Category Archives: ပြည်ပသတင်း

ယီမင်နိုင်ငံမှ ပစ်ခတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်အား ဆော်ဒီ က ကြားဖြတ်ပစ်ချ

ရီယတ်ဒ် ၊ ၁၁-၅-၂၀၁၆

ဆော်ဒီအာရေဗျ ၏ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့သည် ယီမင်နိုင်ငံမှ ပစ်ခတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည် တစ်စင်းအား မေ ၉ ရက်တွင် ကြားဖြတ်ပစ်ချ နိုင်ခဲ့ပြီး အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ သူပုန်အဖွဲ့များ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တုံ့ဆိုင်းနေစဉ် အန္တရာယ် ရှိသော အရှိန်မြှင့် လုပ်ဆောင်ချက် တစ်ရပ် ဖြစ်သည်ဟု အာရပ် ညွန့်ပေါင်းအဖွဲ့က ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန် ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ယခုကဲ့သို့ အချိန်အတွင်း အဆိုပါ ဒုံးကျည် ပစ်ခတ်ခြင်းသည် ဟူသီသူပုန် များနှင့် ဖြုတ်ချခံခဲ့ ရသည့် သမ္မတ အလီအဗ္ဗဒူလာ ဆာလက်ရှ် ၏ တပ်ဖွဲ့ဝင်များ အနေဖြင့် အန္တရာယ် ရှိသော အရှိန်အဟုန်မြှင့် ဆောင်ရွက်မှု တစ်ရပ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အာရပ် ညွန့်ပေါင်းအဖွဲ့ က ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။

ဆော်ဒီအာရေဗျ ညွန့်ပေါင်း အဖွဲ့သည် အခြေအနေ တည်ငြိမ်ရေး ထိန်းသိမ်းရန် နှင့် ကူဝိတ်နိုင်ငံတွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များအား အောင်မြင်မှု ရရှိစေရေး အကူအညီ ပေးရန် နိုင်ငံတကာ အသိုက်အဝန်း နှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ကိုလည်း အဆိုပါ ကြေညာချက် တွင်ဖော်ပြ ထားသည်။

အဆိုပါ ဒုံးကျည် ပစ်ခတ်မှုသည် ကူဝိတ် နိုင်ငံတွင် ကုလသမဂ္ဂ၏ ကမကထ ပြုမှုဖြင့် ဆောင်ရွက်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မတိုင်ခင် လွန်ခဲ့သည့်လ အတွင်း၌ အသက်ဝင် ခဲ့သည့် အပစ်အခတ် ရပ်စဲမှု စတင်ပြီး နောက်ပိုင်း ယီမင်နိုင်ငံမှ ဆော်ဒီအာရေဗျ နိုင်ငံသို့ ပထမဆုံး အကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ညွန့်ပေါင်းအဖွဲ့ အနေဖြင့် အပစ်အခတ် ရပ်စဲရေးအား ဆက်လက် ထိန်းသိမ်း ဆောင်ရွက် သွားမည် ဖြစ်သော်လည်း အလားတူ တိုက်ခိုက်မှု နောက်တစ်ကြိမ် ထပ်မံပြုလုပ် ခဲ့ပါက သင့်လျော်သည့် အချိန်နှင့် နေရာတို့တွင် လက်တုံ့ပြန် တိုက်ခိုက်ပိုင်ခွင့် ရှိကြောင်း ညွန့်ပေါင်း အဖွဲ့က ပြောကြား ခဲ့သည်။

ယီမင်နိုင်ငံမှ ပစ်ခတ်ခဲ့သည့် အဆိုပါ ဒုံးကျည်အား ကြားဖြတ်ပစ်ချ နိုင်ခဲ့ကြောင်း နှင့် ယီမင်နိုင်ငံ အတွင်းရှိ အဆိုပါ ဒုံးကျည် ပစ်ခတ်ခဲ့သည့် နေရာကိုလည်း ချက်ချင်း ဖျက်ဆီး နိုင်ခဲ့ကြောင်း ညွန့်ပေါင်း အဖွဲ့က ပြောကြား ခဲ့သည်ဟု သိရသည်။

#PyiChitThar

ပါကစ္စတန်မှ နေရောင်ခြည် မရှိတဲ့ ညအချိန်မှာ အကြောသေသွားတဲ့ ထူးဆန်းသော ညီအစ်ကိုနှစ်ဦး

နေ့ဘက်မှာတော့ အဗ္ဗဒူရာရှိဒ်နဲ့ ရှောအိဘ် အာမက်ဆိုတဲ့ အသက် ၉နှစ်နဲ့ ၁၃ နှစ်အရွယ်ရှိတဲ့ ညီအကိုနှစ်ယောက်က တခြားညီအကိုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကစားနေနိုင်ပါတယ်။ ဒါပေမဲ့ နေဝင်သွားတာနဲ့ တပြိုင်နက်နှစ်ယောက်စလုံးက အကြောသေသွားသလို ဖြစ်သွားပြီး စကားလည်း မပြောနိုင်တော့ပါဘူး။

ပါကစ္စတန်မှာရှိတဲ့ ဒီညီအစ်ကို နှစ်ယောက်ကို မိဘတွေက နေကရတဲ့ စွမ်းအင်နဲ့မှ ရှင်သန်နိုင်တယ်လို့ ယူဆပြီး နေစွမ်းအင်သုံး ကလေးများလို့တောင် ခေါ်ဝေါ်နေကြပါတယ်။ ဒီလို လက္ခဏာတွေက ဘာကြောင့် ဖြစ်စေလဲဆိုတာကို ဆရာဝန်တွေလည်း အဖြေရှာမရနိုင်သေးဘူး ဖြစ်နေပါတယ်။ သူတို့ကို ကုသပေးနေတဲ့ ပါကစ္စတန် ဆေးသိပ္ပံပညာ တက္ကသိုလ်မှ ပါမောက္ခက ဒီကိစ္စက စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်း၊ ဒီကလေးတွေက နေရောင်ရှိတဲ့ အချိန်မှာ တက်ကြွ လှုပ်ရှားနိုင်ပေမဲ့ နေဝင်သွားတာနဲ့ မျက်စိမဖွင့်နိုင်၊ စကားမပြောနိုင်၊ မစားမသောက်နိုင်တော့တာက ဘာအတွက်ကြောင့်လဲဆိုတာ သိနိုင်ဖို့ ဆေးပညာဆိုင်ရာ စစ်ဆေးမှုတွေ အများကြီးလုပ်နေပါတယ်လို့ ဆိုပါတယ်။

သူတို့မိသားစုက ဆင်းရဲတဲ့အတွက် အစိုးရက ဆေးကုသစရိတ်ကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ဆက်လက်စစ်ဆေးမှုတွေ လုပ်နိုင်ဖို့အတွက် သူတို့ရဲ့ သွေးနမူနာတွေကို နိုင်ငံခြားက ကျွမ်းကျင်ပညာရှင်တွေဆီကို ပို့ထားပါတယ်။ နောက်ပြီး သိပ္ပံပညာရှင်တွေက သူတို့အိမ်နားက မြေကြီးနဲ့ လေနမူနာတွေကို ဓာတ်ခွဲစမ်းသပ်ကြည့်ခဲ့ကြပါတယ်။


ညီအစ်ကို နှစ်ယောက်ရဲ့ အဖေနဲ့ အမေက မောင်နှမ တစ်ဝမ်းကွဲတော်ပြီး သားသမီး ၆ ယောက်မှာ ၂ ယောက်က မွေးကင်းစမှာ ဆုံးခဲ့ပါတယ်။ ကျန်တဲ့ နှစ်ယောက်မှာတော့ ထူးခြားတဲ့ လက္ခဏာမတွေ့ရပါဘူး။ ကလေးနှစ်ယောက်ကို နေ့ဘက်ဖြစ်ပေမဲ့ အလင်းရောင် မရှိတဲ့ အမှောင်ခန်းထဲမှာ ထားပြီး စမ်းသပ်တဲ့အခါမှာ လမ်းလျှောက်နိုင်တာကို တွေ့ရတဲ့အတွက် နေရောင်ခြည်စွမ်းအင်ကြောင့် ဖြစ်ရတယ်ဆိုတာကို ဆရာဝန်တွေက လက်မခံတော့ပါဘူး။ညီအကို နှစ်ယောက်က ထူးဆန်းတဲ့ ရောဂါ ဖြစ်နေတာကလွဲရင် သာမန်ကလေးတွေလိုပဲ ပျော်ရွှင်ပြီး တက်ကြွနေကြတဲ့ ကလေးတွေ ဖြစ်ပါတယ်။

မင်္ဂလာဆောင်ပြီးနောက်တနေ့မင်္ဂလာဝတ်စုံပြန်အပ်ရန် သွားသော ထိုင်းအလှမယ်နှင့်သူ၏ခင်ပွန်းတို့ ကားတိုက်ခံရပြီးနှစ်ဦးစ လုံးသေဆုံး

 

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ Aranyaprathetအရပ်တွင် မေလ၁၀ရက်နေ့၁၁နာရီခန့်က ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားခဲ့သည်။ရဲများ၏သတင်းထုတ်ပြန်ချက်အရ ထိုယာဉ်တိုက်မှုတွင် ဆိုင်ကယ်မောင်းနှင်သူနှင့်နောက်မှလိုက်ပါစီးနင်းလာသူတို့နှစ်ဦး စလုံး နေရာမှာတွင်သေဆုံးခဲ့သည်။

ဆိုင်ကယ်အမျိုးအစားမှာ ဟွန်ဒါ အမျိုးအစားဆိုင်ကယ်ဖြစ်ပြီး မှတ်ပုံတင်ထားခြင်းမရှိပေ။ မော်တော်ယာဉ်မှာ အီဆူဇီးပစ်ကပ်ကားအမျိုးအစားဖြစ်ကြောင်းရဲမှတ်တမ်းအရသိရသည်။

သေဆုံးသွား သူနှစ်ယောက်မှာ တင်ဆန် အမည်ရှိ အသက်၂၁နှစ်အရွယ် အမျိုးသားနှင့်ထိုင်း အလှမယ်ပြိုင်ပွဲတွင်နံပါတ်၎ချိတ်ခဲ့သူ အသက်၁၇နှစ် အရွယ် မိန်းကလေးတို့ဖြစ်သည်။ အဆိုပါစုံတွဲ သည် မေလ၉ရက်နေ့တွင် မင်္ဂလာဆောင်ခဲ့ပြီး မေလ၁၀ရက်နေ့တွင် ငှားရမ်းထားသော မင်္ဂလာ ဝတ်စုံပြန်အပ်ရန်အသွားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မျက်မြင်သက်သေမှပြောကြားရာတွင် အဆိုပါဆိုင်ကယ်သည် ဘရိတ်ပေါက်၍ ကားအားဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည် ဟုပြောကြားခဲ့ သည်။ သေဆုံးသူ နှစ်ယောက်သည် ဆန့်ကျင်ဘက်အနေအထားနှင့်သေ ဆုံးလျှက်ရှိသည်ဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Sanook news တွင်ဖော်ပြထားချက် အရသိရှိ ရသည်။

KT china.com
china.com Myanmar

လျှို့ဝှက်စွာ ချစ်ကြိုက်နေကြတဲ့ Drake နဲ့ Rihanna

ပေါ့ပ် နဲ့ R&B အဆိုတော်မလေး ရီဟားနားဟာ “Work” ဆိုတဲ့ သီချင်းထဲမှာ Drake နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားမှုတွေကို ကြည့်ပြီး တစ်ချို့ က ဒီအဆိုတော် နှစ်ယောက်ရဲ့  ကြားက ပတ်သတ်မှုတွေကို သံသယ ရှိလာကြပါတယ်။

အခုတော့ အားလုံး သံသယရှိတဲ့ အတိုင်းပဲ Drake နဲ့ ရီဟားနားတို့ဟာ လျှို့ဝှက်စွာ ချစ်ကြိုက်နေကြတာ လအနည်းငယ် ရှိနေပြီလို့ PEOPLE သတင်းဌာနက ဖော်ပြထားပါတယ်။

သူတို့ နှစ်ယောက်နဲ့ ရင်းနှီးတဲ့သူတွေ ပြောပြထားတာကတော့ သူတို့ နှစ်ယောက်လုံးဟာ သူတို့ရဲ့  အချစ်ရေးကို လျှို့ ဝှက်စွာနဲ့ပဲ ဆက်လက်ရှိနေစေချင်နေကြတယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်ထဲမှာလည်း လော့အိန်ဂျလိစ်က ဖျော်ဖြေပွဲတစ်ခုမှာ ရီဟားနားက Drake နဲ့ ချစ်ကြိုက်နေကြတဲ့ ပုံစံမျိုးနဲ့ ဖျော်ဖြေခဲ့တာကိုလည်း ပရိသတ်ထောင်ပေါင်း များစွာက မြင်တွေ့ခဲ့ကြရပါတယ်။

အခြား သတင်း အရင်းအမြစ်တစ်ဦးက ပြောပြခဲ့တာကတော့ သူတို့ နှစ်ယောက်ဟာ The Nice Guy ဆိုတဲ့ နိုက်ကလပ်တစ်ခုမှာ တစ်ညလုံး အတူတူတွဲကခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင် သက်ဝင်နေတဲ့ ပုံမျိုးနဲ့ တွေ့ခဲ့ရတယ်လို့ PEOPLE သတင်းဌာန ကို ပြောပြလာပါတယ်။

Ref:elitedaily

လိင်တူချစ်သူ အင်္ဂလန်နိုင်ငံသားက ထိုင်းအမျိုးသားကို ဘတ်ငွေ ၅ သန်း တင်တောင်း

အင်္ဂလန်နိုင်ငံသား အမျိုးသားတဦးဟာ သူ့ရဲ့ လိင်တူချစ်သူ ထိုင်းအမျိုးသားကို ရိုးရာမင်္ဂလာပွဲမှာ တင်တောင်းငွေ ဘတ် ၅ သန်းပေးကာ လက်ထပ်ခဲ့တယ်လို့ ထိုင်းရတ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အသက် ၃၅ နှစ်အရွယ် ကားလ်ဧဒင်ဟာ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး သူ့ရဲ့ချစ်သူ အသက် ၂၉ နှစ်အရွယ် ချိုင်ဝရာရစ် ၀ီတ၀န် (တိုနီ) ကတော့ စက်ရုံအလုပ်သမားဟောင်းတဦး ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် တွေ့ဆုံ ချစ်ကျွမ်းဝင်ခဲ့ကြပြီးနောက်မှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး မေလ ၈ ရက်နေ့မှာတော့ ပရာချင်ဘူရီအရပ်မှာ ရိုးရာမင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတာပါ။

အဲဒီမင်္ဂလာပွဲ အခမ်းအနားမှာ ကားလ်ဟာ ရွှေ၊ ငွေ၊ ကား၊ အိမ်ခြံမြေ တန်ဖိုး ဘတ် ၅ သန်းကျော်နဲ့ တင်တောင်းခဲ့တာဟာ ပွဲတက်လာကြတဲ့ ဧည့်သည်ဦးရေ ၅၀ ကို အံ့အားသင့်စေခဲ့ပါတယ်။

ညနေပိုင်းမှာတော့ သူတို့ဟာ ဧည့်သည် ၅၀၀ လောက် ဖိတ်ခဲ့ကာ ဒေသတွင်း ဟိုတယ်တခုမှာ ဧည့်ခံကျွေးမွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တိုနီက “ကျနော်တို့ ဖေ့စ်ဘွတ်ခ်ပေါ်ကတဆင့် ရင်းနှီးခဲ့ကြပြီးနောက်မှာ ကားလ်က ဘန်ကောက်ကို လိုက်လာခဲ့ပါတယ်။ အပြင်မှာတွေ့ကြပြီး ၁ နှစ်လောက် ရေရှည်ရင်းနှီးမှု တည်ဆောက်ခဲ့ပြီးတော့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ” လို့ ပြောပါတယ်။

လူတိုင်းဟာ ဘယ်လိုအသက်အရွယ်မှာဖြစ်ဖြစ် လိင်တူလိင်ကွဲ မကွဲပြားဘဲ ချစ်ခြင်းမေတ္တာနဲ့ လက်ထပ်သင့်ပြီး ကန့်သတ်ထိန်းချုပ်တာတွေမရှိဘဲ မိသားစုဘ၀ကို ရရှိသင့်တယ်လို့ သူက ပြောပါတယ်။

ကားလ်ကတော့ အင်္ဂလန်နိုင်ငံမှာ ပန်းအလှပြင်လုပ်ငန်း၊ အိမ်ခန်းငှားဝန်ဆောင်မှု ကုမ္ပဏီနဲ့ စတိုးဆိုင်တဆိုင် ပိုင်ဆိုင်ထားပြီး လက်ထပ်ပြီးနောက်မှာ သူတို့ဟာ အင်္ဂလန်ကိုသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကားလ်ကတော့ “မင်းကို အရမ်းချစ်တယ် တိုနီ။ ဒါဟာ ကိုယ်တို့ ၂ ယောက်အတွက် တကယ့် မဟာအခွင့်အရေး တခုပါပဲ။ ထိုင်းနိုင်ငံမှာ ခုလို မိသားစုဘ၀နဲ့ အတူရှိနေရတာလည်း အရမ်းပျော်ရွှင်မိပါတယ်” လို့ ပြောပါတယ်။

DVB

ကြေကွဲမှုကြားထဲက အဘိုးအို သီချင်းသံ

စစ်ဒဏ် ခံရတာကြောင့် ရွာမှာ ရှိတဲ့ အမျိုးသား အားလုံး စစ်ထွက်ရ ပါတယ်။ အမျိုးသမီး၊ ကလေးငယ် နဲ့ အသက်ကြီး အဖိုး၊ အဖွားတွေသာ ရွာမှာ ကျန်ခဲ့သတဲ့။

ရွာထဲက အဖိုး တစ်ဦးစာ သီချင်းလေး ဆိုလို့ ထွန်တုံးနဲ့ လှည်တောင် ထွန်လိုက် ပါသေးတယ်။ ဒါကို မြင်တဲ့ အမျိုး သမီး တစ်ဦးက ‘ရှင်က သီချင်းတွေ ဆိုပြီး လယ်ထွန် နိုင်သေးတယ်နော်။ ကျမတို့ ယောက်ျားတွေ သေပြီ။ ရွာမှာ စားစရာ သိပ် မရှိတော့ ဘူး။ နောက်တစ်ပတ်ဆို စစ်တပ် တစ်ခု ဗုံးလာကြဲမယ်။ ကျမတို့က ငရဲ မဖြစ်ရုံ တမယ်လေး နေရာမှာ နေရတာ ရှင့်အတွက်က ပျော်စရာ ဖြစ်နေ ပါလား’ လို့ ပြောဆိုသတဲ့။ ဒါနဲ့ အဖိုး ဖြစ်သူက အောက်ပါ အတိုင်း ပြန်ဖြေ ပါတယ်။

‘ဒီမယ် ကလေးမ၊ ငါလယ်ထွန် ပျိုးကြဲခဲ့တာတွေ တစ်နေ့ကျရင် ကျန်ခဲ့တဲ့ သူတွေ အတွက် စားစရာ ဖြစ်လိမ့်မယ်။ ထွန်လို့ မပြီးခဲ့ရင်တောင် ကျန်တဲ့လူတွေက ငါလုပ်ခဲ့တဲ့ စေတနာကို မြင်ပြီး သူတို့တွေ ဆက်လုပ်ကောင်း လုပ်လိမ့်မယ်။ ငါသီချင်း ဆိုနေတာ ကတော့ သေနေတဲ့ အမျိုးတွေ အတွက် ပျော်နေတာ မဟုတ်ဘူး။ ရှင်သန်နေတဲ့ မင်းတို့ ငါတို့ ဘဝကို ပျော်ရွှင် ကြည်နူးစရာလေး ဖြစ်စေဖို့’

သင်ခန်းစာ

– ကိုယ်ဟာ ဘယ်လို အဆိုးတွေနဲ့ ကြုံကြုံ မိမိ လုပ်ဆောင်ချက်က အမြဲ ကောင်းမွန် နေဖို လိုအပ် ပါတယ်။
– မနက်ဖန် သေရမယ်လို့ သိနေသည့် တိုင်၊ မနက်ဖန် အလုပ်ထွက်ရမယ်လို့ သိနေသည့်တိုင် မိမိရဲ့ ခြေရာ လက်ရာ များက စေတနာ သဒ္ဓါ တို့နဲ့ ပြည့်စုံနေပြီး ကျန်လူတွေ အတုယူစရာ ဖြစ်နေ ရပါမယ်။
– အကောင်းမြင်စိတ် နဲ့ အသက်ရှင် ရပါမယ်။
– အမှားတွေ ဘယ်လောက်ပဲ ရှိခဲ့ ပါစေ သောက ပရိဒဝ ဝမ်းနည်း စရာ နဲ့ နောင်တ များကို ဖယ်ကျန်လို့ လက်ရှိ အချိန်မှာ စိတ်ကို ကောင်းအောင် မွေးပြီး ကောင်းတာ လုပ်ဖို့ လိုအပ် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

ကလေးလို့ ထင်ပြီး ပွေ့ချီမိသူက အိမ်ထောင်ရှင် အမျိုးသားဖြစ်နေ၍ အမျိုးသမီးလွှတ်တော်အမတ် အရှက်ရခဲ့

စင်ပေါ်ကို ပန်းစည်းလာပေးသူကို ကလေးငယ်ထင်ပြီး ပွေ့ချီနှုတ်ဆက်၊ Selfie ရိုက်ခဲ့ရာမှာ အဲဒီသူက အသက်(၄၆)နှစ်အရွယ်ရှိတဲ့ အိမ်ထောင်ရှင် အမျိုးသားဖြစ်နေလို့ ဗြိတိန်နိုင်ငံက အမျိုးသမီးလွှတ်တော်အမတ်အတွက် အရှက်ရစရာဖြစ်ခဲ့ပါတယ်။ အမျိုးသမီး အတွင်းခံအ၀တ်အထည်တွေ ထုတ်လုပ်တဲ့ Ultimo ကုမ္ပဏီကို ထည်ထောင်ခဲ့သူ မီချယ်မုန်းဟာ ဗီယက်နမ် နိုင်ငံမှာ ကျင်းပတဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ အစည်းအဝေးမှာ စကားပြောနေတုန်း ကလေးငယ်လို့ ထင်မှတ်ရသူ တစ်ယောက်က သူ့ကို ပန်းစည်းလာပေးခဲ့ပါတယ်။

မီချယ်မုန်းက အဲဒီကလေးငယ်ကို ပွေ့ချီပြီး Selfie ရိုက်ကူးနေတုန်း စင်ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်က ”သူ့ကို အောက်ပြန်ချလိုက်ပါ။ ကျွန်မက သူ့မိန်းမပါ”ဆိုတဲ့ အော်သံထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။
မီချယ်မုန်းက ”ပွေ့ချီခံရချိန်မှာ သူက အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ တစ်ခန်းလုံး ရယ်သံတွေ ဆူညံနေခဲ့တယ်။ သူ့သွားက နီကိုတင်းဓာတ်ကြောင့် အ၀ါရောင် တောက်နေတာတွေ့လိုက်ပြီးတဲ့နောက် တစ်ခုခုတော့ မှားနေပြီလို့ ကျွန်မ ထင်ခဲ့မိပါတယ်”လို့ ပြောပါတယ်။

အိမ်နောက်ဖေးခြံမှာ ဘိန်းပင်စိုက်လို့ အဖမ်းခံရတဲ့ အမျိုးသား

တရုတ်နိုင်ငံ Hunan ပြည်နယ် Loudi မှ အမျိုးသားတစ်ယောက်က Taolin ကျေးရွာရှိ သူ့အိမ်နောက်ဖေး ကွက်လပ်မှာ ဘိန်းပင်စိုက်ပျိုးနေကြောင်း ရဲတပ်ဖွဲ့ ရှာဖွေ့တွေ့ရှိပြီးတဲ့နောက်မှာတော့ ထိုအမျိုးသားကို ဖမ်းဆီးခံခဲ့ရပါတယ်။ ဘိန်းပင် ၂,၃၀၀ ခန့် ရဲတပ်ဖွဲ့သိမ်းယူခဲ့တယ်လို့ ဒေသတွင်း သတင်းတစ်ရပ်အရ သိရပါတယ်။

တရုတ်ပြည်မကြီးမှာ ခွင့်ပြုချက် လိုင်စင်မရှိဘဲ ဘိန်းပင် စိုက်ပျိုးခြင်းကို တားမြစ်ပိတ်ပင်ထားပါတယ်။ တရုတ်ရာဇဝတ်မှုဆိုင်ရာဥပဒေ ပုဒ်မ (၃၅၁) မှာ ဘိန်းပင် ၅၀၀ နဲ့အထက် နဲ့ ဘိန်းပင် သို့မဟုတ် ဆေးခြောက်ပင် ၃,၀၀၀ ထက်များတဲ့ စိုက်ပျိုးခြင်းဟာ ထောင်ဒဏ် ၅ နှစ်အထက်နဲ့ ဒဏ်ငွေ ကျခံသင့်ကြောင်း ပြဌာန်းထားပါတယ်။

ဒီနှစ်အစောပိုင်းက တရုတ် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေးအဖွဲ့မှ နိုင်ငံတစ်ဝှမ်းရှိ စားသောက်ဆိုင် ၃၅ ဟာ သူတို့အစားအသောက်များထဲ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဘိန်းစေ့တွေ တရားမဝင် ထည့်သွင်းထားကြောင်း ဖော်ပြခဲ့ပါတယ်။

Ref: CCTVNews

လူပျိုရံ လုပ်မယ့်သူက မင်္ဂလာပွဲမတိုင်မီညမှာ လက်ထပ်လက်စွပ်ကို မျိုချခဲ့

ကိုယ့်ဘဝရဲ့ အရေးပါတဲ့ နေ့မတိုင်မီညမှာ ဖြစ်ခဲ့တဲ့ အဆိုးဆုံးဖြစ်ရပ်က ဘာများဖြစ်နိုင်ပါသလဲ။ မနက်ဖြန် မင်္ဂလာပွဲကျင်းပမယ့်ညမှာ လက်ထပ်လက်စွပ်ပျောက်သွားတာလောက် ဆိုးရွားတဲ့ ဖြစ်ရပ်ရှိနိုင်ပါ့မလား။

Dough ဆိုတာ သတိုးသားဖြစ်သူနဲ့ အလယ်တန်းကျောင်းတုန်းကတည်းက တွဲခဲ့တဲ့ သူငယ်ချင်းဖြစ်ပါတယ်။ သူက သူ့မင်္ဂလာဆောင်မှာ လူပျိုရံလုပ်ပေးဖို့ ကမ်းလှမ်းတော့ ဝမ်းပန်းတသာ လက်ခံခဲ့ပါတယ်။ “ကျွန်တော်တို့က မင်္ဂလာပွဲ မတိုင်ခင် ညမှာ လူလွတ်တစ်ယောက်အနေနဲ့ နောက်ဆုံးပျော်ရတဲ့ပွဲအဖြစ် သူငယ်ချင်းတွေနဲ့ အစွမ်းကုန်ပျော်နေကြပါတယ်။ သတိုးသားဖြစ်သူက ခန်းမထဲဝင်ဖို့ စောင့်နေတုန်းမှာ လက်စွပ်တွေကို ကျွန်တော့်အိတ်ထဲမှာ ထည့်ပြီး သိမ်းထားပေးရမှာ ဖြစ်ပါတယ်။

မင်္ဂလာပွဲအတွက် သတိုးသားဖြစ်သူက စိတ်အရမ်းလှုပ်ရှားနေပြီး လက်စွပ်ကို ဂရုစိုက်ပြီးသေချာသိမ်းပေးဖို့ ပြောခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်မျက်လုံးထဲမှာ လက်စွပ်ကအောက်ကို ပြုတ်ကျပြီး အက်ကွဲကြောင်းတစ်ခုထဲ ကျသွားတယ်လို့ မြင်ယောင်လာပြီး စိတ်အရမ်း ပူသွားခဲ့ပါတယ်။ ဒါနဲ့ မသိစိတ်ကနေ လွှတ်ကနဲ လက်စွပ်ကို ပါးစပ်ထဲထည့်လိုက်ပြီး ကံဆိုးစွာနဲ့ ကြို့ထိုးလိုက်တဲ့အတွက် မျိုချလိုက်သလို ဖြစ်သွားပါတယ်။

နောက်တစ်နေ့မနက် မင်္ဂလာပွဲမှာတော့ သတိုးသားနဲ့ သတိုးသမီးက ကျွန်တော့်ကောင်းမှုကြောင့် အူကြောင်ကြောင်နိုင်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ရပါတယ်။ ခန်းမထဲ ဝင်လာပြီး စင်မြင့်ပေါ်ရောက်ချိန်မှာ ကျွန်တော်က လက်စွပ်ကို အိတ်ထဲက ထုတ်ပေးချင်ဟန်ဆောင်ပြီး သတိုးသားကလည်း သတိုးသမီးလက်ကို လက်စွပ်စွပ်ပေးသလို ဟန်ဆောင်လိုက်ရတာပါပဲ။

ကျွန်တော်ကတော့ ၈ ကာရက်ရှိတဲ့ စိန်လက်စွပ်ကို ပြန်ရဖို့အတွက် အဝကျယ်တဲ့ အလေးအိုးကို သုံးပြီး အလေးသွားရသလို ပြီးရင်လည်း လက်စွပ်ကို မွှေနှောက်ရှာဖွေနေရတာက ရုတ်တရက် မသိစိတ်ကြောင့်ဖြစ်သွားတဲ့ အမှားတစ်ခုကြောင့်ဆိုတာလို့ပဲ ပြောချင်ပါတယ်လို့ သတိုးသား အရံဖြစ်သူ Dough ကပြောပြခဲ့ပါတယ်။

Ref:sheknows

မြောက်ကိုရီးယားကို ဒဏ်ခတ်မှုလျှော့ပေးဖို့ နိုဘယ်လ်ဆုရှင်တွေ တောင်းဆို

 

မြောက်ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်ခဲ့ကြတဲ့ နိုဘဲလ်ဆုရှင် ၃ ဦးရဲ့ သတင်းစာရှင်းလင်းပွဲ

တောင်ကိုရီးယားနိုင်ငံက ကန့်ကွက်နေတဲ့ကြားက မြောက်ကိုရီးယားနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သွားရောက် လည်ပတ်ခဲ့ကြတဲ့ နိုဘဲလ်ဆုရှင် ၃ ဦးက မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျော့ချပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။ နျူကလီးယား လက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံကို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့၊ ပညာရေးဆိုင်ရာ သံတမန်ရေးနည်းလမ်းနဲ့ ငြိမ်းချမ်းရေး လက်ကမ်းလိုကြောင်း ပြောပါတယ်။

ဆေးပညာဆိုင်ရာ နိုဘဲလ်ဆုရှင် Richard Roberts ၊ စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုရှင် Finn Kydland နဲ့ ဓာတုဗေဒဆိုင်ရာ နိုဘဲလ်ဆုရှင် Aaron Ciechanover တို့ ၃ ဦးက ကုလသမဂ္ဂကချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ အင်တာနက် အလွယ်တကူ မရနိုင်တဲ့အတွက် မြောက်ကိုရီးယား သိပ္ပံပညာရှင်တွေ အခက်တွေ့နေရကြောင်း ပြောကြားခဲ့ကြပါတယ်။

ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု အတော်များများကို ပြန်လည် ရုပ်သိမ်းပေးဖို့အတွက် နော်ဝေး၊ ဗြိတိန်နဲ့ အစ္စရေးနိုင်ငံတို့က နိုဘဲလ်ဆုရှင် ၃ ဦးက ပြုံယမ်းမြို့က ပြန်လာအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

မြောက်ကိုရီးယားနိုင်ငံက ပညာရေးအဆောက်အဦးတွေမှာ ခေတ်ပေါ် သိပ္ပံနည်းပညာဆိုင်ရာ ကရိယာတွေ အလုံအလောက် မရှိတဲ့အခြေအနေတွေကိုလည်း ဆေးပညာဆိုင်ရာ နိုဘဲလ်ဆုရှင် Richard Roberts က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့လည်း မြောက်ကိုရီးယားနဲ့ အပြန်အလှန် ထိတွေ့ဆက်ဆံလိုတဲ့ ဆန္ဒရှိပြီး ခရီးစဉ်အတွင်း အနည်းဆုံး မြောက်ကိုရီးယား ကျောင်းသား ၂ ယောက်ကို အနောက်နိုင်ငံတွေကို လာဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်လို့ Roberts က ပြောပါတယ်။

သိပ္ပံပညာရှင် ၃ ဦးဟာ မြောက်ကိုရီးယားနိုင်ငံအတွင်းက ဆေးရုံတွေ၊ တက္ကသိုလ်တွေနဲ့ သုတေသနဌာနတွေကို သွားရောက် လေ့လာခဲ့ကြတာပါ။

အသံတိတ် သံတမန်ရေး – လို့ အမည်ပေးထားတဲ့ သူတို့ရဲ့ ခရီးစဉ်ကိုတော့ ဂျနီဗာမြို့အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့က စီစဉ်ပေးခဲ့တာဖြစ်ပြီး သူတို့အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)