ထိုင်းအခြေစိုက် ဗြိတိန်နိုင်ငံ WVS အဖွဲ့က ရန်ကုန်မြို့ရှိ လေလွင့်ခွေးများ မျိုးဆက်မပြန့်ပွားရေး ၃ နှစ် အခမဲ့ကူညီဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံအခြေစိုက် ဗြိတိန် Worldwide Veterinary Services (WVS) အဖွဲ့သည် ရန်ကုန်မြို့ရှိ လေလွင့်ခွေးများ မျိုးဆက်ပွားမှုထိန်းချုပ်ရေးအတွက် စီမံကိန်းချမှတ်ကာ ၃ နှစ် အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောသည်။

လက်ရှိအချိန်တွင် ယင်းအဖွဲ့က မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (MVA) နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် (၂)၊ (၃)၊ (၄)၊ (၅)၊ (၁၄) ရပ်ကွက် များအတွင်းရှိ လေလွင့်ခွေးကောင်ရေ ၅ဝဝ ခန့်ကို မျိုးပွားမှုထိန်းချုပ်ရေး ရှေ့ပြေးစီမံကိန်းစတင်နေပြီဖြစ်သည်။ ယင်းစီမံချက်ကို မေလ ၁ဝ ရက်မှ စတင်၍ ၁၈ ရက်နေ့အထိ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ ရွှေပိတောက်ငါးဈေးအနီးရှိ ပညာရေးမှူးရုံးဟောင်း တွင် ခွဲစိတ်ကုသမှုများပြုလုပ်ကာ အကောင်အထည်ဖော်နေခြင်းလည်းဖြစ်သည်။

လေလွင့်ခွေးများ မျိုးဆက်မပြန့်ပွားရေးစီမံကိန်းဆောင် ရွက်ရာတွင် ရပ်ကွက်များအတွင်းရှိ လေလွင့်ခွေးများကို ပိုက် ကွန်ဖြင့်အရှင်ဖမ်း၍ ခွဲစိတ်မည့်နေရာသို့ လှောင်အိမ်ဖြင့်သယ်ဆောင်ကာ ခွေး၏အလေးချိန် ချိန်ခြင်း၊ မေ့ဆေးပေးခြင်း၊ ခွေးရူးပြန်ကာကွယ်ဆေးထိုးခြင်း၊ သန်း၊ သန်ကောင်ချဆေးထိုးခြင်း၊ သန့်ရှင်းရေးပြု လုပ်ခြင်းများကို ကနဦးပြုလုပ်ကြောင်း၊ ထို့နောက် ခွေးအားဓာတ်ဆားရည်သွင်းခြင်းပြုလုပ်၍ ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုကြာချိန်မှာ (ခွေးမ မိနစ် ၄ဝ )၊ (ခွေးထီး ၁၅ မိနစ်)စသည်ဖြင့် အသီးသီးကြာကြောင်း သိရသည်။

”တနေ့ကို အကောင် ၅ဝ ကျော် လောက်ဖမ်းပြီးတော့ ခွဲစိတ်တာ။ ခွဲစိတ်ပြီးတာနဲ့ ခွဲစိတ်ကုသ၊ သင်းကွပ်ပြီးဖြစ် ကြောင်း ခွေးနားရွက်ကိုပစောက်ပုံစံဖြတ် အမှတ်အသားလုပ်ပြီး ပြန်လွှတ်ပေးတာ။ သူတို့က စနစ်ကျတယ်။ အထီး၊ အမ အကောင်ရေဘယ်လောက်ဆိုပြီး စာရင်းလိုက်ကောက်တာ။ ပြီးတော့ ရပ်ကွက်နေ ပြည်သူတွေကိုလည်း ဒီလိုခွဲစိတ်ကုသ၊ သင်းကွပ်ပေးတာမျိုးကြိုက်လား၊ ဘယ်လိုမျိုးလုပ်စေချင်လဲ၊ ဘယ်လိုဖြစ်စေချင်လဲဆိုတာမျိုး မေးတယ်။ ခွဲစိတ်ကုသမှုပြီးရင်လည်း ခွေးအကောင်ရေစာရင်း စနစ်တကျ လုပ်ထားတယ်။ ဒီပရောဂျက်အောင်မြင်တယ်ဆိုရင် အဆင်ပြေရင် နောက် ၃ နှစ် ဆက်တိုက် အကူအညီ ပေးမယ်လို့ သိရတယ်။ ရန်ကုန်တိုင်းတတိုင်းလုံးပေါ့”ဟု ဦးကျော်ကျော်ထွန်းက ပြောသည်။

WVS အဖွဲ့သည် ထိုင်းနိုင်ငံတွင် လေလွင့်ခွေးပပျောက်ရေးစီမံကိန်းများကိုဆောင်ရွက်နေပြီး ခွေးရူးပြန်ရောဂါပပျောက်ရေးကို အဓိကဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။ လှိုင်မြို့နယ်အတွင်း ယင်းရှေ့ပြေးစီမံကိန်းဆောင်ရွက်ရာတွင် WVS အဖွဲ့မှ ခွဲစိတ်ဆရာဝန် ၄ ဦး၊ သူနာပြု ကျား၊ မ ၅ ဦး၊ ခွေးဖမ်း သည့်အဖွဲ့ဝင် ၃ ဦးပါဝင်ကြောင်း၊ ကိုင်တွယ်ခွဲစိတ်သည့် ဆရာဝန်များ၊ သူနာပြုများ၊ ခွေးဖမ်းသည့်အဖွဲ့များကို ကာကွယ်ဆေးထိုးကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

”ဒီအဖွဲ့ကဆေးဆိုရင် အကုန်ပါတယ်။ ကျွန်တော်တို့က ဘာမှပေးစရာ မလိုဘူး။ ဘာမှမကုန်ဘူး။ ခွေးတွေဝိုင်း ဖမ်းပေးတဲ့ကလေးတွေဆိုရင် တနေ့ကို ၂ သောင်းပေးတယ်။ ဒါလုပ်ပြီး အဲဒီအဖွဲ့က ထိုင်းကိုပြန်မှာ။ ရန်ပုံငွေရရှိတဲ့အပေါ်မူတည်ပြီး ရန်ကုန်တမြို့လုံးမှာရှိတဲ့ လေလွင့်ခွေးမျိုးပွားနှုန်း ထိန်းချုပ်ရေးကို ကူညီပေးမှာ”ဟု ဦးကျော်ကျော်ထွန်းက ပြောသည်။

ရန်ကုန်မြို့တွင် လေလွင့်ခွေးအကောင်ရေ တနှစ်ထက်တနှစ်တိုးပွားများပြားလာပြီး ၂ဝ၁၄ ခုနှစ်တွင် အကောင်ရေ ၇ သောင်း၊ ၂ဝ၁၈ ခုနှစ်တွင် အကောင်ရေ ၁ သိန်းလေးသောင်း၊ ယခု ၂ဝ၁၉ ခုနှစ်တွင် အကောင်ရေ ၁ သိန်းခွဲရှိနေကြောင်းနှင့် လေလွင့်ခွေးဂေဟာများအနေဖြင့် လှိုင်သာယာတွင် စည်ပင်ပိုင် ခွေးဂေဟာတခု၊ ပုဂ္ဂလိကခွေးဂေဟာ ၈ ခု စုစုပေါင်း ၉ ခုခန့်သာရှိကြောင်း သိရသည်။

ကိုလင်း

ဂူဂဲလ်က ဟွာဝေးကို ပေးထားတဲ့ ၀န်ဆောင်မှုတချို့နဲ့ အပလီကေးရှင်းတွေ ဖြတ်တောက်မယ်

နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဂူဂဲလ် (Google) က ဟွာဝေး (Huawei) ဆက်သွယ်ရေး ကုမ္ပဏီကို ပေးထားတဲ့ မိုဘိုင်းဝန်ဆောင်မှု တစ်ချို့ကို ဖြတ်တောက် ပစ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။

ဂူဂဲလ်ရဲ့ အခုလို ပြောဆိုမှုကြောင့် ဟွာဝေးဟာ ဂူဂဲရဲ့နည်းပညာ အထောက်အပံ့တွေ ဆုံးရှုံးမှာ ဖြစ်ပြီး ဟွာဝေးစမတ်ဖုန်း အသစ်တွေမှာလည်း သုံးစွဲသူတွေအတွက် ဂူဂဲရဲ့နာမည်ကျော် အပလီကေးရှင်းတွေနဲ့ ၀န်ဆောင်မှုတွေ ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ လိုင်စင် မရှိဘူးဆိုရင် ဟွာဝေး အပါအ၀င် ကုမ္ပဏီ တစ်ချို့ရဲ့ ပစ္စည်းတွေကို ၀ယ်ယူခွင့် မရှိဘူးဆိုတဲ့ အမိန့်တစ်ရပ်ကို အမေရိကန် အစိုးရက ထုတ်ပြန်အပြီးမှာ ဂူဂဲလ် ဘက်က အခုလို ကြေညာလိုက်တာပါ။

ဂူဂဲလ်ဘက်ကတော့ ကုမ္ပဏီဟာ အစိုးရရဲ့အမိန့်ကို လိုက်နာတဲ့ အနေနဲ့ အခုလို လုပ်ဆောင်မှာလို့ ပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ဟွာဝေးဘက်ကတော့ မှတ်ချက် တစ်စုံတရာ ပေးဖို့ ငြင်းဆိုထားပါတယ်။

ဟွာဝေးဟာ ဂူဂဲရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေနဲ့ နည်းပညာ အကူအညီတွေ ဆုံးရှုံးမှာ ဖြစ်ပြီး ဟွာဝေးက ထွက်သမျှ ဖုန်းအသစ်တွေမှာလည်း ယူကျူ့နဲ့ ဂူဂဲ မြေပုံ (Google Map) လိုမျိုး အပလီကေးရှင်းတွေ သုံးနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ဟွာဝေးဟာ အန်းဒရိုက် လည်ပတ်မှု စနစ်ကိုတော့ လွတ်လပ်စွာ အသုံးပြုနိုင်တဲ့ ဗားရှင်း အနေနဲ့တော့ သုံးနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ – Getty Images

သတင်းသမားတွေကို ပုပ်ရဟန်းမင်း ချီးကျူးဂုဏ်ပြု

■ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတင်းရယူရင်း သေဆုံးသွားရတဲ့ သတင်းသမားတွေကို ချီးကျူးဂုဏ်ပြုလိုက်ပြီး သတင်းလွတ်လပ်ခွင့်ဆိုတာ နိုင်ငံတစ်ခုရဲ့ကျန်းမာသန်စွမ်းမှုပြဆိုတဲ့ အဓိကအကျဆုံး ညွှန်းကိန်းဖြစ်ပါတယ်လို့ ပြောလိုက်ပါတယ်။
အီတလီနိုင်ငံမှာ စနေနေ့က ပြုလုပ်တဲ့ နိုင်ငံခြားသတင်းထောက်များ အစည်းအရုံးနဲ့ တွေ့ဆုံပွဲမှာ ပုပ်ရဟန်းမင်းကြီးက အခုလိုပြောကြားလိုက်တာပါ။ အာဏာရှင်တွေ ပထမဆုံး စတင်လုပ်ဆောင်တာဟာ သတင်းလွတ်လပ်ခွင့်ကို ဖယ်ရှားတာပဲဆိုတာကို မမေ့ကြပါနဲ့၊ ကျနော်တို့ဟာ နှိပ်စက်ညှင်းပန်းခံနေရသူ၊ ဖယ်ရှားခံနေရသူ၊ ခွဲခြားဆက်ဆံခံနေရသူ သားကောင်တွေဘက်က ရပ်တည်ရေးသားမယ့် သတင်းသမားတွေ လိုအပ်ပါတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောခဲ့ပါတယ်။

သတင်းသမားတွေဟာ သတင်းတု သတင်းမှားတွေကို ရှောင်ရှားနိုင်အောင် ကြိုးစားကြဖို့နဲ့ အတိဒုက္ခရောက်နေသူတွေ၊ အထူးသဖြင့် မြန်မာပြည်က ရိုဟင်ဂျာနဲ့ အီရတ်နိုင်ငံက ယာဇီဒီလူမျိုးတွေရဲ့သတင်းတွေကို ဆက်လက် ဖော်ထုတ်တင်ပြဖို့ တိုက်တွန်းလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းက မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ တစ်သန်းနီးပါးနဲ့၊ အီရတ်နိုင်ငံထဲက IS အဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်၊ ခေါင်းဖြတ်၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာကိုခံခဲ့ရတဲ့ ယာဇီဒီလူမျိုး ကိုးထောင်လောက်ကို သူက ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Photo: VINCENZO PINTO / AFP

မိခင်စွန့်ပစ်တဲ့ ကလေး ခွေးကလေး က ကယ်တင်

■ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မြေမြှုပ်ထားတဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးကို တူးဖော်ကယ်ဆယ်ပေးခဲ့တဲ့ ပင်ပေါင် (Ping Pong) ဆိုတဲ့ ခွေးကလေးတစ်ကောင်ဟာ ခွေးသူရဲကောင်းအဖြစ် နာမည်ကျော်ကြားနေပါတယ်။

နတ်ခွန် ရတ်ချာစီမာ (Nakhon Ratchasima ) ပြည်နယ်၊ ချမ်ပေါင် (Chumpuang) ခရိုင်ထဲက လယ်ကွင်းတစ်ခုနားမှာ အဲဒီကလေးလေးကို ၁၅ နှစ်အရွယ် မိခင်က မေလ ၁၅ ရက်နေ့က မွေးပြီးပြီးချင်းမှာပဲ မြေမြှုပ်ခဲ့တာပါ။ ခွေးကလေး ‘ပင်ပေါင်’ ဟာ ကလေးမြှုပ်ထားတဲ့ အနားတဝိုက်ကို တူးဆွသလို နွားကျောင်းနေတဲ့ သူ့သခင်ကို ဟောင်ပြီးတော့ အသိပေးခဲ့ပါတယ်။
သခင်ဖြစ်သူက သွားကြည့်ရာမှာ အသက်မသေသေးတဲ့ ကျန်းမာသန်စွမ်းသူ ယောက်ျားလေးကို တွေ့ရပြီး ကလေးဟာ မြေမြှုပ်ခံထားရတာ သိပ်ကြာပုံမရသေးဘူးလို့ ဆိုပါတယ်။

ကလေးမိခင်ဟာ သူ့မိဘတွေသိရင် စိတ်ဆိုးမှာ ကြောက်ရွံ့တာကြောင့် ကလေးကို သူ့ဘာသာသူမွေးခဲ့ပြီး မွေးပြီးပြီးချင်းမှာပဲ မြေမြှုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးငယ်ကို လူသတ်ဖို့ အားထုတ်မှု၊ ကလေးစွန့်ပစ်မှုတို့နဲ့ တရားစွဲဆိုထားပါတယ်။ ဒေသတွင်းမီဒီယာတွေကတော့ ခွေးကလေး ‘ပင်ပေါင်’ ရဲ့ဆောင်ရွက်ချက်ကို ချီးကျူးရေးသားနေကြပါတယ်။

Photo: Khaosod via Twitter


နေပြည်တော်၊ မေလ ၁၉
၂၀၁၉ခုနှစ်၊ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်နေ ဒေါ်ခင်သန်းမြင့် သည် နေအိမ်အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်ရှိနေစဉ် အိပ်ခန်း အတွင်းသို့ အမည်မသိအမျိုးသား(၁)ဦး ဝင်ရောက်လာကာ ဒေါ်ခင်သန်းမြင့် အား သိုင်းဖက်ကာ ပါးစပ်အားပိတ်၍ မအော်ရန်ပြောဆိုကြောင်း၊ ထို့နောက် ဒေါ်ခင်သန်းမြင့် အား အရှည်(၄)လက်မခန့်ရှိ ××××ချွန်ထက်သော အရာဝတ္ထုအားပြပြီး ခြိမ်းခြောက်၍ ၎င်းမှ ငွေလိုချင်တယ် ဟုပြောဆိုကာ ကုတင်ဘေးရှိ စားပွဲခုံအံဆွဲများအား ဆွဲဖွင့်ရှာဖွေခဲ့ကြောင်း၊ ငွေမတွေ့ရှိသည့်အတွက် ဒေါ်ခင်သန်းမြင့် အား ဘာရှိလဲဟု မေးမြန်းခဲ့ရာဒေါ်ခင်သန်းမြင့် မှ အသက်အန္တရာယ် တစ်စုံတရာပြုလုပ်မည်ကို စိုးရိမ်၍ ၎င်းဝတ်ဆင်ထားသည့် တန်ဘိုးငွေ(၁၇)သိန်းကျပ်တန် စိန်ခြယ်နားကပ်(၁)ရံအား ချွတ်ပေး ခဲ့ကြောင်း၊ ၎င်းနောက် အဆိုပါအမျိုးသားမှ ဧည့်ခန်းရှိ ကုလားထိုင်ပေါ်တွင် တင်ထားသော အမျိုးသမီးလက်ကိုင်အိတ် အတွင်းမှ ငွေကျပ်(၁၀)သိန်းအားယူသွားသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ အမှတ်(၁)နယ်မြေရဲစခန်း(ပ)၂၆၇/၂၀၁၉၊ ရာသတ်ကြီးပုဒ်မ၃၈၆ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။

ငွေကျပ်(၁၀)သိန်းနှင့် (၁၇)သိန်းတန်ဖိုးရှိ နားကပ်(၁)ရံတို့ကို နေအိမ်အတွင်းဝင်ရောက်၍ ခြောက်လှန့်ယူဆောင်သွားသူအားCCTV မှတ်တမ်းမှ တစ်ဆင့် ၂၄နာရီအတွင်းဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ မေလ ၁၉
၂၀၁၉ခုနှစ်၊ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်နေ ဒေါ်ခင်သန်းမြင့် သည် နေအိမ်အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်ရှိနေစဉ် အိပ်ခန်း အတွင်းသို့ အမည်မသိအမျိုးသား(၁)ဦး ဝင်ရောက်လာကာ ဒေါ်ခင်သန်းမြင့် အား သိုင်းဖက်ကာ ပါးစပ်အားပိတ်၍ မအော်ရန်ပြောဆိုကြောင်း၊ ထို့နောက် ဒေါ်ခင်သန်းမြင့် အား အရှည်(၄)လက်မခန့်ရှိ ××××ချွန်ထက်သော အရာဝတ္ထုအားပြပြီး ခြိမ်းခြောက်၍ ၎င်းမှ ငွေလိုချင်တယ် ဟုပြောဆိုကာ ကုတင်ဘေးရှိ စားပွဲခုံအံဆွဲများအား ဆွဲဖွင့်ရှာဖွေခဲ့ကြောင်း၊ ငွေမတွေ့ရှိသည့်အတွက် ဒေါ်ခင်သန်းမြင့် အား ဘာရှိလဲဟု မေးမြန်းခဲ့ရာဒေါ်ခင်သန်းမြင့် မှ အသက်အန္တရာယ် တစ်စုံတရာပြုလုပ်မည်ကို စိုးရိမ်၍ ၎င်းဝတ်ဆင်ထားသည့် တန်ဘိုးငွေ(၁၇)သိန်းကျပ်တန် စိန်ခြယ်နားကပ်(၁)ရံအား ချွတ်ပေး ခဲ့ကြောင်း၊ ၎င်းနောက် အဆိုပါအမျိုးသားမှ ဧည့်ခန်းရှိ ကုလားထိုင်ပေါ်တွင် တင်ထားသော အမျိုးသမီးလက်ကိုင်အိတ် အတွင်းမှ ငွေကျပ်(၁၀)သိန်းအားယူသွားသဖြင့် အရးယူပေးရန် တိုင်တန်းချက်အရ အမှတ်(၁)နယ်မြေရဲစခန်း(ပ)၂၆၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ၃၈၆ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။
ထို့နောက် ပြစ်မှုကျူးလွန်သူတရားခံအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကွပ်ကဲကြီးကြပ်မှုဖြင့် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာအခင်းဖြစ်နေအိမ်ဘေးရှိcctvမှတ်တမ်းများအရ ပြစ်မှုကျူးလွန် သူမှာ မျက်စောင်းထိုးရှိ ရွှေကျီးမုန့်ကြွပ်စက်ရုံမှ အလုပ်သမားဖြစ်သူ ဝင်းစိုး(ခ)တင်မောင်စိုး(၃၄)နှစ် ဖြစ်ကြောင်းသိရှိပြီး ည ၈ နာရီ ၃၀ မိနစ်အချိန် ၎င်းနေထိုင်ရာ အလုပ် သမားတန်းလျားအရှေ့၌ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် ဝင်းစိုး(ခ)တင်မောင်စိုး အား အမှုဖြင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Credit – ရဲဇာနည်

မန္တလေးမြို့ပေါ်တွင် ငှက်ကြီးတောင် ဓါးတချောင်းကိုလွယ်ကာ သွားလာနေသူအား ရဲတပ်ဖွဲ့က ၀ိုင်းဝန်းဖမ်းဆီး၍ ဥပဒေအရအရေးယူ

မန္တလေးမြို့ပေါ်တွင် ငှက်ကြီးတောင် ဓါးတချောင်းကို တရားမ၀င်လွယ်ကာ သွားလာနေသူအား ရဲတပ်ဖွဲ့က ၀ိုင်းဝန်း ဖမ်းဆီး စစ်ဆေးခဲ့ပြီး ဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

မေ ၁၈ ရက်နေ့ ည ၉နာရီအချိန်ခန့်တွင် အမှတ်၈မြို့မရဲစခန်း မှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထင်လင်းကျော် ဦးဆောင် သော သက်သေများ နှင့်အဖွဲ့သည် နယ်မြေအတွင်း မှုခင်းကျဆင်းရေးအတွက် အထူး စုံစမ်းဆောင်ရွက်နေစဉ် ၇၃×၃၀ လမ်းထောင့် တွင် အမျိုးသားတဦးမှာ ငှက်ကြီးတောင် ဓါးရှည်တချောင်းကို တရားမ၀င်လွယ်ဆောင်ကာ ဆိုင်ကယ်ဖြင့် သွားလာနေသည်ကို တွေ့ရှိခဲ့သဖြင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။

ယင်းသို့ ဖမ်းဆီးရမိသူကို စစ်ဆေးမေးမြန်းရာ ၄င်းမှာ ရန်နိုင်ဦး (၃၃နှစ်)၊ စိတ္တရမဟီရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ် နေသူဖြစ် ကြောင်းသိပြီး ၄င်းနှင့်အတူ လူ့အသက်ကို သေစေနိုင်သော အရိုးအသွား ၂ပေ ၄ လက်မ၊ အသွားထက်၊ဓါးဦးချွန်၊ကြေးရိုးတပ် ငှက်ကြီးတောင် ဓါးတချောင်း၊၆၆ဃ/—–နံပါတ်ပြား တပ်ဆင်ထားသော Kamax အမျိုးအစား(စိမ်းပုတ်ရောင်)ဆိုင်ကယ် တစီး၊ ဘောင်အမှတ် MMKWKCHLD1J0000050 ၊ စက်အမှတ်-KA1P52FMI1J000010(ဒစ်ဝိုင်းပါ) ပစ္စည်းများကို သက်သေခံ ပစ္စည်း များအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်အောင် အသက်အ န္တရာယ်ကို ဖြစ်စေနိုင်သော ငှက်ကြီးတောင် ဓါးတချောင်း ကို တရား မ၀င်လွယ်ဆောင်ကာ သွားလာနေသူ ရန်နိုင်ဦးကို ဥပဒေအရ အရေးယူပေးပါရန် ရဲအုပ်ထင်လင်းကျော်မှ တရားလိုပြု လုပ် ၍ တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။

စိုင်းထူးခန့်

IS တွေ ရခိုင်ကိုဝင်ရောက်ဖို့ မလေးရှားမှာ စခန်းချစီစဉ်

Malaysia မြေပုံ
Malaysia မြေပုံ

အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဟာ အခုအခါမှာ စစ်သွေးကြွတွေ ဖိလစ်ပိုင်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ထိုးဖေါက် ဝင်ရောက်ဖို့အတွက် မလေးရှားနိုင်ငံ Sabah ပြည်နယ်က Tawau နဲ့ Sandakan ဒေသတွေကို စုရပ်အဖြစ် ရွေးချယ်ထားတယ်လို့ မလေးရှား ရဲမင်းကြီးTan Sri Mohamad Fuzi Harun က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

အီရတ် နဲ့ ဆီးရီးယားတို့မှာ မဟာမိတ်တပ်ဖွဲ့တွေကို မရှုမလှ ရှုံးနိမ့်ခဲ့တဲ့ အိုင်အက်စ် တွေဟာ သူတို့ရဲ့ လှုပ်ရှားမှု ဗဟိုအဖြစ် အရှေ့တောင်အာရှ ဘက်ကို ပိုပြီး ဦးလှည့်လာတယ်လို့လည်း ဆိုပါတယ်။

သူတို့ထဲမှာ မလေးရှားနိုင်ငံသားတွေ သာမက အင်ဒိုနီးရှားနိုင်ငံသားတွေနဲ့ တခြား အရှေ့တောင် အာရှ နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အီရတ်နဲ့ ဆီးရီးယားမှာ အိုင်အက်စ်တို့ အရေးနိမ့်ပေမယ့် သူတို့ရဲ့ အကြမ်းဖက်မှု ဆုံးခန်းတိုင် သွားတာ မဟုတ်ပဲ သူတို့ လေ့ကျင့်ထားတဲ့ အကြမ်းဖက်သမားတွေဟာ ကမ္ဘာအနှံ့မှာ ရှိနေပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့လည်း ရဲမင်းကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဥရောပ ဘက်မှာတော့ အိုင်အက်စ် စစ်သွေးကြွတွေဟာ Bosnia လို ဘော်လကန်ဒေသတွင်း နိုင်ငံတွေကို ပစ်မှတ်ထား နေကြတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

လူတွေအထင်လွဲမှားနေတတ်တဲ့ အမျိုးသားတွေအကြောင်း အမှန်တရားတချို့


ပဟေဠိဆန်တဲ့ အမျိုးသမီးတွေကို နားလည်သဘောပေါက်ဖို့ အရမ်းခက်ခဲပေမယ့် အမျိုးသားတွေအကြောင်း သိနားလည်ဖို့တော့ သိပ်အားထုတ်စရာ မလိုပါဘူး။ ဒါပေမယ့် ခုချိန်ထိ အမျိုးသားတွေဟာ တချို့နေရာတွေမှာ အထင်လွဲခံနေရတုန်းလို့ ကျွန်တော်ထင်မြင်မိပါတယ်။ ဥပမာ အမျိုးသားတွေဟာ ရုပ်ရည်ရူပကာအလှအပနောက်ပဲ တကောက်ကောက်လိုက်ကြတယ်လို့ အမျိုးသမီးတွေ ထင်တတ်ကြပါတယ်။ ဒါ မှားပါတယ်။ အမျိုးသားတွေ ရိုးရိုးသာမန်အမျိုးသမီးတွေကို ပိုတန်ဖိုးထားတာပါ။

ခုနပြောသွားသလိုပဲ အမျိုးသားတွေ တလွဲထင်မြင်ယူဆခံရနေတဲ့ အချက်များစွာ ရှိပါသေးတယ်။ အဲ့ဒါတွေကတော့

၁။ အမျိုးသမီးတစ်ယောက် စိတ်ဝင်စားမှု ပြတဲ့အခါ အမျိုးသားတွေ အမြဲတမ်းတုံ့ပြန်မှုပြုကြပါတယ်။ အမျိုးသားတွေရဲ့ အချက်ပေးမှု လျစ်လျူရှူနိုင်ပေမယ့် အမျိုးသမီးဘက်မှ စိတ်ဝင်စားမှုပြလာတဲ့အခါမှာ သူမရဲ့ ချဉ်းကပ်မှုကို ဘယ်ယောက်ျားမှ လျစ်လျူရှူမှာ မဟုတ်ပါဘူး။

၂။ အမျိုးသားတွေ အမျိုးသမီး (၂)မျိုးကို စိတ်ဝင်စားကြတယ်။ ကြိုက်ကြို၊ မကြိုက်ကြိုက် အမျိုးသမီးအားလုံးကို နှစ်မျိုးနှစ်စား ခွဲခြားသတ်မှတ်ကြပါတယ်။ ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးနဲ့ ရိုးရိုးသာမန်အမျိုးသမီးဆိုပြီးတော့ပေါ့။

၃။ နောက်ဆုံးတော့ အမျိုးသားတွေ ဒုတိယအမျိုးအစားနဲ့ပဲ အသားကျသွားကြပါတယ်။ အမျိုးသားတွေဟာ စွဲမက်စရာကောင်းတဲ့ အမျိုးသမီးများနောက် ကောက်ကောက်ပါအောင် လိုက်ကြပေမယ့် နောက်ဆုံးတော့ ဂရုစိုက်၊ ချစ်ခင်ပြီး အိမ်မှုကိစ္စဆောင်ရွက်နိုင်တဲ့ အမျိုးသမီးတွေပဲ ရွေးချယ်သွားကြပါတယ်။

၎။ အမျိုးသားဘဝ ရုပ်ပိုင်းဆိုင်ရာသာယာမှုတွေ မက်မောကြပေမယ့် ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါ ဒါကို အဆုံးအဖြတ်ပေမယ့်အချက်အဖြစ် တော်ရုံမစဉ်းစားကြပါဘူး။

၅။ အမျိုးသားတွေ ကတိပေးပြီးတဲ့အရာကို တန်ဖိုးထားကြပါတယ်။ အချိန်တန်ရင် အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းသွားကြပါတယ်။ ဟုတ်ပါတယ်။ အမျိုးသားတွေမှာ သစ္စာရှိစေတဲ့ ဟော်မုန်းနဲ့ ဇီဝကမ္မအခြေအနေတချို့ရှိပါတယ်။

Ref: Boldsky

အမျိုးသမီးတွေ အမြဲတမ်း လိမ်ပြောလေ့တဲ့ အချက် (၄)ချက်

ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ်တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။ အတိတ်မဟုတ်တောင် မုသားဖြူဖြူ၊ ဘယ်သူ့အတွက်မှ ဒုက္ခမရောက်စေတဲ့ စကားမျိုးကတော့ လူတိုင်း ပြောကြတာပဲ မဟုတ်လား။ အမျိုးသမီးရော အမျိုးသမီးပါ တစ်ခါတစ်လေ မထင်မှတ်ပဲ လိမ်ပြောသလို ဖြစ်သွားတဲ့အရာတွေ အများကြီးပါ။ အဲ့ဒီအထဲကမှ အမျိုးသမီးတွေ လိမ်လေ့ရှိတဲ့ အရာလေးမျိုး အကြောင်း ဖော်ပြမှာဖြစ်ပါတယ်။

(၁)     သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက်

သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူမ ရည်းစား ဘယ်နှစ်ယောက်လောက်ပဲ ထားခဲ့ထားခဲ့ သင့်အနေနဲ့ သေချာတာကတော့ သူမဟာ အရေအတွက်ကို လိမ်ထားပါပြီ။ အိမ်ထောင်မကျခင် ကိုယ်ခန္ဓာနှီးနှောခဲ့ဖူးခြင်းဟာ အရှေ့တိုင်းသာတွေ အမြင်မှာတော့ တားမြစ်ချက်တစ်ခုပါ။ တခြား လူမှုအသိုင်းအ၀ိုင်း အဖွဲ့အစည်းတွေ ဘယ်လိုပဲ တိုးတက်နေပါစေ၊ ဒီတစ်ချက်ကတော့ အခုအချိန်ထိ တားမြစ်ထားဆဲပါ။ ဒါနဲ့ ပတ်သက်ပြီး သင့်ကို လိမ်ညာထားကောင်း ထားနိုင်ပါတယ်။

(၂)     သူမရဲ့ အလေးချိန်

အမျိုးသမီးတွေဟာ စွဲမက်ဖွယ်ကောင်းတဲ့ ဖွံ့ဖွံ့ထွားထွား ကိုယ်ခန္ဓာကိုယ်တွေ ရှိသင့်ပါတယ်။ ဒီ့ထက်ကျော်ပြီး ၀သွားရင်တော့ ကြည့်မကောင်းတော့ပါဘူး။ ဒါကြောင့် ၀နေတဲ့ အမျိုးသမီးတွေဟာ သူမတို့ရဲ့ အလေးချိန်ကို အနည်းဆုံး ငါးကီလိုလောက် လျှော့ပြီး ဖြေတတ်ကြပါတယ်။ တစ်ခါတစ်ရံ ၅၀ ကီလို ဆိုတာ သူမတို့ရှိသင့်တဲ့ အနေတော် အလေးချိန်လောက်လို့ ယူဆပြီး အမြဲတမ်း ၅၀ကီလိုလို့ ဖြေတတ်ကြပါတယ်။ ဒီအခါ သင် ဘယ်မိန်းကလေးကို မေးလိုက် မေးလိုက် ၅၀ ကီလိုလို့ ဖြေတာကို တွေ့ရမှာဖြစ်ပြီး “ ကမ္ဘာပေါ်က မိန်းမတွေ အကုန်လုံး ၅၀ ကီလို ၀န်းကျင်ပဲရှိနေပြီး ဘာကြောင့် ပုံမကျ ပန်းမကျတွေ ဖြစ်နေရတာလဲ”လို့ တောင် ညည်းမိပါလိမ့်မယ်။ သူမကတော့ မပိန်မချင်း မေးလိုက်တိုင်း ၅၀ ကီလိုဝန်းကျင်လောက်ပဲ လှည့်ပတ် ဖြေနေမှာပါ။

(၃)     သူမရဲ့ ရပ်တည်မှု

အမျိုးသမီးတွေ အမှီအခို ကင်းအောင် ရပ်တည်နိုင်တာ မှန်ပါတယ်။ ဒါပေမယ့် သူမ ဒေါသထွက်တဲ့ အခါတိုင်း သူမအတွက် အမျိုးသားတစ်ယောက် မလိုအပ်ဘူးလို့ အော်ပြောတတ်တာတွေလည်း ရှိပါတယ်။ ယောင်္ကျားတွေဟာ အသည်းနှလုံးမရှိတဲ့လူတွေ ဘာညာလည်း သူတို့မကြာခဏ ပြောတတ်ပါတယ်။ သင်မရှိပဲ သူနေနိုင်တယ်လို့လည်း သင့်ကို ပြောကောင်းပြောပါလိမ့်မယ်။  ဒါဟာ လိမ်ညာနေတာလို့ သူမနဲ့ ပြန်လည်ပြေလည်သွားတဲ့အခါ သင်သိရမှာပါ။

(၄)     သူမစိတ်ကူး မယဉ်တတ်ဘူးလို့ ဆိုခဲ့ရင်

အမျိုးသမီးတွေက သူမတို့ဟာ အချုပ်အနှောင်ကင်းတယ် ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် ၊ သန်စွမ်းတယ်၊ လုံခြုံစိတ်ချမှု ရှိတယ်ဆိုတာ အလွန်ပြချင်ကြပါတယ်။ ဒီလိုအရာတွေ ပြသလိုက်နိုင်တာကြောင့် သူမတို့ဟာ စိတ်ကူးယဉ် မဆန်တတ်တဲ့သူတွေတော့ မဟုတ်ပါဘူး။ တခြား အမျိုးသမီးတွေနဲ့ မတူပဲ ခပ်ထန်ထန် ၊ ခပ်မာမာ နေတတ်ကြပေမယ့် တကယ်တမ်းမှာတော့ သူမတို့တွေဟာ အမျိုးသမီးတွေထဲ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်တာကြောင့် သူမတို့မှာလည်း စိတ်ကူးယဉ်ဆန်တတ်တဲ့ စိတ်တွေ အပြည့်ရှိနေပါတယ်။

Ref:mensxp

ဆဲတတ်တဲ့လူတိုင်းဟာ အရိုင်းစိုင်းတွေလား

မုသားမပါ လင်္ကာမချောဆိုသလိုပဲ အဆဲမပါရင် စကားပြော မချောတော့သလိုလို။
ဆဲတဲ့စကားဆိုတာက ကောင်းတာတော့မဟုတ်ဘူး။ ဒါပေမယ့်လည်း အခုခေတ်လူငယ်အများစု
ဆဲတတ်လာကြပါတယ်။ အပေါင်းသင်းနဲ့လည်း ဆိုင်သလို မိဘမျိုးရိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။

မိဘက အဆဲမသန်ပေမယ့် အပေါင်းသင်းကြောင့် ဆဲတတ်သွားတဲ့ကလေးတွေလည်း အများကြီးပါ။
ဒီနေရာမှာ ဆဲတိုင်း ရိုင်းတာလား ဆိုတာကို သေချာခွဲခြားကြည့်မယ်။ ယောက်ျားလေးတွေက
ဂိမ်းဆော့တဲ့အချိန် ပိုဆဲကြမယ်ထင်တယ်။ မိန်းကလေးတွေကတော့ သူငယ်ချင်းတွေနဲ့ဆုံချိန်ဆို
အဆဲစကားလေးတွေ ပိုဓာတ်ကြတာပေါ့။

Image result for argue

သူငယ်ချင်းတွေနဲ့ တွေ့တုန်း စရင်းနောက်ရင်း ဆဲကြတာဟာ ဒါအပျော်သဘောသက်သက်ပါ။ ဆဲဖူးသူတိုင်း သူမှာပါ။ ရပ်ကွက်ထဲမှာလို တစ်အိမ်နဲ့တစ်အိမ် ရန်ဖြစ်ရင်း အာကြမ်းလျှာကြမ်းကြီးနဲ့ လှမ်းဆဲနေတာမျိုးတော့ မဟုတ်ဘူးပေါ့။ ဆဲတာမှာတောင် သူက အကန့်တွေရှိပါတယ်။ အထာလေးလည်း ကျဖို့လိုတယ်။

တခုခုကြုံမှ ဆဲတာမျိုးနဲ့ ပြောသမျှစကားလုံးတိုင်းမှာ အဆဲပါနေတာကြီးကလည်း နားဝင်ဆိုးစေတယ်။ မိန်းကလေးဆိုလည်း နှုတ်ကြမ်းလိုက်တာလို့ အခြားသူတွေ အမြင်မှာထင်သွားနိုင်ပါတယ်။ ဒီတော့ ဆဲတိုင်း ရိုင်းတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အခြေအနေ အချိန်ခါလေး ကြည့်ဆဲကြပေါ့။

Image result for argue

ဆဲတယ်ဆိုတဲ့နေရာမှာ တစ်ပါးသူကို နာကျင်လိုတဲ့စိတ်နဲ့ စနောက်လိုတဲ့ စိတ်တောင် ကွာပါသေးတယ်။ သတိလေး ထားနော်။ စကားကပြောပြီးရင် ပြန်ဖျက်လို့မရဘူး။ တစ်ဖက်သား ရင်မှာစိုက်ဝင်သွားတတ်ပါတယ်။

ကိုယ့်ကိုလာပြီး ဘိုလာကျ ၊ အထက်စီးဆန်နေပြီဆို တစ်ချို့ ဆို ဆဲတဲ့စကားလုံးတစ်လုံးတောင်မပါပဲ ပညာသားပါပါ နာအောင်သိပ်ပြောတတ်ကြတယ်။ ဒါမျိုးကျ ယဉ်ကျေးနေစရာမလိုဘူး။ ပြောသင့်ပြောရမယ်။ ဆဲချင်သေးလား ရသေးတယ်။ ဒါကြောင့် အခြေအနေကြည့်လို့။ ဆဲတဲ့လူတိုင်း ရိုင်းတာမဟုတ်သလို ၊ မဆဲတဲ့လူတိုင်းလည်း ယဉ်ကျေးနေတာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို အမြင်တစ်မျိုးတည်းနဲ့ ကြည့်ပြီး သိမ်းကျုံးမဆုံးဖြတ်လိုက်ပါနဲ့။ သူဟာ ကိုယ်ထင်ထားတာထက် အများကြီးကောင်းချင် ကောင်နေနိုင်ပါတယ်။ 

Latest News For You