတယ်။ အင်းယားကန်ဘောင် တလျောက်မှာလည်း လူပေါင်း (၃၀၀နဲ့ ၄၀၀) နီးပါးဆန့်တဲ့ ရေကစား မဏ္ဍပ်ကြီးတွေကို စည်းကမ်းချက် (၄၅)ချက်နဲ့ သတ်မှတ်ပြီး ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုထားပါတယ်။

အင်ကြင်းနိုင်/ ဗွီအိုအေ (မြန်မာပိုင်း)

၂၀၁၆ စီးပွားဖွံ့ဖြိုးမှု ထိပ်ဆုံးက မြန်မာ

 

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော် က နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ရုံး။ ( ဧပြီလ ၁၄၊ ၂၀၁၆)

၂၀၁၆ခုနှစ်မှာ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှေးကွေးနေပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ကတော့ ၈.၆ ရာခိုင်နှုန်းအထိ တိုးတက်လိမ့်မယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်းလိုက်ပါတယ်။ ဒါဟာ ၂၀၁၆ခုနှစ် ကမ္ဘာ့စီးပွားရေး ခန့်မှန်း သုံးသပ်ချက် အစီရင်ခံစာမှာ ပါတဲ့ နိုင်ငံပေါင်း ၂၀၀နီးပါးအနက် အမြင့်ဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ စီးပွားရေး အခြေအနေ ကြိုတင်ခန့်မှန်းချက်တွေနဲ့ ပတ်သက်လို့ IMF က စီးပွားရေး ပညာရှင်တွေ ရဲ့ ပြောကြားချက်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

တကမ္ဘာလုံး စီးပွားရေး တိုးတက်မှု နှေးကွေးနေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုကတော့ အားကောင်းနေပြီး၊ ကမ္ဘာ့ နိုင်ငံအားလုံးထဲမှာ အမြင့်ဆုံးနှုန်းနဲ့ တိုးတက်လိမ့်မယ်လို့ IMF ရဲ့ အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေကို ခုလို အကောင်းမြင်ခန့်မှန်းထားတာနဲ့ ပတ်သက်လို့ IMF အဖွဲ့ရဲ့ သုတေသန ဌာန၊ ကမ္ဘာ့ စီးပွားရေး လေ့လာရေးဌာနခွဲက အကြီးအကဲ Oya Celasun က ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ၂၀၁၆ ခုနှစ်အတွက် ကျွန်မတို့ ခန့်မှန်းထား တာကတော့ ကမ္ဘာ့ နိုင်ငံတွေထဲမှာ အားအကောင်းဆုံး နှုန်း နဲ့ တိုးတက်လာမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ၈.၆ ရာခိုင်နှုန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ Frontier economy လို့ခေါ်တဲ့ အစွန်အဖျား စီးပွားရေး အခြေအနေ ရှိတဲ့ နိုင်ငံပါ။ နှစ်ပေါင်းများစွာကြာအောင် စီးပွားရေးအရ တံခါးပိတ်ထားခဲ့ပြီး၊ အခုမှ ပြန်လည် ပွင့်လင်းလာတာပါ။ နိုင်ငံရေး အခြေအနေ မသေချာ မရေရာမှုတွေကို ကျော်လွှားနိုင်ခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုတွေကလည်း အားကောင်းနေတဲ့ အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အလားအလာကောင်းတဲ့ အခြေအနေ ရှိနေပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်း နှစ်တွေမှာလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေး ဟာ ဂ ရာခိုင်နှုန်း ၀န်းကျင် နဲ့ ဆက်ပြီး တိုးတက်နေပါလိမ့်မယ်။”

အလားတူ ဖွံ့ဖြိုးဆဲနဲ့ စီးပွားရေး ထွန်းသစ်စ အာရှနိုင်ငံတွေထဲမှာ ဆိုရင် ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံမှာ ၆ ရာခိုင်နှုန်းနဲ့ အထက် စီးပွားရေး တိုးတက်လိမ့်မယ်လို့ IMF ရဲ့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။

IMF နည်းတူ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ကလဲ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ၈.၄ ရာခိုင်နှုန်း ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အလားတူ တစ်ကမ္ဘာလုံး စီးပွားရေးဟာ ဆက်ပြီး တိုးတက်နေပေမယ့် စိတ်ပျက်စရာကောင်းတဲ့ နှုန်းနဲ့ပဲ ဆက် တိုးနေပြီး၊ အပျက်ဘက် ကို ရောက်သွားနိုင်တဲ့ ဘေးအန္တရာယ်တွေ ရှိနေတယ်လို့အင်္ဂါနေ့က ၀ါရှင်တန်ဒီစီမြို့ IMF ရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စီးပွားရေး ပညာရှင်တွေ က ပြောပါတယ်။

IMF ရဲ့ ကမ္ဘာ့ လုံးဆိုင်ရာ စီးပွားရေး ခန့်မှန်းသုံးသပ်ချက်အရ ၂၀၁၆ ခုနှစ်မှာ တကမာလုံး စီးပွားရေး တိုးနှုန်း ၃.၂ ရာခိုင်နှုန်းရှိပြီး၊ ၂၀၁၅ ခုနှစ်ကထက်စာရင် အနည်းငယ်အရှိန်မြင့်လာမယ်၊ အဲဒီနောက် ၂၀၁၇ခုနှစ်မှာ ပိုအရှိန်ရလာပြီး ၃.၅ ရာခိုင်နှုန်းအထိ တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။

ခုလို တကမ္ဘာလုံးရဲ့ စီးပွားရေး အခြေအနေကျဆင်းနေတာဟာ ကမ္ဘာအရပ်ရပ်က ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံအားလုံး လိုလိုမှာ ပျံ့နှံ့ဖြစ်ပေါ်နေတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောသွားပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု နှေးကွေးနေတာနဲ့ ကမ္ဘာအနှံ့ ကုန်စည်ဈေးနှုန်းတွေ အားပြော့နေတာကြောင့် ကမ္ဘာ့ စီးပွားရေးတိုးတက်မှုနှေးကွေးစေပြီး၊ စီးပွားရေး ထွန်းသစ်စ နိုင်ငံတွေရဲ့ ဈေးကွက်တွေအပေါ် ရိုက်ခတ်မှု ရှိလာမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ စီးပွားရေး တိုးတက်မှု နှေးကွေးတာအပြင်၊ ရထားတဲ့ တိုးတက်မှုကြောင့် ဖြစ်လာတဲ့ အကျိုးကျေးဇူးတွေကို အညီအမျှ မခံစားရတဲ့ ပြသနာ ရှိနေတာ ကိုလည်း Maurice Obstfeld က အခုလို ထောက်ပြ ပြောဆိုသွားပါတယ်။

“အဲဒီအတွက် နိုင်ငံပေါင်းစုံက မူဝါဒ ချမှတ်သူတွေအနေနဲ့ အနာဂတ်မှာ ပူးပေါင်းဆောက်ရွက်နိုင်ဖို့ ဆက်ပြီး ဆွေးနွေးသင့်ပါတယ်။ ကျွန်တော်တို့ ရနေတဲ့ စီးပွားရေး တိုးတက်မှုတွေဟာ လူများစုဆီကို ပျံ့နှံ့ရောက်ရှိသွားတာမျိုး မရှိပဲ ဖြစ်နေပါတယ်။ နိုင်ငံအများအပြားမှာ ၀င်ငွေ မညီမျှမှုတွေ တိုးလာနေလုပ်ခလစာ တိုးတက်မှုမရှိပဲ တန့်နေပြီး၊ ၀င်ငွေ မညီမျှမှုတွေ ဖြစ်တာ တိုးလာနေပါတယ်။ ဒါကြောင့် ဖြစ်သင့်တာကတော့ မူဝါဒတွေချမှတ်တဲ့ နေရာမှာ ၀င်ငွေ ခွဲဝေဖြန့်ဖြူးမှု ညီမျှမှုကို အလေးထားဖို့ပါ။”

ကမ္ဘာ့ စီးပွားရေး အခြေအနေဟာ တရုတ်နိုင်ငံရဲ့ သက်ရောက်မှုကြောင့်အပြင်၊ အခြား နိုင်ငံရေး အခြေအနေတွေကိုလည်း အမှီပြုနေကြောင်း၊ ပြည်တွင်း စစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံရဲ့ အခြေအနေကြောင့် ဥရောပတိုက်ထဲကို ရွှေ့ပြောင်းနေထိုင်သူတွေ သန်းနဲ့ချီ ၀င်ရောက်လာတဲ့အတွက် ဖွံ့ဖြိုးပြီး ဥရောပနိုင်ငံတွေရဲ့ စီးပွားရေးအပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်စေတဲ့အကြောင်း၊ အကျိုးဆက်အနေနဲ့ ဥရောပနိုင်ငံတွေမှာ အမျိုးသားရေး ၀ါဒီတွေ ပြန်လည် ခေါင်းထောင်လာပြီး၊ ဥရောပသမဂ္ဂအတွင်းမှာ နယ်စည်းမထားတဲ့ စီးပွားရေးပေါင်းစည်းမှု တွေဆက်လုပ်ဖို့ ခက်ခဲလာတဲ့အကြောင်း စတဲ့အချက်တွေကလည်း ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအပေါ် သက်ရောက်မှုရှိနေကြောင်း သူက ပြောသွားပါတယ်။

ရဲခေါင်/ ဗွီအိုအေ (မြန်မာပိုင်း)

ဂျပန်ငလျင် ၂ ဦးသေ

ဂျပန်ငလျင်ဘေးဒဏ်သင့်ဂျပန်ပြည်သူများ (ဧပြီ ၁၄၊ ၂၀၁၆)

ကြာသပတေးနေ့ညနေက ဂျပန်နိုင်ငံတောင်ပိုင်းမှာ ပြင်းထန်တဲ့ ငလျှင်တစ်ခု လှုပ်ခတ်ခဲ့တဲ့ အတွက် အနည်းဆုံး လူ၂ဦးသေဆုံးပြီး၊ ၄၅ဦး ဒဏ်ရာရသွားပါတယ်။ သေဆုံး၊ ဒဏ်ရာရသူအားလုံးဟာ ငလျှင် ဗဟိုချက် အနီးမှာတည်ရှိပြီး၊ ထိခိုက်မှုအများဆုံးဖြစ်တဲ့ Mashiki မြို့က ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ကျူရှူးကွန်းပေါ်က Kumamoto ခရိုင်မှာ ပြင်းအား ၆.၂ ရှိတဲ့ ငလျှင် စတင် လှုပ်ခတ်ပြီးတဲ့နောက် အများအပြား ထပ်လှုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ကနဦး လှုပ်တဲ့ ငလျှင်ကြောင့် အနည်းဆုံး အိမ် ၁၉လုံး ပြိုလဲခဲ့ပြီး၊ ကြောက်ရွံ့နေတဲ့လူတွေဟာ ပြိုကျနေတဲ့ အိမ်တွေထဲမှာ ပိတ်မိနေကြဆဲပဲလို့ ရဲတပ်ဖွဲ့တွေက ပြောပါတယ်။

ကနဦး လှုပ်ခတ်ခဲ့တဲ့ ငလျှင်ရဲ့ ဗဟိုချက်ဟာ ဂျပန်နိုင်ငံမှာ တစ်ခုတည်းသော လည်ပတ်နေတဲ့ နျူကလီးယား ဓါတ်ပေါင်းဖိုကနေ ကီလို မီတာ ၁၂၀ ကွာဝေးပြီး၊ အဲဒီ နျူကလီးယား စက်ရုံဟာ ပုံမှန် လည်ပတ်နေဆဲပဲလို့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

VOA (မြန်မာပိုင်း)

ကမာရွတ်မြို့နယ်တွင် အမျိုးသားတစ်ဦး ၈ လွှာတိုက်ခန်းမှာ ပြုတ်ကျ ဒဏ်ရာရရှိသဖြင့် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူ

ကမာရွတ်မြို့နယ် (၈) ရက်ကွက် အတွင်း၌ ၈ လွှာအမြင့်ရှိ တိုက်ခန်းပေါ်မှာ အမျိုးသားတစ်ဦး ပြုတ်ကျမှု ဧပြီ ၁၄ ရက်၊ ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
အဆိုပါ ပြုတ်ကျသောသူသည် အခင်းဖြစ်ပွားချိန်တွင် အရက်သောက်သုံးထားမှုရှိပြီး ၈ လွှာတိုက်ခန်းမှ အောက်သို့ပြုတ်ကျစဉ် ဓာတ်ကြိုးနှင့်ငြိပြီးမှ မြေပြင်ပေါ်သို့ ပြုတ်ကျခြင်းဖြစ်ကြောင်း ကမာရွတ် ရဲစခန်း၏ ညပိုင်းတာဝန်ကျ ရဲအရာရှိက ဆိုသည်။
“အပေါ်ကနေ အောက်ကို ငုံ့ကြည့်တာကနေ ပြုတ်ကျတာလို့ သိရတယ်။ ၈ လွှာကအကျမှာ ဓာတ်ကြိုးနဲ့ငြိတယ်။ သူ့ရဲ့ဗိုက်မှာ ဒဏ်ရာရထားရှိလို့ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်” ဟု အဆိုပါ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
တိုက်ပေါ်မှ ပြုတ်ကျသည့် အမျိုးသား၏ အမည်မှာ မြင့်မြတ်အောင် အသက် (၂၁) နှစ်ဆိုသူဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကမာရွတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ခြင်း မရှိသေးကြောင်း ၎င်းရဲစခန်းမှ စုံစမ်းသိရှိရသည်။